
မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ဓာတ်ငွေ့ပို့ဆောင်ရေးပိုက်လိုင်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံထားသည့် ပြည်ပကုမ္ပဏီများ အကျိုးအမြတ်ကြီးစွာ ရရှိနေသည်။
Myanmar Now က ရရှိထားသည့် ကော်ပိုရိတ်မှတ်တမ်းများအရ ထိုင်းနှင့် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ပေးနေသည့် ပိုက်လိုင်းများတွင် ရင်းနှီးမြှုပ်နှံထားသူများအနေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ သုံးနှစ်စာအမြတ်ဝေစု အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁ ဘီလျံ ရရှိခဲ့သည်။
သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားသည့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှာမူ ဒေါ်လာ ၁၆၈ သန်းသာ ရရှိခဲ့သည်။
ပိုက်လိုင်းကုမ္ပဏီများသည် သဘာဝဓာတ်ငွေ့တင်ပို့မှုအတွက် MOGE အပါအဝင် သက်ဆိုင်ရာ ရေနံကုမ္ပဏီများမှတစ်ဆင့် အကျိုးအမြတ်ရရှိခြင်းဖြစ်သည်။
အကျိုးအမြတ်ကြီးကြီးမားမား ရရှိနေကြခြင်းမှာ ပိုက်လိုင်းတွင် ရင်းနှီးမြှုပ်နှံထားသူများက တင်ပို့ခ မြှင့်တင်ထားသောကြောင့်ဖြစ်ပြီး ထိုသို့ သဘာဝဓာတ်ငွေ့ပို့ဆောင်ခဈေးနှုန်းများလေ မြန်မာနိုင်ငံအတွက် အကျိုးအမြတ်နည်းလေပင်ဖြစ်သည်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို စစ်အုပ်ချုပ်ရေးအောက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အချို့ပိုက်လိုင်းများမှ ၁၉၉၇ ခုနှစ်မှစ၍ ၁၇ နှစ်ခန့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ထိုသို့သော အခြေခံအဆောက်အအုံများတည်ဆောက်ရန် ငွေကြေးအနည်းငယ်သာ တတ်နိုင်သော အချိန်အခါဖြစ်ရာ နိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်ကာ ရင်းနှီးမြှုပ်နှံစေခဲ့ရပြီး အပြန်အလှန်အားဖြင့် အကျိုးအမြတ်များများရနိုင်သော ရှယ်ယာဝေစုများများ ပေးခဲ့ရသည်။
ယခုအခါ ထိုပြည်ပကုမ္ပဏီကြီးများအနေဖြင့် ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏနှင့် ညီမျှအောင် ငွေကြေးအမြောက်အမြား သဲ့ယူလျက်ရှိကြသည်ကို ပေါက်ကြားလာသော စာရွက်စာတမ်းများအရ သိရှိရသည်။
ထိုအကျိုးအမြတ်ပမာဏကို ကြည့်ခြင်းအားဖြင့် ထိုပြည်ပကုမ္ပဏီကြီးများသည် တိုင်းပြည်ကို အုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်များအတွက် လုပ်ကိုင်ပေးနေသည်လား၊ မြန်မာပြည်သူလူထု၏ အကျိုးစီးပွားအတွက် လုပ်ကိုင်ပေးနေသည်လား ဆိုသည်မှာ မေးစရာဖြစ်လာသည်။
ပိုက်လိုင်းကုမ္ပဏီများ ရရှိသည့် အကျိုးအမြတ်ဝေစုသည် တရုတ်၊ ထိုင်းနှင့် မလေးရှား အစိုးရများက အပြည့်အဝထိန်းချုပ်ထားသည့် ရေနံကုမ္ပဏီကြီးများလက်ဝယ်တွင် အဆုံးသတ်သည်သာဖြစ်သည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့သည်လည်း မြန်မာနိုင်ငံရှိ ပိုက်လိုင်းစီမံကိန်းများတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်သော်လည်းကောင်း ပမာဏအနည်းငယ်စီ ရင်းနှီးမြှုပ်နှံထားကြသည်။
မြန်မာ့စီးပွားရေးကို ထိခိုက်စေသော အကျိုးအမြတ်ခွဲဝေမှုပုံစံအားဖြင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို လည်ပတ်လုပ်ကိုင်လျက်ရှိသည်။
အောက်ပါအချက်အလက်များမှာ ပိုက်လိုင်းပိုင်ရှင်ကုမ္ပဏီသုံးခုနှင့် အကျိုးအမြတ်အသေးစိတ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ သုံးနှစ်စာကိန်းဂဏန်းများဖြစ်ပြီး SEAGP ကုမ္ပဏီအတွက်မူ ၂၀၁၉ ခုနှစ် မတ်လအထိ ဖြစ်သည်။

ပေါက်ကြားလာသော စာရင်းအင်းများအရ ရဲတံခွန်စီမံကိန်းမှနေ၍ ထိုင်းနိုင်ငံသို့ သဘာဓာတ်ငွေ့တင်ပို့နေသော တနင်္သာရီပိုက်လိုင်းကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၂၀၁၇ မှ ၂၀၁၉ အထိ ရရှိထားသည့် အခွန်မဆောင်မီ အမြတ်ဝေစုပမာဏမှာ ၇၆ ရာခိုင်နှုန်းအထိ ရှိသည်။
MOGE အနေဖြင့် ထိုပိုက်လိုင်းစီမံကိန်းတွင် ၂၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပြီး ကျန်ပမာဏအားလုံးကို မလေးရှားနိုင်ငံပိုင် Petronas ရေနံကုမ္ပဏီကြီး၊ ဂျပန်နိုင်ငံမှ Nippon ရေနံရှာဖွေရေးကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ PTTEP တို့က ပိုင်ဆိုင်ထားသည်။
ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သော Distributed Denial of Secrets က ရရှိထားသည့် မှတ်တမ်းများအရ ဤအကျိုးအမြတ်ဆိုင်ရာ ကိန်းဂဏန်းများကို သိရှိရခြင်းဖြစ်သည်။
ပြင်သစ်ရေနံကုမ္ပဏီကြီး Total လုပ်ကိုင်လျက်ရှိသည့် ရတနာစီမံကိန်းမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့သော ပိုက်လိုင်းမှနေ၍ ၂၀၁၉ ခုနှစ်အထိ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃ ဘီလျံ ရရှိခဲ့ပြီးပိုက်လိုင်းလည်ပတ်မှုကုန်ကျစရိတ်မှာ ဒေါ်လာ ၂၂ ဒသမ ၃ သန်းသာရှိကြောင်း ဗြိတိန်အခြေစိုက် စာနယ်ဇင်းအဖွဲ့အစည်းတစ်ခုဖြစ်သော Finance Uncovered နှင့် ပူးတွဲ၍ လုပ်ကိုင်ပြီးနောက် Justice For Myanmar အဖွဲ့က ယခုနှစ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့မှနေ၍ ဝင်ငွေအနည်းငယ်သာ ရရှိနေသည်ကို အထက်ပါ သဘာဝဓာတ်ငွေ့တင်ပို့သည့် လုပ်ငန်းမှရရှိသည့် ကြီးစွာသော အကျိုးအမြတ်ပမာဏများက ညွှန်ပြလျက်ရှိသည်။
(ဤသတင်းကို Myanmar Now နှင့် ဗြိတိန်အခြေစိုက် Finance Uncovered အဖွဲ့တို့ ပူးပေါင်းရေးသားသည်။)