သတင်း

စစ်ကောင်စီက ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်းကို လဝကအက်ဥပဒေဖြင့် တရားစွဲ

မြန်မာနိုင်ငံတွင် ကာလကြာရှည် နေထိုင်လျက်ရှိသည့် ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းဖြစ်သည့် နာမည်ကျော် ပန်းချီဆရာထိန်လင်းကို ဖမ်းဆီးပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ်ငါးနှစ်အထိချမှတ်နိုင်သော လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မများဖြင့် တရားစွဲဆိုလိုက်သည်။

ပြည်တွင်းပြည်ပတွင် လူသိများထင်ရှားသူ ဇနီးမောင်နှံဖြစ်သည့် ဗစ်ကီနှင့် ကိုထိန်လင်းကို စစ်ကောင်စီက ယမန်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်အိမ်ရာရှိ နေအိမ်လို့ လာရောက်ဖမ်းဆီးကာ အင်းစိန်ထောင် တန်းပို့ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ 

ယနေ့ (ဩဂုတ် ၂၅) နံနက်ပိုင်းတွင် စမ်းချောင်းမြို့နယ်တရားရုံးသို့ ရုံးထုတ်ကာ ဗစ်ကီဗိုးမန်းကို လဝကအက်ဥပဒေပါ ဗီဇာစည်းကမ်းဖောက်ဖျက်မှု ပုဒ်မ ၁၃ (၁) ဖြင့်လည်းကောင်း၊ ကိုထိန်လင်းကို အားပေးကူညီမှု ၁၃ (၅) ဖြင့်လည်းကောင်း အမှုဖွင့် တရားစွဲဆိုခဲ့သည်။ ပုဒ်မနှစ်ခုလုံးသည် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင် သောပုဒ်မများဖြစ်သည်။

အင်းစိန်ထောင်မှ စမ်းချောင်းမြို့နယ် တရားရုံးသို့ ရုံးထုတ်ရာတွင် ကိုထိန်လင်းကို အိမ်စီးကား နောက်ခန်းတွင်ထည့်ကာ သံကြိုးဖြင့် ချည်နှောင်ထားသည်ကို တွေ့ရသည်။

ကိုထိန်လင်းနှင့် ဇနီးမောင်နှံသည် ကိုဗစ်ကပ်ရောဂါစတင်သည့် ၂၀၂၀ နှစ်ဆန်းပိုင်းမှစ၍ စစ်တပ်က အာဏာသိမ်းပြီး နောက်တစ်နှစ်ကျော်အထိ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ကာလကြာရှည် နေထိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီကမူ ဗစ်ကီဘိုးမန်းသည် ရန်ကုန် စမ်းချောင်းမြို.နယ် ပန်းလှိုင်လမ်း ခေါ် ဟုမ်းလမ်းရှိ ငှားရမ်းထားသည့်တိုက်ခန်းတွင် နေထိုင်သည်ဟု အာဏာပိုင်များအား ဗီဇာသက်တမ်းတိုးလျှောက်ထားရာတွင် ဖော်ပြထားသော်လည်း ကလောမြို.ရှိ ၎င်းတို့ပိုင်မိသားစုနေအိမ်သို့ ယခုနှစ်တွင် လအတန်ကြာ သွားရောက်နေထိုင်သောကြောင့် ၎င်းနှင့် ခင်ပွန်းဖြစ်သူကို ဖမ်းဆီးရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

လဝကအက်ဥပဒေ ဖြင့် အမှုဖွင့်သည်ကို ကြည့်ခြင်းအားဖြင့် အကြောင်းရှာအရေးယူခြင်း ဖြစ်နိုင်သည်။

ပန်းချီဆရာ ကိုထိန်လင်းသည် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ပါဝင်ကာ အိန္ဒိယနယ်စပ်တွင် လှုပ်ရှားခဲ့သည်။ နောင်တွင် ABSDF တပ်တွင်း ကျောင်းသားများ အချင်းချင်းနှိပ်စက်သတ်ဖြတ်မှုတွင် မတရားရက်စက်စွာ ဖမ်းဆီးညှဉ်းဆဲခံရစဉ် ထွက်ပြေး လွတ်မြောက်ခဲ့သူဖြစ်သည်။

ရန်ကုန်သို့ ပြန်ရောက်ပြီး ဥပဒေဘာသာရပ်ဖြင့် တက္ကသိုလ်ပြန်လည်တက်ရောက်ခဲ့ကာ ရုပ်ရှင်သရုပ်ဆောင်နှင့် ပန်းချီလုပ်ငန်းကို ဦးတည်လုပ်ကိုင်ခဲ့သည်။ ပန်းချီဆရာ ထိန်လင်းကို ၁၉၉၉ တွင် စစ်တပ်က နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးကာ ထောင် ၇ နှစ်ချမှတ်ခဲ့ဖူးသည်။

၂၀၀၅ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့ပြီးနောက် ရန်ကုန်တွင် ဗြိတိန်သံအမတ်ကြီးဖြစ် တာဝန်ထမ်းဆောင်နေသော ဗစ်ကီဘိုးမန်းနှင့် အိမ်ထောင်ကျခဲ့ခြင်းဖြစ်သည်။

ဗစ်ကီဘိုးမန်းသည်လည်း လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငြိမ်း စားယူပြီးနောက် ကိုထိန်လင်းနှင့်အတူ မြန်မာနိုင်ငံတွင် အခြေချနေထိုင်ခြင်းဖြစ်သည်။

ဗြိတိသျှ သံအမတ်ကြီးဟောင်း နိုင်ငံရေးအသိုင်းအဝိုင်း၌သာမက စီးပွားရေးလောကတွင်ပါ အသိအကျွမ်း ပေါများသူဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့၌ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business – MCRB) ကို ဦးဆောင်တည်ထောင်ကာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှု ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဆောင်ရွက်ပေးနေသူ ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ဗြိတိသျှ သံအမတ်ကြီးဟောင်းနှင့် ခင်ပွန်းဖြစ်သူကို ဖမ်းဆီးအရေးယူခဲ့ခြင်းမှာ ဗြိတိန်နိုင်ငံအပေါ်သံတမန်ရေးအရ အကြပ်ကိုင်ရန် ဗစ်ကီကိုပြန်ပေးဆွဲမှုဖြစ်နိုင်သည်ဟူသော သုံးသပ်မှုများလည်းရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်အစိုးရနှင့် စစ်ကောင်စီအကြား သံတမန်ရေးရာ အငြင်းပွားမှု အကြီးအကျယ်ဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် လူသိရှင်ကြားတောင်းဆိုသည့် လန်ဒန်မြို့ရှိ မြန်မာသံအမတ်ကို အရေးယူပေးရန် တောင်းဆိုရာတွင် ဗြိတိန်အစိုးရက လိုလိုလားလား ဆောင်ရွက်မပေးသည့်အပေါ် စစ်ကောင်စီဘက်က မကျေမနပ်ဖြစ်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးခန့်အပ်ရေးနှင့် ပတ်သက်၍ လူသိရှင်ကြား အငြင်း ပွားမှု ဖြစ်ပေါ်ခဲ့သည်။ ဗြိတိသျှအစိုးရက သံရုံးယာယီတာဝန်ခံအဖြစ် Pete Vowles ကို စေလွှတ်ရာတွင် စစ်ကောင်စီက မခံမရပ်နိုင်ဖြစ်ကာ လအတန်ကြာ ပြည်ဝင်ခွင့်မပေးခဲ့ပေ။ အာဏာသိမ်းစစ်ကောင်စီထံ သံတမန်ခန့်လွှာ ပေးအပ်လိုခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သူ Pete Vowles ကို စစ်ကောင်စီက နိုင်ငံတွင်းမှ မောင်းထုတ်ခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား ဦးအောင်ပြည်စုံပိုင်ဆိုင်သည့် Sky One ဆောက်လုပ်ရေးကုမ္ပဏီနှင့် အခြား စစ်တပ်အဆက်အနွှယ် ကုမ္ပဏီနှစ်ခုကို ဒဏ်ခတ်အရေးယူကြောင်း ဗြိတိန်အစိုးရကလည်း ယနေ့ပင် ထုတ်ပြန်ကြေညာထားသည်။ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသည့်အမှုကို ဗြိတိန်နိုင်ငံအနေဖြင့် ထပ်လောင်း အတည်ပြုခြင်းဖြစ်သည်ဟုလည်း ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button