သတင်း

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ စစ်ကောင်စီ အမြတ်ရနေ

တောင်ကိုရီးယားနိုင်ငံအခြေစိုက် POSCO International စီးပွားရေးလုပ်ငန်းစု လုပ်ကိုင်နေသည့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ စစ်ကောင်စီထံ ဒေါ်လာသန်းနှင့်ချီ စီးဝင်နေသည်။

ထိုစီမံကိန်းမှ ၂၀၂၃ ခုနှစ် ပထမ ၃ လအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ဖိုး ရေနံရောင်းချခဲ့ကြောင်း ဧပြီလအတွင်း ထုတ်ပြန်သည့် ကုမ္ပဏီ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ 

၂၀၂၂ ခုနှစ်တွင်လည်း ဒေါ်လာ ၁.၂ ဘီလျံကျော်ခန့် ရောင်းချခဲ့ပြီး ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာ သန်း ၂၈၀ ကျော် အမြတ်ရရှိခဲ့ကြောင်း POSCO အစီရင်ခံစာက ဆိုသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် ထိုကုမ္ပဏီအပြင် အိန္ဒိယကုမ္ပဏီများဖြစ်သော ONGC Videsh, GAIL India, တောင်ကိုရီးယားနိုင်ငံပိုင် KOGAS, စစ်တပ်လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့က ရှယ်ယာရှင်များအဖြစ် လုပ်ကိုင်နေသည်။

ထိုစီမံကိန်းမှ ထုတ်လုပ်မှုများကို ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ ရေနံပိုက်လိုင်းကို South East Asia Gas Pipeline (SEAGP) ကုမ္ပဏီက လုပ်ဆောင်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China National Petroleum Company (CNPC) နှင့် အခြားကုမ္ပဏီတချို့က MOGE နှင့်အတူ ပိုက်လိုင်းတွင် အကျိုးတူရင်းနှီးမြှုပ်နှံထားကြသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ စစ်ကောင်စီ အကျိုးအမြတ်မည်မျှရသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်ပေးရန် ပြည်သူများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက တောင်းဆိုနေဆဲဖြစ်သည်။

Total, Chevron, Woodside စသည့် နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုပ်ငန်းများရုပ်သိမ်းကာ မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီးဖြစ်သည်။

၎င်းတို့၏ ရေနံထုတ်လုပ်မှုများသည် အာဏာမသိမ်းမီကတည်းက စာချုပ်ချုပ်ထားခြင်းဖြစ်၍ ဆက်ရှိနေခြင်းဖြစ်ကြောင်း၊ မြန်မာစစ်တပ်နှင့် ပတ်သက်မှုမရှိကြောင်း POSCO က ၂၀၂၁ ခုနှစ်တွင် ငြင်းဆိုထားသည်။

သို့ရာတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် စစ်ကောင်စီ လက်အောက်ခံ MOGE က ၁၅ ရာခိုင်နှုန်း အမြတ်ခွဲဝေမှုကို ရရှိနေဆဲဖြစ်သလို SEAGP ၏ ရေနံပိုက်လိုင်းစီမံကိန်းတွင်လည်း ရှယ်ယာ ၇.၃ ရာခိုင်နှုန်း ပါဝင်နေဆဲဖြစ်ရာ ထိုအတွက် အမြတ်ရနေသည်။

“POSCO ထုတ်ပြန်လိုက်တဲ့ ဘဏ္ဍာရေးအချက်အလက်တွေအရ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကနေတစ်ဆင့် မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ဖို့ ငွေကြေးထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်” ဟု စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ စစ်ကောင်စီထံ ငွေစီးဆင်းနေမှုများကို စောင့်ကြည့်နေသည့် Justice for Myanmar အဖွဲ့၏ ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။

“POSCO အနေနဲ့ စစ်တပ်လက်အောက်ခံ MOGE နဲ့ ပူးပေါင်းနေတာကို ရပ်တန့်သင့်နေပါပြီ။ ဒီလိုမျိုးဖြစ်ရပ်တွေ ထပ်ခါတလဲလဲဖြစ်နေလို့ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို တိုက်ရိုက်ပိတ်ဆို့အရေးယူသင့်နေတာပါ”

POSCO က ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ဓာတ်ငွေ့ ၁၈၃ ဘီလျံ ကုဗပေအထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

၂၀၂၃ ခုနှစ် ဧပြီလတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ အဆင့် (၃) လုပ်ငန်းစဉ်အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာကို ခွင့်ပြုပေးထားကြောင်း စစ်ကောင်စီ၏ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။

အဆိုပါ အစီရင်ခံစာအရ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွင်း တွင်းသစ် ၇ တွင်းကို ၂၀၂၃ ခုနှစ် နှစ်ကုန်အပြီး တူးဖော်မည်ဖြစ်၍ ဓာတ်ငွေ့ထုတ်လုပ်နိုင်မှု တိုးမြှင့်နိုင်ရန် မျှော်မှန်းထားသည်။

POSCO ၏ ၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၌ အကောင်အထည်ဖော်မည့် ရေနံတွင်းသစ်များ။

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ (Blood Money Campaign) မှ စောအယ်မူးကမူ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှတစ်ဆင့် ဒေါ်လာဘီလျံချီရနေခြင်းမှာ မြန်မာပြည်သူများအပေါ် အကြမ်းဖက်ပြုမူနေသည့် အာဏာသိမ်းစစ်တပ်အတွက် စစ်လက်နက်၊ လေယာဉ်နှင့် လေယာဉ်ဆီများ ထောက်ပံ့ပေးသကဲ့သို့ ဖြစ်နေသည်ဟု ပြောသည်။

“အမေရိကန်အစိုးရအနေနဲ့ MOGE ကို တိုက်ရိုက်အရေးယူပိတ်ဆို့မှုတွေ လုပ်လိုက်နိုင်ရင် အကြမ်းဖက်စစ်ကောင်စီရဲ့ သန်းနဲ့ချီတဲ့ ဒေါ်လာဝင်ငွေတွေကို ပိတ်ဆို့နိုင်မှာပါ။ ပြီးခဲ့တဲ့နှစ်က ဥရောပသမဂ္ဂ (EU) ကနေ အရေးယူပိတ်ဆို့လိုက်တဲ့အတွက် MOGE ကို အတော်လေးအထိနာခဲ့တယ်လို့ သိထားတဲ့အတွက် အမေရိကန်အစိုးရ တိုက်ရိုက်အရေးယူမယ်ဆိုရင် ပိုထိရောက်မှာပါ” ဟု စောအယ်မူးက ပြောသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စစ်ကောင်စီနှင့် လုပ်ငန်းဆက်လုပ်နေသည့် ထိုင်းကုမ္ပဏီ PTTEP ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖိအားပေးသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ဖူးသည်။ မြန်မာနိုင်ငံရှိ ရေနံတူးဖော်ရေးစီမံကိန်းများ၏ သတင်းအချက်အလက်များနှင့် ငွေပေးချေမှုများကို ရက် (၃၀)အတွင်း  ပေးပို့ရန်၊ မပို့ပါက စင်ကာပူနိုင်ငံရှိ အနုညာတတရားရုံးတွင် တရားစွဲဆိုမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်တွင် NUG က ပြောထားသည်။

လွန်ခဲ့သော နှစ်နှစ်ကျော် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် စစ်ကောင်စီမှာ အကျပ်အတည်းမျိုးစုံ တွေ့နေသည်။ ပြည်ပတွင် ပိတ်မိနေသည့် ဒေါ်လာသန်းပေါင်းများစွာ ထုတ်ယူနိုင်ရန် စစ်ကောင်စီက လျှို့ဝှက်ဘဏ်စာရင်း ဖွင့်လှစ်ခိုင်းထားကြောင်း Myanmar Now က သတင်းဖော်ပြထားပြီးဖြစ်သည်။

ထိုသို့ ပိတ်ဆို့မှုများရှိနေသော်လည်း စစ်ကောင်စီ၏ အဓိကဝင်ငွေရပေါက်ရလမ်းဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရှိနေဆဲဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button