သတင်း

မြန်မာနိုင်ငံ၏ ကုမ္ပဏီ အရေးကြီးအချက်အလက်များ သိရှိနိုင်ခွင့် စစ်ကောင်စီပိတ်ပင်ပြီ 

မြန်မာနိုင်ငံရှိ ကုမ္ပဏီလုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်မှတ်တမ်း အချက်အလက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏အင်တာနက်စာမျက်နှာတွင် ယခင်က အခကြေးငွေပေး၍ ဝယ်ယူဖတ်ရှုနိုင်ခဲ့သော်လည်း စက်တင်ဘာ ၂၆ ရက်မှစ၍  အာဏာသိမ်း စစ်ကောင်စီက ပိတ်ပင်လိုက်သည်။ 

ရန်ကုန်မြို့ ရန်ကင်းမြို့နယ် သစ္စာလမ်းရှိ DICA ရုံးခွဲကို ယနေ့ (စက်တင်ဘာ ၂၈) က Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အထက်ညွှန်ကြားချက်အရ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောဆိုသည်။ 

ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းကြောင့် ငွေကြေးပေးပြီး ဖတ်ရှုခွင့်ရသော ကုမ္ပဏီမှတ်တမ်း အသေးစိတ် အချက်အလက်များကို DICA ၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် မည်သူကမျှဖတ်ရှုခွင့်ရတော့မည် မဟုတ်ပေ။ 

ကုမ္ပဏီမှတ်တမ်းတစ်စောင်အား ငွေကျပ်တစ်သောင်းပေးပြီး အင်တာနက်ကဝယ်ယူပါက ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံထားသူ ရှယ်ယာရှင်များ၊ ရှယ်ယာရှင်များ၏ ရှယ်ယာပိုင်ဆိုင်မှုပမာဏများနှင့် ကုမ္ပဏီကို အဓိကထိန်းချုပ်ထားသူများ၏ မွေးသက္ကရာဇ်များနှင့် ၎င်းတို့၏ နိုင်ငံသားမှတ်ပုံတင် နံပါတ်အပြည့် အစုံ သို့မဟုတ် နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးစာအုပ်အမှတ် အပြည့်အစုံတို့ကို သိရှိနိုင်ခဲ့သည်။ 

ထို့ပြင် ငွေကျပ်နှစ်သောင်းပေးပြီး ဝယ်ယူရသော ကုမ္ပဏီတစ်ခု၏ သမိုင်းကြောင်းမှတ်တမ်းတွင် ကုမ္ပဏီစတင်ချိန်က ပါဝင်ခဲ့သော ပိုင်ရှင်များ၊ ဒါရိုက်တာဟောင်းများ၏ ကိုယ်ရေးရာဇဝင်အချက် အလက်တစ်ချို့နှင့် ကုမ္ပဏီတွင် ပိုင်ဆိုင်ခဲ့သော ရှယ်ယာပမာဏများကိုပါ သတင်းမီဒီယာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း သိရှိခွင့်ရရှိခဲ့သည်။

ယခင်ကတည်းက အခမဲ့ဖတ်ရှုခွင့်ရသော ကုမ္ပဏီလိပ်စာ၊ ဒါရိုက်တာအမည်နှင့် မှတ်ပုံတင်ရက်စွဲ စသည့် အချက်အလက်များကိုမူ DICA ၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ကြည့်ရှုနိုင်သေးသည်။ 

သို့သော် ကုမ္ပဏီများ၏ အခြားအသေးစိတ် အချက်အလက်များကိုမူ စီးပွားရေးလောကသား အချင်းချင်းသော်လည်းကောင်း၊ သတင်းမီဒီယာများကသော်လည်းကောင်း ယခုပိတ်ပင်မှုကြောင့် သိရှိနိုင်တော့မည် မဟုတ်တော့ပေ။ 

မြန်မာနိုင်ငံတွင် ကုမ္ပဏီတစ်ခုပိုင်ဆိုင်ထားသူသည် ၎င်းကုမ္ပဏီ၏ အသေးစိတ်အချက်အလက်များကိုသာ ဝင်ရောက်ကြည့်ရှုနိုင်တော့မည်သာဖြစ်ကြောင်း DICA တာဝန်ရှိသူက ဆိုသည်။ 

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ၂၀၁၇ ခုနှစ်တွင် အီလက်ထရောနစ်ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCo) ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ မှတ်ပုံတင်ထားသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် သက်ဆိုင်သော အချက်အလက်များကို မည်သူမဆို ၂၄ နာရီ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အသေးစိတ်အချက်အ လက်များကို အခကြေးငွေဖြင့် ဝယ်ယူကြည့်ရှုနိုင်ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများအတွက်  စစ်ဗိုလ်ချုပ်များအပါအဝင် ပတ်သက်ဆက်နွှယ်သူများနှင့် ၎င်းတို့ပိုင်ကုမ္ပဏီများအကြောင်း ရေးသားဖော်ပြမှုများရှိလာပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

စစ်အုပ်စုက DICA မှတ်တမ်းများ ထိန်းချုပ်လိုက်ခြင်းမှာ ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့် ပလဲနံပါ့သင့်သူ စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးကို ထိန်းချုပ်ရန်ဖြစ်ကြောင်း စစ်တပ်၏ အကျိုးစီးပွား များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က မှတ်ချက်ပြုသည်။

“လျှို့လျှို့ဝှက်ဝှက် စီးပွားရေးလုပ်လို့ရအောင်ပေါ့။ ငွေကြေးခဝါချတာ အပါအဝင် သူတို့ရဲ့ ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို မထိခိုက်စေလို့လည်း ဖြစ်မယ်” ဟု ထိုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဖြစ်သူမှာလည်း အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် အဖြစ်သာမက စစ်တပ်တွင် ထိပ်တန်းရာထူး ရရှိထားသူ ဒုတိယဗိုလ်ချုပ်မိုးမြင့်ထွန်းဖြစ်သည်။​ ၎င်းသည် မိသားစုပိုင်ကုမ္ပဏီများ ထူထောင်ကာ ဌာနဆိုင်ရာ တင်ဒါအများအပြား လုပ်ပိုင်ခွင့်ရကြောင်း Myanmar Now က မကြာသေးမီတွင် သတင်းဆောင်းပါး ရေးသားဖော်ပြပြီးဖြစ်သည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖွံ့ဖိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက် နေသူတစ်ဦးဖြစ်သည့် ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဗိုးမန်းနှင့် ခင်ပွန်းဖြစ်သူကိုလည်း အာဏာသိမ်း စစ်တပ်က ယခုလဆန်းပိုင်းတွင် ဖမ်းဆီးထောင်ချခဲ့သည်

နိုင်ငံရေးနှင့် စီးပွားရေး အသိုင်းအဝိုင်းနှစ်ခုလုံးတွင် လူသိများထင်ရှားသူ ဗြိတိန်သံအမတ်ကြီးဟောင်း မှာ ၂၀၁၄ ခုနှစ်တွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business – MCRB) ကို ဦးဆောင်တည်ထောင်ကာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အကြောင်း မြှင့်တင်ဆောင်ရွက်ပေးနေသူဖြစ်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button