အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြင်ဦးလွင် ရတနာပုံမြို့သစ်စီမံကိန်းဧရိယာမှ ဘုန်းကြီးကျောင်း ၁၄ ခု ဖယ်ရှားပေးရမည်

စစ်ဗိုလ်ချုပ်ကြီးများ အခြေပြုရာ မြို့တော်တွင်  ၎င်းတို့ အကောင်အထည်ဖော်နေသော စီမံကိန်းဧရိယာအတွင်း ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်းခိုင်းသည့်အထဲ ဘုရားစေတီ၊ တရားရိပ်သာ၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများစသည့် ဘာသာရေးအဆောက်အအုံများ ပါဝင်နေသည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ရတနာပုံမြို့သစ်စီမံကိန်း (Yadanapone New City Project) အတွင်း ကျူးကျော်ဟု ဆိုကာ ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်နေရာ ယခုလ နောက်ဆုံးထား၍ ဖယ်ရှားရမည့် စာရင်းတွင် ဘုန်းကြီးကျောင်းဝင်း ၁၄ ခုပါ ပါဝင်သည်ဟု စုံစမ်းသိရသည်။

အောင်ချမ်းသာကျေးရွာအုပ်စု အင်သာရွာအနောက်ခြမ်း ဇီးပင်ကြီးနှင့် သုံးတောင်ရွာအကြား မြေနေရာတွင် တည်ဆောက်ထားသည့် ဘုရားစေတီ၊ တရားရိပ်သာ၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများစသည့်  သာသနိကအဆောက်အအုံများပါဝင်သည့်  ဘုန်းကြီးကျောင်း ၁၄ ခုကို ယခုလ ၁၈ ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ပြင်ဦးလွင်ခရိုင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေးစာ နှစ်ကြိမ် ပေးပို့ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး လက်မှတ်ဖြင့် “ ကျူးကျော် ဆောက်လုပ်ထားသော ကျောင်းကို ယခုလ ၁၈ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် လျှောက်ထားခြင်း” ဆိုသည့် သတိပေးစာများကို စက်တင်ဘာလ ၄ ရက်တွင် တစ်ကြိမ်၊  ၇ ရက်တွင် တစ်ကြိမ် ပေးပို့ထားသည်။ 

အဆိုပါတွင် မြေနေရာပေါ်တွင် တည်ရှိသော ဘုန်းကြီးကျောင်း ၁၄ ကျောင်းတွင် ဘုရား၊ စေတီ၊ သိမ်၊ ဓမ္မာရုံကျောင်းဆောင်များအပါအဝင် အဆောက်အအုံ ၉၅ လုံး တည်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့်ဩဂုတ်လက ကျောင်းအချို့ဖယ်ရှားခံရခဲ့ရပြီး လတ်တလောတွင်မူ ဘုန်းကြီးကျောင်းများ ထပ်ဖျက်သည်ကို မတွေ့ရသေးကြောင်း ဒေသခံများက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သတ်မှတ်ရက်ကျော်သွားပေမယ့် လက်ရှိအထိတော့ ထပ်ဖျက်တာမျိုးမတွေ့ရသေးဘူး။ အရင်လတွေက နေအိမ်နဲ့ဆိုင်ခန်းတွေဖျက်ထားတာပဲ ရှိတယ်။ အခုက ဘုန်းကြီးကျောင်းတွေက စာတင်ထားတယ်လို့လည်း ကြားတယ်”ဟု  စီမံကိန်းအနီးပြင်စာကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြင်ဦးလွင်မြို့ အနောက်တောင်ဘက် ၁၂ မိုင်ကျော်အကွာ ပြင်ဦးလွင်- မန္တလေးလမ်းပေါ်ရှိ ပြင်စာကျေးရွာနှင့် သုံးတောင်ကျေးရွာအကြား မြေဧကတစ်သောင်းပေါ်တွင် အကောင်အထည်ဖော်နေသော ရတနာပုံ စီမံကိန်းအတွင်း ကျူးကျော်ဆောက်လုပ်ထားသည်ဆိုကာ ဇွန်လတွင်း သုံးတောင်ရွာမှ ဆိုင်ခန်းနှင့် နေအိမ် ၃၀ကျော်ကို စီမံကိန်းကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီက ဖယ်ရှားရှင်းလင်းခဲ့သည်။

ရတနာပုံစီမံကိန်းဧရိယာအတွင်းပါဝင်၍ ဖယ်ရှားပေးရမည့် ကျောင်းများအနက် သာသနာရေးအတွက် အကျိုးပြုနေသည့်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံ အများအပြား ပါဝင်နေကြောင်း ပြင်ဦးလွင်မြို့မှ နာမည်ကျော်တောင်ပုလဆရာတော်က ဖေ့ဘွတ်ခ်လူမှုကွန်ရက်ပေါ်၌ ယခုလဆန်းတွင် ရေးသားထားသည်။

“ဆရာတော်တွေ၊ သီလရှင်တွေဆိုတာ ပရိယတ္တိနယ်ပယ်မှာ ဓမ္မစာပေကျမ်းဂန်တွေ တတ်ကျွမ်း ပို့ချနေကြတာပါ။ ဒကာ၊ ဒကာမတွေက မြေလှူပါတယ်ဆိုတော့ အလှူခံလိုက်တယ်။ ပြီးတော့ ကုသိုလ်ရှင်တွေက သဒ္ဓါတရားနဲ့သိမ်တွေ၊ ကျောင်းတွေ၊ သာသနိကအဆောက်အဦတွေကို သာသနာရေးအတွက် ဦးစားပေးလုပ်ကိုင်နေကြတာပါ”ဟု ရေးသားထားသည်။

ရတနာပုံမြို့သစ်စီမံကိန်းနေရာပြမြေပုံ။ 

၂၀၁၀ ခုနှစ်က ရတနာပုံဆိုက်ဘာစီးတီး အဖြစ်လျာထားခဲ့သော အဆိုပါစီမံကိန်းကို ယမန်နှစ် နှောင်းပိုင်းမှစ၍ ပြန်လည်လုပ်ကိုင်ရန် စစ်တပ်က ကြိုးပမ်းလာခဲ့ခြင်းဖြစ်ကာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ လဆန်းတွင် စစ်ခေါင်းဆောင် သွားရောက်ခဲ့သည်။ 

စီမံကိန်းဧရိယာအတွင်းရှိ သုံးတောင်ကျေးရွာ မှန်ဘီလူးစက်ရုံအနီး သက်ကြီးဘိုးဘွားရိပ်သာ တစ်ခုကိုမူ ဩဂုတ်လ ၂၀ ရက်တွင် စီမံကိန်းတာဝန်ရှိသူများက စက်ယန္တရားများဖြင့် လာရောက်ဖယ်ရှားခဲ့သဖြင့် ကျောင်းနေသီလရှင်အချို့နှင့်ဘိုးဘွားများ နေရာအခက်အခဲဖြစ်ခဲ့သည်ဟု ထိုကျောင်းမှပြောင်းရွှေ့ပေးခဲ့ရသည့် သီလရှင်တစ်ပါးက ပြောသည်။

“ဆရာလေးတို့ကျောင်းက ၂၀ ရက်နေ့ကတည်းက လာဖျက်သွားပြီ။ လက်ရှိလုပ်နေတဲ့ လမ်းတွေ၊ အဆောက်အအုံတွေနဲ့မလွတ်လို့ဆိုပြီး လာလုပ်ကြတာ”ဟု ဆိုသည်။

သီလရှင် ငါးပါးနှင့် သက်ကြီးဘိုးဘွား ၃၀ ကျော် နေထိုင်နေသည့်  အဆောက်အအုံ ငါးခုထက်မနည်းကို ဖြိုချခံရခြင်းဖြစ်ပြီး လက်ရှိတွင် ကျောင်းအသစ်ရရှိရန် ဦးဆောင်သူဆရာလေး နှစ်ပါးက ကမကထ ပြုလုပ်ကာ ကြိုးပမ်းလျက်ရှိသည်ဟု သိရသည်။

“အဲဒီသုံးတောင်ရွာနဲ့ကပ်လျက် ရွာပြင်ကျတဲ့နေရာလေးမှာ မြေနေရာလေးအတွက် အလှူခံတန် အလှူခံ၊ ချေးငှားတန် ချေးငှားပြီးဝယ်ထားတယ်။ အဆောက်အအုံလေးတော့ ယာယီတဲလေးဆောက်နေပါပြီ”ဟု အထက်ပါသီလရှင်က ဆိုသည်။

ရတနာပုံစီမံကိန်းဖော်ဆောင်နေသည့် သုံးတောင်ကျေးရွာသည် မန္တလေးနှင့်ပြင်ဦးလွင် လမ်းပိုင်းပေါ်တွင် တည်ရှိပြီး၊ အိမ်ခြေထောင်ချီရှိသည့် ဖွံ့ဖြိုးသည့်ရွာကြီးတစ်ရွာဖြစ်ပြီး ရတနာပုံ ဆိုက်ဘာစီးတီးတက္ကသိုလ်၊ မှန်ဘီလူးစက်ရုံ၊ ဖုန်းဘေကတ်စက်ရုံများ အနီးအနားတွင်တည်ရှိသည့်အတွက် လူစည်ကားသောနေရာ ဖြစ်သည်။ ထိုစက်ရုံများကို အမှီပြုနေထိုင်ကာ လုပ်ကိုင်စားကြသောက်ကြပြီး စည်ကားလာသည့်အတွက် မြေဈေးမှာ ကျပ်သိန်းထောင်ချီ ပေါက်ဈေးရှိနေသည်။ 

ဖယ်ရှားခံရမည့် ကျောင်း ၁၄ ကျောင်းတွင်  လွန်ခဲ့သည့်နှစ် ၃၀ ကျော်ကတည်းက တည်ထောင်ထားသည့် တောရကျောင်းကြီးများ၊ စာသင်တိုက်ကြီးများလည်းပါဝင်နေသည့်အတွက် ကျေးရွာဂေါပကအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကျောင်းတိုက်များက စုပေါင်း၍ စစ်အစိုးရထံ လိပ်မူပြီး အသနားခံစာတင်ပြထားသည် ဟု အထက်ပါဆရာလေးက ဆိုသည်။

“အရှိန်အဝါကြီးတဲ့စာသင်တိုက်ကြီးတွေ၊ ဘုန်းကြီးကျောင်းကြီးတွေကတော့ အချိန်ရွှေ့ဆိုင်းပေးဖို့ ဒါမှမဟုတ် မဖျက်သိမ်းဖို့ အသနားခံစာတင်ပြထားကြတယ်။ ဆရာလေးတို့ရိပ်သာကတော့ လူဦးရေအားဖြင့် လည်းနည်းတယ်။ တည်ထောင်တာလည်း ငါးနှစ်ကျော်ခန့်ပဲရှိသေးတော့ အပြီးကိုလာဖျက်သွားတာ”

ယခင်လက ၎င်းတို့ သက်ကြီးဘိုးဘွားရိပ်သာအပါအဝင် ဇီးပင်ကြီးရွာရှိ ဘိုးဘွားရိပ်သာအဆောက်အအုံ အချို့လည်း ဖယ်ရှားခံခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် ကျောင်းအရေအတွက် မည်မျှဖယ်ရှားထားပြီး မည်မျှ ကျန်ရှိနေသည်ကို မသိရသေးပေ။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Now အနေဖြင့် စစ်တပ်တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

အမျိုးသားရေးဘုန်းကြီးအချို့ကလည်း ထိုကျောင်းများ ဖယ်ရှားခံရသည့်ကိစ္စနှင့်ပတ်သက်၍  လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ရှိနေသည်။ 

လက်ရှိတွင် အဆိုပါစီမံကိန်းဧရိယာ၌ မည်သည့်မြေအမျိုးအစားမဆို ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်းနှင့် အုတ်တံတိုင်းခြံစည်းရိုးများခတ်ကာ နေအိမ်ဆောက်လုပ်ခြင်းများ လုံးဝခွင့်မပြုကြောင်း ဗီနိုင်းအနီရောင် သတိပေးဆိုင်းဘုတ်ချိတ်ဆွဲထားသည်။

ရတနာပုံမြို့သစ်စီမံကိန်းဧရိယာအတွင်း ချိတ်ဆွဲထားသည့် သတိပေးဆိုင်းဘုတ်တစ်ခုကို ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ထို့အပြင် စီမံကိန်းမြေနေရာအချို့ကို သွပ်မိုးအပြာရောင်များဖြင့် ခြံစည်းရိုး ခတ်ထားခြင်း၊ စီမံကိန်း မြေနေရာများကို သစ်ပင်များခုတ်ထွင်၍ လမ်းများဖောက်လုပ်ခြင်း၊ လျှပ်စစ်မီးတိုင်များသွယ်တန်းခြင်း၊ အဆောက်အအုံများဆောက်လုပ်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ 

အဆိုပါစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူ၊ ပါဝင်သူများကို အသေးစိတ်တရားဝင်ထုတ်ပြန်ထားခြင်း မရှိသော်လည်း စစ်ခေါင်းဆောင်၏သားဖြစ်သူ ဦးအောင်ပြည့်စုံက ကြီးကြပ်ကာ စီမံကိန်းအတွင်းလမ်းပိုင်းများ၊ အဆောက်အအုံများဖော်ဆောင်နေခြင်းဖြစ်သည်ဟု အတည်မပြုနိုင်သောသတင်းများထွက်နေသည်။

မန္တလေးမြို့နှင့်မိုင် ၄၀ ခန့်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၃၀၀၀ ကျော်ရှိ  အေးမြသော ရာသီဥတု၊ လှပသောသစ်ပင်ပန်းမံများကြောင့်ကျော်ကြားသော မေမြို့(ခေါ်)ပြင်ဦးလွင်သည် စစ် အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့်  တိုက်ပွဲများကင်းစင်သည့် မြို့ဖြစ်သည့်အတွက် စစ်ဘေးရှောင်သူများ ခိုလှုံရာနေရာတစ်ခုဖြစ်လာပြီး မြေဈေးများ အဆမတန် ကြီးမြင့်လာသည်။

ယခုနှစ် မေလ ၁၆ ရက်နှင့် ၁၇ ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြင်ဦးလွင်သို့ လာရောက်ခဲ့ပြီး  ရက် ၁၀၀ စီမံချက်အနေဖြင့် အဆင်မြှင့်နေသည့် လမ်းများ၊ ဈေးများ၊ အချို့နေရာများကို သွားရောက် ကြည့်ရှုခဲ့သေးသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြို့အဆင့်မြှင့်တင်ရေးဟုဆိုကာ ဆိုင်ခန်းနေရာများ၊ မြေနေရာများကို စစ်တပ်က အတင်းအဓမ္မ ဖယ်ရှားမှုများပြုလုပ်နေပြီး မန္တလေးတိုင်းအပါအဝင် ဒေသအချို့၌ ပြည်သူများ၏ ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်။  

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles