စီးပွားရေး

သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု လျော့ကျလာသဖြင့် စစ်ကောင်စီအကျပ်ရိုက်မည်

ခိုအောင်းသဘာဝဓာတ်ငွေ့ပမာဏ လျော့နည်းလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်မရှိတော့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းလာပြီဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြသည်။

လတ်တလောထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်အစီရင်ခံစာနှင့် ကျွမ်းကျင်သူများအဆိုအရ မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း အားလုံးနီးပါး ထုတ်လုပ်မှုလျော့ကျလာပြီဖြစ်ရာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၌ လိုအပ်ချက်ပိုကြီးလာကာ စစ်ကောင်စီကို အကျပ်ရိုက်စေဦးမည်ဖြစ်သည်။

ခိုအောင်းသဘာဝဓာတ်ငွေ့ပမာဏ လျော့နည်းလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အသစ်မရှိတော့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ဓာတ်ငွေ့ထုတ်လုပ်မှုမှာ အကျဘက်ရောက်နေပြီဖြစ်ကြောင်း ယခုလအတွင်း ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြသည်။

မုတ္တမကမ်းလွန်ရှိ ရဲတံခွန်၊ ရတနာနှင့် ဇောတိကစီမံကိန်းများမှာ မြေအောက်ရှိ ခိုအောင်းသဘာဝဓာတ်ငွေ့ပမာဏ ကုန်ခန်းလုနီးဖြစ်နေပြီး ယခုနှစ် ဧပြီလကတည်းက ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့ရောင်းချမှု နှစ်ခုလုံးကျဆင်းလာသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးကမ်းလွန် ရေနံနှင့်သဘာဓာတ်ငွေ့စီမံကိန်း ရတနာနှင့် ရဲတံခွန်စီမံကိန်းတို့မှာ နှစ်ပေါင်း ၂၅ နှစ်ကျော် သက်တမ်းရှိပြီဖြစ်ကာ သက်တမ်းကုန်ချိန် နီးကပ်လာပြီဖြစ်သည်။ ဇောတိက အပါအဝင် အဆိုပါ စီမံကိန်းသုံးခုလုံးမှာ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့နေသည့် ရခိုင်ကမ်းလွန်ရှိ ရွှေဓာတ်ငွေ့စီမံကိန်းသည်လည်း ၂၀၂၆ မှစ ၍ ထုတ်လုပ်မှုကျဆင်းလာမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူထားရာ ငွေရေးကြေးရေးအရသာမက ကမ်းလွန်ရေနံစီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ခြေ နည်းသွားစေမည်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၅ နှစ်ကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာသည့် ပြင်သစ်ရေနံကုမ္ပဏီ Total နှင့် ရခိုင်ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး လုပ်ကိုင်နေသည့် ဩစတြေးလျမှ Woodside ကုမ္ပဏီတို့ အပါအဝင် နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာသွားသည်။

လက်ရှိတွင် မုတ္တမကမ်းလွန်ရှိ ရဲတံခွန်၊ ရတနာနှင့် ဇောတိကစီမံကိန်းများကို ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက လုပ်ကိုင်နေပြီး ရခိုင်ကမ်းလွန်မှ ရွှေစီမံကိန်းကို တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီက ဦးဆောင်လုပ်ကိုင်နေသည်။​

ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများမှာ ခိုအောင်းသဘာဝဓာတ်ငွေ့ပမာဏတွေ့ရှိသည်မှ စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သည်အထိ အနည်းဆုံး ၇ နှစ်မှ ၁၀ နှစ်အထိ အချိန်ယူရလေ့ရှိသည်။ ရင်းနှီးမြှုပ်နှံမှု အသစ်မရှိတော့သဖြင့် လက်ရှိစီမံကိန်းများမှ တိုးမြှင့်နိုင်ရန် မဖြစ်နိုင်သကဲ့သို့ အလားအလာရှိစီမံကိန်းများလည်း ရပ်တန့်နေမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ပိုဆိုးလာသော အခြေအနေများကြောင့် ကမ်းလွန်ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ စီမံကိန်းနှစ်ခုကို ဆိုင်းငံ့ရန် ဆုံးဖြတ်လိုက်သည်ဟု ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက ယခုလဆန်းပိုင်းတွင် ကြေညာသည်။

“သဘာဝဓာတ်ငွေ့ကတော့ မေ့လိုက်တော့။ ပုံမှန် ဆက်တိုက်လုပ်နေမယ်ဆိုရင်တောင် မကြာဘူးဆို အနည်းဆုံး ၇ နှစ်ပဲ။ အခုရှိနေတဲ့စီမံကိန်းတွေကလည်း အထွက်လျော့နေတာကြာပြီ။ နှစ်အနည်းငယ်အတွင်း မရှိသလောက်ကုန်သွားနိုင်တယ်။ ဒီအခြေအနေမှာ နောက်ထပ်မျှော်လင့်စရာလည်း မရှိတော့ဘူး” ဟု လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့် ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

သဘာဝဓာတ်ငွေ့စီမံကိန်းများ ထုတ်လုပ်မှုလျော့ကျလာခြင်းနှင့်အတူ စစ်ကောင်စီအတွက် ရှောင်လွှဲမရနိုင်သော နောက်ထပ်ထိုးနှက်ချက်တစ်ခုမှာ ဝင်ငွေထိခိုက်ခြင်းပင်။

အာဏာသိမ်းပြီးနောက် နိုင်ငံတကာကုမ္ပဏီများ ထွက်ခွာသွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မလာခြင်းစသည့်အကြောင်းများကြောင့် ဘက်ပေါင်းစုံ ချွတ်ခြုံကျနေချိန် နှစ်စဉ် ဒေါ်လာဘီလျံချီ ဝင်ငွေရှာဖွေပေးနေသည့် သဘာဝဓာတ်ငွေ့ကဏ္ဍအပေါ် စစ်ကောင်စီအနေဖြင့် မှီခိုအားထားနိုင်တော့မည် မဟုတ်ပေ။

ဆိုးသထက်ဆိုးလာသော လျှပ်စစ်မီးပြဿနာ

စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်တောက်မှု ဆိုးသထက်ဆိုးလာနေသည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများ၌ပင် တစ်နေ့လျှင် လျှပ်စစ်မီးရချိန် ၂ နာရီမှ ၃ နာရီကြားသာရှိသည်ဟု မြို့ခံများက ဆိုသည်။

နိုဝင်ဘာလကုန်ပိုင်းမှစ၍ အချိန်ပိုင်းစနစ်ဖြင့် အလှည့်ကျရနေသည့် လျှပ်စစ်ဓာတ်အားပင် ပုံမှန်မရတော့ဘဲ နာရီပိုင်းသာရသည်ဟု လွန်ခဲ့သည့်သီတင်းပတ်အတွင်း ဆက်သွယ်မေးမြန်းရာတွင် ရန်ကုန်နှင့် မန္တလေးမြို့တွင် နေထိုင်သူများထံမှ သိရသည်။

“မနက် ၉ နာရီကနေ မွန်းလွဲ ၁ နာရီထိ လာရမယ့်ဟာကို ၁ နာရီထိုးခါနီးမှ နာရီဝက်လောက်လာတယ်။ ပြီးရင် တစ်ညနေလုံးဖြတ်တယ်။ ညဘက်လည်း ၉ နာရီမှာလာ၊ ၉ နာရီခွဲ ပြန်ပြတ်တယ်” ဟု ရန်ကုန်၊ တာမွေမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ပံ့ပိုးကူညီနေသည်ဟု စစ်ကောင်စီက ကြွေးကြော်နေသော်လည်း လျှပ်စစ်မီးလိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်သဖြင့် လုပ်ငန်းလည်ပတ်ရန် ခက်နေသည်ဟု ရန်ကုန်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“နေ့စဉ်လိုအပ်နေတာ လျှပ်စစ်မီးပါ။ မီးပုံမှန်ရမှ ကျွန်တော်တို့စက်တွေက လည်ပတ်နိုင်မယ့်အခြေအနေပါ။ အခုလက်ရှိက မီးစက်နဲ့လုပ်ဖို့ကလည်း ဓာတ်ဆီ ဒီဇယ်ဆီမရတော့ တော်တော်ခက်နေပါပြီ” ဟု ပုံနှိပ်လုပ်ငန်းရှင် ၎င်းက ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးပြတ်နေခြင်းမှာ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ အကြိမ်ကြိမ်တိုက်ခိုက် ဖျက်ဆီးခံရသည့်အတွက်ကြောင့်ဟု စစ်ကောင်စီက အကြောင်းပြထားသည်။ ၂၀၂၁ ဖေဖော်ဝါရီမှ ယခုနှစ် မေလအထိ အကြိမ်ပေါင်း ၂၀၀ ကျော် တိုက်ခိုက်ခံရသည်ဟု စစ်ခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုသည်။

မိုးရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သော်လည်း လျှပ်စစ်မီးဆက်ပြတ်နေဆဲဖြစ်ကာ ရန်ကုန်မြို့တွင် နေထိုင်သူများအနေဖြင့် နေ့စဉ် ၄ နာရီခန့်သာ မီးရပြီး စက်မှုဇုန်များတွင် နေ့စဉ် ၁၈ နာရီအထိ မီးပြတ်သည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလျော့ကျလာ

ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ် အစီရင်ခံစာအရ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းစရိတ်၊ ဝင်ငွေနည်းလာခြင်းနှင့် ကျပ်ငွေတန်ဖိုးကျဆင်းတို့ကြောင့် လျှပ်စစ်ကဏ္ဍ ဆက်လက် ထိခိုက်နေဦးမည်ဖြစ်သည်။

အာဏာမသိမ်းမီ ၂၀၂၀ က နေ့စဉ်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၄၀၀၀ ခန့်ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ထက်ဝက်နီးပါးအထိ ကျဆင်းလာသည်။ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ယခုလ ၁၆ ရက်နေ့ စာရင်းအရ နေ့စဉ်ထုတ်လုပ်နိုင်မှုပမာဏမှာ မဂ္ဂါဝပ် ၂၃၀၀ ဝန်းကျင်သာရှိသည်ကို တွေ့ရသည်။

ဟောင်ကောင်အခြေစိုက် V Power ကုမ္ပဏီက လွန်ခဲ့သည့်နှစ်အတွင်း သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း ၄ ခုကို ရပ်နားခဲ့သည်။ ကျပ်ငွေတန်ဖိုး ကျဆင်းလာချိန်တွင် ဓာတ်အားခနှုန်းထားကို အမေရိကန်ဒေါ်လာဖြင့်ပေးချေရန် စာချုပ်ချုပ် ဆိုထားသည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများ အလိုအလျောက်ရပ်ဆိုင်းသွားခြင်းလည်းဖြစ်သည်။

ရန်ကုန်မြို့အနီးတွင် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း မရှိသလောက်ဖြစ်သွားပြီဟု လျှပ်စစ်ဝန်ကြီးဌာနမှ အငြိမ်းစား ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

စစ်ကောင်စီလက်ထက်တွင် ရှင်းလင်းသည့်မူဝါဒ ရှိမနေသည့်အပြင် အမေရိကန်ဒေါ်လာပြဿနာကြောင့် ရေအားလျှပ်စစ်စီမံကိန်းများ အပါအဝင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီးများတွင် ရင်းနှီးမြှုပ်နှံသူမရှိဖြစ်နေကြောင်း၊ အခြား နေရောင်ခြည်နှင့် လေစွမ်းအင်စီမံကိန်းများလည်း အလုပ်ဖြစ်မည်မထင်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးဟောင်းက ဆိုသည်။

တရုတ်နှင့် လာအိုနိုင်ငံတို့မှ လျှပ်စစ်ဓာတ်အားဝယ်ယူမည်ဟု စစ်ကောင်စီက ကြွေးကြော်ထားသော်လည်း ငွေရေးကြေးရေး အခြေအနေနှင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ အရန်သင့်မရှိသဖြင့် နှစ်အတန်ကြာထိ ဖြစ်နိုင်ခြေမရှိဟုလည်း ၎င်းက ဆိုသည်။​

သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်ရန် ခက်ခဲလာသဖြင့် ရန်ကုန်မြို့အနီးရှိ ဓာတ်အားပေးစက်ရုံများကို ပြန်လည်ပြုပြင်ပြီး ဒီဇယ်ဖြင့် လည်ပတ်ရန် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက ပြင်ဆင်နေရသည်။

နိုဝင်ဘာလ ၁၉ နှင့် ၂၀ ရက်နေ့များတွင် အလုံ၊ သီလဝါ၊ သာကေတနှင့် ရွာမရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကို လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်း သွားရောက်ကြည့်ရှုပြီးနောက် Combine Cycle Power Plant (သဘာဝဓာတ်ငွေ့နှင့် ဒီဇင်နှစ်မျိုးသုံးနိုင်သော) အနေဖြင့် စက်ရုံများ အချိန်မရွေး လည်ပတ်နိုင်ရေး အရန်စက်သုံးဆီ ကြိုတင်စုဆောင်းရန် မှာကြားခဲ့သည်။

အကြီးမားဆုံး စိန်ခေါ်မှု

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးဖြန့်ဖြူးမပေးနိုင်သည်မှာ သုံးနှစ်နီးပါးရှိလာပြီဖြစ်သည်။ အလှည့်ကျစနစ်ဖြင့်ပင် အချိန်မှန်မှန် လျှပ်စစ်မီးမပေးနိုင်တော့ပေ။

လျှပ်စစ်ရထားနှင့် လျှပ်စစ်ကားများ ပြေးဆွဲမည်၊ နျူကလီးယားမှသည် လေအားနှင့် နေအား လျှပ်စစ်စီမံကိန်းများလုပ်မည်ဟု ကြွေးကြော်ထားသော်လည်း မည်သည့်စီမံကိန်းမှ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်မပေါ်လာသေးပေ။

ယခင်အစိုးရအဆက်ဆက် ဆောင်ရွက်ခဲ့သော ရေအားလျှပ်စစ်စီမံကိန်းများ အကြောင်းအမျိုးမျိုးကြောင့် အချို့ရပ်တန့်ကာ အချို့ဖျက်သိမ်းခဲ့ရကြောင်း။ လျှပ်စစ်မီးနှင့်ပတ်သက်၍ အကျပ်အတည်းဆိုက်နေကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံထားသည်။

“မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြစ်ပါတယ်” ဟု ယခုနှစ်ဆန်းပိုင်းက အစည်းအဝေးတစ်ခုတွင် စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းအားလုံး ထုတ်လုပ်မှုလျော့ကျလာနေပြီဖြစ်ရာ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ထိခိုက်မည်သာမက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့်ပတ်သက်၍ အကြီးအကျယ် အကျပ်တွေ့မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ထက်ဝက်မှာ သဘာဝဓာတ်ငွေ့ထွက်ရှိမှုအပေါ် မူတည်နေသည်ဟု အာဏာမသိမ်းမီက ပြည်တွင်း၌ စွမ်းအင်ကဏ္ဍအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူ De Langre က ယခုရက်ပိုင်းအတွင်း Aljazeera သတင်းဌာနကို ပြောဆိုထားသည်။

“စစ်တပ်အနေနဲ့ရော စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့ရော လက်ရှိ ဖြစ်ပျက်နေတဲ့အပေါ် ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ သဘာဝဓာတ်ငွေ့ ဒါမှမဟုတ် ဒီဇယ်မရှိဘူးဆိုရင် လျှပ်စစ်မီးရနိုင်ဖို့ မဖြစ်နိုင်သလောက်ပဲ” ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံ၏ လက်ရှိလျှပ်စစ်ဓာတ်အားထုတ်လုပ်မှာ သဘာဝဓာတ်ငွေ့အပေါ် ၅၀ ရာခိုင်နှုန်း မှီတည်နေသည်ဟု နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံ၊ ကွမ်တုံးပြည်နယ်သို့ ရောက်ရှိခဲ့စဉ် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်တင်ဆင်အင်အား စုစုပေါင်း ၇၃၂၉ မဂ္ဂါဝပ်ရှိပြီး သဘာဝဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ် ၄၅ ရာခိုင်နှုန်း၊ ကျောက်မီးသွေးနှင့် နေရောင်ခြည်စွမ်းအင် ၂ ရာခိုင်နှုန်း၊ ဒီဇယ် ၁ ရာခိုင်နှုန်းဖြစ်သည်ဟု ဆိုသည်။

Show More

Related Articles

Back to top button