စစ်ကောင်စီကို နိုင်ငံတကာက ပိတ်ဆို့အရေးယူရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အစဉ်တစိုက်တောင်းဆိုနေသည်မှာ နိုင်ငံခြားဝင်ငွေ အမြောက်အမြားရှာဖွေပေးနေသော နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူရန်ဖြစ်သည်။
လက်ရှိအချိန်ထိ MOGE ကို ဥရောပသမဂ္ဂကသာ ပိတ်ဆို့အရေးယူထားသေးသည်။ အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော ဥရောပနိုင်ငံများအဖွဲ့က လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ကာ စစ်ကောင်စီကို အခက်တွေ့စေသည့် အကျိုးဆက်များလည်း မြင်တွေ့နေရပြီဖြစ်သည်။
ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကြောင့် ပြည်ပတွင် ပိတ်မိနေသော အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ယူရေး စစ်ကောင်စီက လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်ခိုင်းထားသည်။
ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုမှုများ ရှိနေသော်လည်း စစ်ကောင်စီအတွက် ဝင်ငွေရပေါက်ရလမ်းကြီးဖြစ်နေသော MOGE ကို အမေရိကန်အစိုးရက အရေးယူခြင်း မရှိသေးပေ။ သို့သော် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အခရာကျသည့် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပြီးခဲ့သည့်လကုန်ပိုင်းတွင် အမေရိကန်က ပိတ်ဆို့အရေးယူခဲ့သည်။
အမေရိကန်အစိုးရက MOGE ကို အရေးမယူသေးသည့်တိုင် ယင်းလုပ်ငန်းမှ ဝင်ငွေများကို လက်ခံပေးနေသည့် ဘဏ်ကြီးနှစ်ခုကို အရေးယူလိုက်ခြင်းက ထိရောက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။
“အရပ်ပြောပြောရရင် (စစ်ကောင်စီ) ပြာတောက်နေတယ်။ ကျွန်တော်တို့ သတင်းစကားတွေလည်း ကြားရတယ်။ အခု ကျော်ဖို့ခွဖို့ကိုလည်း နည်းလမ်းပေါင်းစုံ သုံးနေတာလည်း ရှိတယ်။ ဒါပေမဲ့ ကျော်ဖို့ခွဖို့ဆိုတာက ယခင်နဲ့ မတူတာရှိတယ်”
ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကြောင့် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသော ရွှေစီမံကိန်းမှ ဝင်ငွေများ ပိတ်မိနေကာ နိုင်ငံပိုင်ဘဏ်နှစ်ခုပါ ထပ်မံအရေးယူခံရသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဆောင်တာများ အခက်တွေ့နိုင်သည်ဟု MOGE ဝန်ထမ်းဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
“ပစ္စည်းဝယ်တာတို့ ဘာတို့ ခက်ပြီပေါ့။ ပစ္စည်းတင်တာ သွင်းတာတွေ ခက်ပြီပေါ့။ ပိုက်ဆံတွေ ဘာတွေကတော့ ခက်နေတာပေါ့။ အခုလောလောဆယ် POSCO က သွင်းတဲ့ ပိုက်ဆံတွေလည်း တစ်နေရာမှာ နည်းနည်းခက်နေတာပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် နှစ်ရှည်စာချုပ်ချုပ်ဆိုထားသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း လေးခုအနက် မုတ္တမကမ်းလွန်ရှိ ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းတို့မှ သဘာဝဓာတ်ငွေ့ကို ထိုင်းသို့ တင်ပို့နေခြင်းဖြစ်ကာ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းသည် တရုတ်သို့ တင်ပို့ရောင်းချနေသည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာသွားခြင်း၊ ဖွံ့ဖြိုးရေးအကူအညီနှင့် ချေးငွေများ ရပ်ဆိုင်းသွားခြင်း၊ ကုန်ထုတ်လုပ်မှုလျော့ကျကာ ပို့ကုန်ဝင်ငွေနည်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထပ်မံဝင်ရောက်မလာတော့ခြင်း စသော အကြောင်းများကြောင့် နိုင်ငံခြားငွေ ခန်းသည်ထက်ခန်းလာသော စစ်ကောင်စီအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် အဓိကအားထားရာဖြစ်နေသည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ တူးဖော်ထုတ်လုပ်နေဆဲ ကမ်းလွန်ရေနံစီမံကိန်းလေးခုအပြင် ထိုင်းနှင့် တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ပိုက်လိုင်းစီမံကိန်းများမှလည်း နှစ်စဉ် အမေရိကန်ဒေါ်လာငွေများ ရရှိနိုင်သည်။ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချခြင်းအပြင် တရုတ်-မြန်မာရေနံပိုက်လိုင်း အပါအဝင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအတွက် ဖြတ်သန်းခ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစာချုပ်များအတွက် နှစ်စဉ်ပေးသွင်းရသည့် အခြားဆက်စပ်အခွန်အခများလည်း ရှိသည်။
အာဏာမသိမ်းမီ ရေးဆွဲခဲ့သော ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) အရ ၂၀၂၂ ခုနှစ် မတ်လအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ကျပ်ငွေ ၂,၃၀၅ ဘီလျံ ရရှိရန် ခန့်မှန်းထားသည်။ အမေရိကန်ဒေါ်လာအားဖြင့် ၁ ဒသမ ၄ ဘီလျံကျော်ရှိကာ တစ်နိုင်ငံလုံးစုစုပေါင်းဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းသော ပမာဏဖြစ်သည်။
စစ်ကောင်စီကို ဆန့်ကျင်နေသော သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money) အဖွဲ့၏ အဆိုအရ အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဒေါ်လာ ၂ ဒသမ ၂၅ ဘီလျံ ဝင်ငွေရရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေသော ရတနာစီမံကိန်းတစ်ခုတည်းမှပင် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံရှိသည်ဟု ဆိုသည်။
မုတ္တမကမ်းလွန်ရှိ ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းသုံးခုလုံးမှ ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကာ ထိုင်းအစိုးရ၏ အကောက်ခွန်ဦးစီးဌာနစာရင်းများအရ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ဝယ်ယူခြင်းအတွက် ကုန်ကျသည့်ပမာဏမှာ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ၊ ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၄ ဘီလျံ၊ ယခုနှစ် မေလကုန်အထိ သန်း ၉၀၀ နီးပါးရှိသည်။
ထို့အတူ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသည့် ရခိုင်ကမ်းလွန်ရှိ ရွှေစီမံကိန်းမှ ဝင်ငွေသည်လည်း ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံရှိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ဖူးသည်။
စစ်ကောင်စီအနေဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချခြင်းအပြင် တရုတ်နှင့် ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများမှလည်း သီးခြားဝင်ငွေများ ရရှိနိုင်သည်။ အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးများတွင် ရင်းနှီးမြှုပ်နှံထားသည့် ပြည်ပကုမ္ပဏီများအနေဖြင့် အကျိုးအမြတ်ကြီးစွာ ရရှိနေကြောင်း ဗြိတိန်အခြေစိုက် Finance Uncovered အဖွဲ့နှင့် ပူးပေါင်း၍ Myanmar Now က ၂၀၂၁ ခုနှစ်အတွင်း သတင်းရေးသားခဲ့ပြီးဖြစ်သည်။
ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ပိုက်လိုက်များအနက် ရတနာစီမံကိန်းမှ မုတ္တမသဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် ၂၀၁၉ ခုနှစ်အထိ အမြတ်ငွေ ဒေါ်လာ ၁ ဒသမ ၂၃ ဘီလျံ ရရှိခဲ့ပြီး ပိုက်လိုင်းလည်ပတ်မှုကုန်ကျစရိတ်မှာ ဒေါ်လာ ၂၂ ဒသမ ၃ သန်းသာ ရှိသည်။
ထို့အတူ ၂၀၁၇ မှ ၂၀၁၉ အထိ ရဲတံခွန်စီမံကိန်းမှ တနင်္သာရီပိုက်လိုင်းကုမ္ပဏီသည် ဒေါ်လာ ၃၀၈ သန်း၊ ဇောတိကစီမံကိန်းမှ အက်ဒမန်သယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် ၃၆၂ သန်း၊ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီသည် ၄၄၂ သန်း စသည်ဖြင့် အမြတ်ငွေ အသီးသီးရရှိခဲ့သည်။
ထိုင်းနှင့် တရုတ်သို့ သဘာဝဓာတ်ငွေ့ တင်ပို့နေသော ပိုက်လိုက်များတွင် ရင်းနှီးမြှုပ်နှံထားသူများအနေဖြင့် ၂၀၁၇ မှ ၂၀၁၉ အထိ သုံးနှစ်စာအမြတ်ဝေစု ဒေါ်လာ ၁ ဒသမ ၁၁ ဘီလျံ ရရှိခဲ့ပြီး MOGE က ဒေါ်လာ ၁၆၈ သန်းဖြစ်သည်။
ထိုပိုက်လိုင်းများတွင် တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများနှင့်အတူ နိုင်ငံပိုင် MOGE ကလည်း ရာခိုင်နှုန်းအနည်းငယ်စီဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။ ထိုစီမံကိန်းများတွင် ပြင်သစ်ရေနံကုမ္ပဏီ Total၊ အမေရိကန် Chevron ကုမ္ပဏီတို့လည်း ပါဝင်ရင်းနှီးမြှုပ်နှံခဲ့သည်။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် Total က မြန်မာနိုင်ငံမှ ထွက်ခွာသွားသည်။
မြန်မာနိုင်ငံတွင် ၂၅ နှစ်ကျော်ကြာ လုပ်ကိုင်လာသည့် Total ကုမ္ပဏီသည် အကြီးဆုံးကမ်းလွန်ရေနံစီမံကိန်း ရတနာမှ နုတ်ထွက်သည့်အပြင် ၎င်းပါဝင်ရင်းနှီးမြှုပ်နှံထားသည့် အခြားစီမံကိန်းများကိုလည်း ရပ်ဆိုင်းထားမည်ဟု ၂၀၂၂ ဇန်နဝါရီလတွင် ကြေညာခဲ့သည်။
ပြင်သစ်ရေနံကုမ္ပဏီနှင့်အတူ လုပ်ကိုင်နေသည့် Chevron သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာဟု ကြေညာထားသည်။ သို့သော် လက်ရှိအချိန်ထိ မုတ္တမကမ်းလွန်၌ ရှိနေဆဲဖြစ်ကာ အမေရိကန်ရေနံကုမ္ပဏီရှိနေဆဲဖြစ်သောကြောင့် MOGE ကို အမေရိကန်က ရုတ်တရက်အရေးယူနိုင်ဖွယ် မရှိဟုဟု ယူဆရသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အကျိုးအမြတ်များရရှိရေး စစ်ကောင်စီက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည့်နည်းတူ NUG အနေဖြင့်လည်း ထိုငွေများ စစ်ကောင်စီထံ မရောက်ရှိရေး ဘဏ္ဍာရေးစစ်ပွဲတစ်ခုနှယ် သဘောထားသည်ဟု ဦးတင်ထွန်းနိုင်က ဆိုသည်။
“ဒါသည် စစ်ပွဲပဲ။ သူတို့အပေါက်တွေကို ရသမျှလိုက်ပြီး ပိတ်ရမှာပဲ။ တိုက်ခိုက်ရမယ်။ ပိတ်ဆို့ရမယ်၊ ဟန့်တားရမယ်။ ဒါကလည်း ကျွန်တော်တို့အလုပ်ပဲ”
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)