သတင်း

ရန်ကုန်နှင့် မန္တလေးတွင် လျှပ်စစ်မီး နာရီပိုင်းသာရ၊ ပြည်သူ့ဘဝများ ကမောက်ကမဖြစ်နေ

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်နေပြီး မီးလာချိန်တွင် နာရီဝက်ခန့်သာရှိပြီး တစ်နေ့လျှင် စုစုပေါင်း လျှပ်စစ်မီးရရှိချိန် ၂ နာရီမှ ၃ နာရီကြားသာ ရှိသည်ဟု သိရသည်။​

ပွင့်လင်းရာသီအစ နိုဝင်ဘာလကုန်ပိုင်းစ၍ မြို့ကြီးများတွင် အချိန်ပိုင်းစနစ်ဖြင့် အလှည့်ကျရနေသည့် လျှပ်စစ်ဓါတ်အားကိုပင် ပုံမှန်မရတော့ဘဲ နာရီပိုင်းသာရသည်ဟု ရန်ကုန်နှင့် မန္တလေးတွင် နေထိုင်သူများက ဆိုသည်။

“တာမွေမှာ မနက် ၉ နာရီကနေ မွန်းလွဲ ၁ နာရီထိ လာရမယ့်ဟာကို ၁ နာရီထိုးခါနီးမှ နာရီဝက်လောက် လာတယ်။ ပြီးရင်တစ်ညနေလုံးဖြတ်တယ် ညဘက်လည်း ၉ နာရီမှာလာ ၊ ၉ နာရီခွဲ ပြန်ပြတ်တယ်” ဟု ရန်ကုန်မြို့ တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် ၂၀ အရွယ် ကျောင်းသူတစ်ဦးက ပြောသည်။

လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်ခြင်းနှင့်အတူ ပြည်သူတို့အတွက် ထမင်းချက်၊ ဟင်းချက် စသည့် နေ့စဉ်လူမှုဘဝများ ခက်ခဲလာနေသည်ဟု ဆိုကြသည်။ ထမင်းဟင်းချက်ရန် ဂတ်စ်မီးဖို၊ မီးသွေးမီးဖို့တို့ကို ပြန်လည်အသုံးပြုနေရရာ ပစ္စည်းပြတ်ခြင်း၊ ဈေးကြီးမြင့်ခြင်းတို့လည်း ကြုံနေရသည်ဟု သိရသည်။​

“အိမ်သုံးဂတ်စ်ဗူးတွေကလည်း ဝယ်ဖို့ခက်လာတော့ အခု မီးသွေးနဲ့ ချက်နေရတယ်။ အတော်လေး ခေတ်နောက်ပြန်ရောက်သွားပြီ” ဟု ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှ အသက် ၂၇ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်က အလွယ်တကူ ဝယ်ရနိုင်သည့် အိမ်သုံးဂတ်စ်ဗူးများသည်လည်း မြို့နယ်အလိုက် ယခင် ကျပ် ၉၀၀/၁၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ ၁၅၀၀ ကျပ်ဝန်းကျင်ထိ ဈေးတက်သွားပြီး  ဆိုင်တိုင်းဝယ် မရတော့ဟု သိရသည်။

အလှည့်ကျမီးပေးစနစ် ပြန်လည်စတင်သည့် ယမန်နှစ်ကတည်းက ရှားရှားပါးပါး မီးလာချိန်တွင် ထမင်းဟင်းချက်နိုင်ရန်၊ သုံးရေတင်နိုင်ရန်တို့ကို ဦးစားပေးလုပ်လာရသည်။

နံနက်ခင်း ဝေလီဝေလင်းအချိန်နှင့် ညနေခင်းအချိန်တို့တွင် လျှပ်စစ်မီးပြတ်နေသည်က များ၍ ညကတည်းက နောက်တစ်နေ့အတွက် ချက်ပြုတ်ရသည်ဟု သင်္ကန်းကျွန်းမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက ဆိုသည်။

“ဂတ်စ်ဗူးတွေပါ ဈေးတက်လို့ ရှိတဲ့သနပ်ခါးတုံးတွေ မီးမွှေးချက်မယ် လုပ်နေတာ အမေက။ မီးသွေးဝယ်ပါ ပြောရတယ်”

မြို့နယ်အလိုက် ဖွဲ့စည်းထားကြသည့် သတင်းအချက်အလက်မျှဝေသော လူမှုကွန်ရက် Facebook ရှိ Group များတွင် လျှပ်စစ်မီးပြတ်တောက်မှုအပေါ် ညည်းတွားရေးသားနေကြသည်ကို တွေ့ရသည်။ ပုံမှန် မီးလာရမည့်အချိန်များတွင် မီးမလာသော်လည်း မီးဖြတ်သည့်အချိန်တော့ ပုံမှန်သည်ဟု ရေးသားထားမှုများ တွေ့ရသည်။

စက်ရုံအလုပ်ရုံများနှင့် စစ်တပ်အခြေစိုက်စခန်းများရှိသည့် မင်္ဂလာဒုံမြို့နယ်တွင် ယခင်ပေးနေသည့် အလှည့်ကျအချိန် ပြည့်မီအောင် မပေးနိုင်ပေ။ ကုန်စုံဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူ အသက် ၄၀ ကျော်အရွယ် ကိုမော်ကြီးက လျှပ်စစ်မီးပြတ်တောက်မှု ပြန်ဆိုးရွားလာ၍ ရင်းနှီးငွေများ ဆုံးရှုံးရသည်ဟု ဆိုသည်။

“ရွှေပြည်သာကနေ ရေခဲချောင်းတွေသွားယူ ဆိုင်မှာ ရေခဲသတ္တာထဲ ပြန်ထည့်ရောင်းတယ်။ တစ်နေ့က ရေခဲချောင်း အခု ၅၀ လောက် ပစ်လိုက်ရတယ် မီးမလာတော့။ ပျော်ကျသွားတော့ ပြန်ထည့်လည်း မရတော့ဘူး” ဟု ကိုမော်ကြီးက ပြောသည်။

ဓာတ်အားလျှော့ချ ထုတ်လုပ်နေရသဖြင့် အချိန်ပိုင်းသာ အလှည့်ကျစနစ်ဖြင့် မီးပေးနိုင်တော့မည်ဟု ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် စစ်ကောင်စီက ကြေညာခဲ့သည်။ ထို့နောက် နံနက် ၉ နာရီ၊ မွန်းလွဲ ၁ နာရီ၊ ညနေ ၅ နာရီ အချိန် ၃ မျိုးဖြင့် ၄ နာရီစီ မြို့နယ်များကို အလှည့်ကျခွဲတမ်းစနစ်ဖြင့် မီးပေးခဲ့သည်။

သို့သော် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်၊ ဧပြီလတို့တွင် ၄ နာရီအလှည့်ကျစနစ်ပင် ပုံမှန်မပေးနိုင်ဘဲ​ ဓာတ်အားဆိုးရွားစွာပြတ်တောက်ခဲ့သည်။ မိုးရာသီကုန်ပြီးနောက် ယခု ဒီဇင်ဘာလဆန်းပိုင်းမှစ၍ တစ်ကျော့ပြန် ဓာတ်အားပြတ်တောက်မှု ကြုံနေရခြင်းဖြစ်သည်။

၂၀၂၂ ဇန်နဝါရီလလယ် ညပိုင်း ဓာတ်အားပြတ်တောက်ချိန် တွေ့ရသော ရန်ကုန်မြို့တစ်နေရာ (ဓာတ်ပုံ – EPA/EFE)

မန္တလေးမြို့ အခြေအနေ

မန္တလေးမြို့ စည်ပင်သာယာရေးနယ်နိမိတ်မြို့နယ်အတွင်းရှိ မြို့နယ် ၆ ခုတွင် ယခုလလဆန်းပိုင်းမှစ၍ နာရီအနည်းငယ်သာ လျှပ်စစ်မီးရသည်ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“တစ်ရက်ကို ၂ နာရီလောက်ပဲ ရတယ်။ မနက်ပိုင်း တစ်နာရီလောက် လာပြီး နေကုန်ကို ပျက်သွားရော။ ပြီးတော့ ညသန်းခေါင်မှ ပြန်လာတယ် အဲဒီကျမှ ရေစက်ထမောင်းရတယ် အိပ်ရေးတော့ပျက်ပြီး အလုပ်ပိုသွားရော။ ရေက ပိုအရေးကြီးတော့ ညသန်းခေါင်လည်း ပတ်ဝန်းကျင် အားမနာနိုင်ဘူး”

တချို့သောနေ့များတွင် ထို ၁ နာရီလာသည့်မီးပင် တစ်ဆက်တည်းမဟုတ်ဘဲ​ ၁၅ မိနစ်ခန့် ပြတ်တတ်သေးသည်ဟု အထက်ပါ အမျိုးသားက ဆိုသည်။

မဟာအောင်မြေမြိုန့ယ်တွင် လျှပ်စစ်စီး ၃ နာရီခန့်သာရ၍​ တစ်ပိုင်တစ်နိုင်လုပ်ကိုင်သည့် ကျောက်သွေးလုပ်ငန်းရပ်ထားရသည်ဟု အသက် ၃၀ အရွယ် ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“မီးစက်ခုတ်ပြီး သွေးဖို့ဖြတ်ဖို့ကျတော့လည်း ဓာတ်ဆီကလည်း သိတဲ့အတိုင်းပဲ။ ကျွန်တော်ကတော့ လုပ်ငန်းကို ရပ်ထားတယ်။ ဈေးကွက်ကလည်း မကောင်းဘူး၊ မီးပြဿနာ၊ ဓာတ်ဆီပြဿနာနဲ့ အထွေထွေ ဒုက္ခများနေတော့လေ။ ဘာလုပ်စားရမှန်းကို မသိတော့ဘူး”

မီးမှန်သည့် တစ်ခုတည်းသောမြို့  

မြန်မာတစ်နိုင်ငံလုံးတွင် မပြတ်သလောက်နီးပါး လျှပ်စစ်မီးရသည့်မြို့မှာ အုပ်ချုပ်ရေးရုံးများ အခြေစိုက်ရာ နေပြည်တော်ပင်ဖြစ်သည်။ မီးပေးမှုစနစ် အရေးပေါ်ဖြစ်လျှင်ပင် နာရီဝက်ခန့်သာ မီးပြတ်သည်ဟု နေပြည်တော်တွင် နေထိုင်သည့် အင်တာနက်ကုမ္ပဏီတစ်ခုမှ အသက် ၃၀ ကျော်အရွယ် ဝန်ထမ်းတစ်ဦးက ပြောသည်။

 “နေပြည်တော်က မီးအလာဆုံးပဲ၊ မီးနဲ့ပတ်သက်ရင်တော့ အခက်အခဲမရှိဘူး။ ခုက စက်သုံးဆီပဲ ဒုက္ခရောက်နေတာပဲရှိတယ်”

လျှပ်စစ်ရထားပြေးဆွဲမည်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လေလုံးထွားဖူးသော်လည်း လက်တွေ့တွင် ကုန်ဈေးနှုန်း အဆမတန်ကြီးမားလာမှု၊ လျှပ်စစ်မီးမရမှုနှင့် ယခုစက်သုံးဆီ ပြတ်လပ်မှုများကြား ပြည်သူများ ဒုက္ခမျိုးစုံကြား ရုန်းကန်နေရသည်။

နေပြည်တော် သပြေကုန်းအဝိုင်းအနီး အပန်းဖြေနေသူတချို့ကို ၂၀၂၂ နှစ်ကုန်ပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ – Myanmar Now

Show More

Related Articles

Back to top button