သတင်း

ဗြိတိန်သံအမတ်ဟောင်းနှင့် ပန်းချီထိန်လင်းကို လဝကပုဒ်မဖြင့် ထောင်တစ်နှစ်စီချ 

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းတို့ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့တွင် အင်းစိန်ထောင်တွင်း တရားရုံး၌ လဝကအက်ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်သည်။

ယမန်နေ့က အင်းစိန်ထောင်တွင်း တရားရုံးတွင် အကျဥ်းရုံး ကြားနားမှုပြုလုပ်ခဲ့ပြီးနောက် ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကို ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်သော လဝကအက်ဥ ပဒေပါ  ပုဒ်မ ၁၃ (၁)၊ ၁၃ (၅) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းပြည်ပတွင် လူသိများထင်ရှားသူ ဇနီးမောင်နှံဖြစ်သည့် ဗစ်ကီနှင့် ကိုထိန်လင်းကို စစ်ကောင်စီက ဩဂုတ်လ ၂၄ ရက် ညပိုင်းတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ နောက်တစ်ရက်၌ပင် တရားရုံးထုတ်၍ လူဝင်မှုကြီးကြပ်ရေး ဥပဒေပါ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်။

ဗစ်ကီဘိုးမန်းသည် စမ်းချောင်းမြို.နယ် ပန်းလှိုင်လမ်း ခေါ်  ဟုမ်းလမ်းရှိ ငှားရမ်းထားသည့် တိုက်ခန်း တွင် နေထိုင်သည်ဟု အာဏာပိုင်များကို ဗီဇာသက်တမ်းတိုးလျှောက်ထားရာတွင် ဖော်ပြထားသော် လည်း ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ရှိ ၎င်းတို့ပိုင်မိသားစုနေအိမ်သို့ လအတန်ကြာသွား ရောက်နေထိုင် သောကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ကိုထိန်လင်းကိုလည်း ၎င်းနှင့်အတူ ဇနီးသည်က ပြောင်းရွှေ့နေထိုင်သည်ကို အာဏာပိုင်များအား အကြောင်းမကြားသောကြောင့်ဟုဆိုကာ အားပေးကူညီမှုဖြင့် ဖမ်းဆီးတရားစွဲခဲ့ခြင်းဖြစ်သည်။

ဗစ်ကီဘိုးမန်းသည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငြိမ်း စားယူပြီးနောက် ခင်ပွန်းဖြစ်သူ ကိုထိန်လင်းနှင့်အတူ မြန်မာနိုင်ငံတွင် အခြေချနေထိုင်ခြင်းဖြစ်သည်။

ဗြိတိန်သံအမတ်ကြီးဟောင်းမှာ နိုင်ငံရေးအသိုင်းအဝိုင်း၌သာမက စီးပွားရေးလောကတွင်ပါ အသိအကျွမ်း ပေါများသူဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့၌ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (Myanmar Centre for Responsible Business – MCRB) ကို ဦးဆောင်တည်ထောင်ကာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဆောင်ရွက်ပေးနေသူ ဖြစ်သည်။

ပန်းချီဆရာ ကိုထိန်လင်းသည် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ပါဝင်ကာ အိန္ဒိယနယ်စပ်တွင် လှုပ်ရှားခဲ့သည်။ နောင်တွင် ABSDF တပ်တွင်း ကျောင်းသားများ အချင်းချင်းနှိပ်စက်သတ်ဖြတ်မှုတွင် မတရားရက်စက်စွာ ဖမ်းဆီးညှဉ်းဆဲခံရစဉ် ထွက်ပြေး လွတ်မြောက်ခဲ့သူဖြစ်သည်။

ရန်ကုန်သို့ ပြန်ရောက်ပြီး ဥပဒေဘာသာရပ်ဖြင့် တက္ကသိုလ်ပြန်လည်တက်ရောက်ခဲ့ကာ ရုပ်ရှင်သရုပ်ဆောင် နှင့် ပန်းချီလုပ်ငန်းကို ဦးတည်လုပ်ကိုင်ခဲ့သည်။ ပန်းချီဆရာ ထိန်လင်းကို ၁၉၉၉ တွင် စစ်တပ်က နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးကာ ထောင် ၇ နှစ်ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ နေထိုင်ခဲ့သူ ဗြိတိန်သံအမတ်ကြီးဟောင်းနှင့် ခင်ပွန်းဖြစ်သူကို ဖမ်းဆီးအရေးယူပြီးနောက် လဝကအက်ဖြင့် အမှုဖွင့်သည်ကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက အကြောင်းရှာအရေးယူခြင်းဖြစ်သည်ဟူသော ယူဆချက်များလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ဗြိတိသျှ သံအမတ်ကြီးဟောင်းကို ဖမ်းဆီးအရေးယူခဲ့ခြင်းမှာ ဗြိတိန်နိုင်ငံအပေါ်သံတမန်ရေးအရ အကြပ်ကိုင်ရန် ဖြစ်နိုင်သည်ဟူသော သုံးသပ်မှုများ လည်းရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်အစိုးရနှင့် စစ်ကောင်စီအကြား သံတမန်ရေးရာ အငြင်းပွားမှု အကြီးအ ကျယ် ဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် လူသိရှင်ကြားတောင်းဆိုသည့် လန်ဒန်မြို့ရှိ မြန်မာသံအမတ်ကို အရေးယူပေးရန် တောင်းဆိုရာတွင် ဗြိတိန်အစိုးရက လိုလိုလားလား ဆောင်ရွက် မပေးသည့်အပေါ် စစ်ကောင်စီဘက်က မကျေမနပ်ဖြစ်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးခန့်အပ်ရေးနှင့် ပတ်သက်၍ လူသိရှင်ကြား အငြင်း ပွားမှု ဖြစ်ပေါ်ခဲ့သည်။ ဗြိတိသျှအစိုးရက သံရုံးယာယီတာဝန်ခံအဖြစ် Pete Vowles ကို စေလွှတ်ရာတွင် စစ်ကောင်စီက မခံမရပ်နိုင်ဖြစ်ကာ လအတန်ကြာ ပြည်ဝင်ခွင့်မပေးခဲ့ပေ။ အာဏာသိမ်းစစ်ကောင်စီထံ သံတမန်ခန့်လွှာ ပေးအပ်လိုခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သူ Pete Vowles ကို စစ်ကောင်စီက နိုင်ငံတွင်းမှ မောင်းထုတ်ခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား ဦးအောင်ပြည်စုံပိုင်ဆိုင်သည့် Sky One ဆောက်လုပ်ရေးကုမ္ပဏီနှင့် အခြား စစ်တပ်အဆက်အနွှယ် ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်အရေးယူကြောင်း ဗြိတိန်အစိုးရက ကြေညာသည့်နေ့မှာပင် ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်းဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသည့်အမှုကို ဗြိတိန်နိုင်ငံအနေဖြင့် ထပ်လောင်းအတည်ပြုခြင်းဖြစ်သည်ဟု ဗြိတိန်အစိုးရ၏ ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button