
သဘာဝဓာတ်ငွေ့အနည်းငယ်သာတွေ့ရ၍ တရုတ်အစိုးရပိုင် ကုမ္ပဏီက ပြန်လည်အပ်နှံသွားသော မုတ္တမကမ်းလွန်ရှိ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်တစ်ခုကို “မင်းရဲသူ” စီမံကိန်းအမည်ဖြင့် စစ်ကောင်စီနှင့် ထိုင်းကုမ္ပဏီတို့ ပူးပေါင်းတူးဖော်သွားမည်ဖြစ်ကြောင်း သိရဿည်။
ထိုင်းနိုင်ငံသားပိုင် Gulf Petroleum Myanmar ကုမ္ပဏီနှင့် စစ်ကောင်စီထိန်းချုပ် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE) တို့ မုတ္တမကမ်းလွန်ရှိ လုပ်ကွက်အမှတ် M-10 မင်းရဲသူစီမံကိန်းတွင် ရေနံနှင့် ဓာတ်ငွေ့တူးဖော်ရန် ထုတ်လုပ်မှုခွဲဝေခံစားရေးစာချုပ် (Production Sharing Contract-PSC) ကို ယမန်နေ့က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနရုံးတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။
စစ်အာဏာသိမ်းပြီးနောက် မုတ္တမကမ်းလွန်ရှိ ရဲတံခွန်ရေနံစီမံကိန်းအော်ပရေတာ မလေးရှားနိုင်ငံပိုင် Petronas နှင့် အခြားကုမ္ပဏီများထွက်ခွာသွားပြီးနောက် Gulf Petroleum Myanmar ကုမ္ပဏီသည် ရဲတံခွန်စီမံကိန်းအော်ပရေတာအဖြစ်လုပ်ပိုင်ခွင့်ရထားသလို မင်းရဲသူစီမံကိန်းအသစ်ကိုလည်း တူးဖော်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိထုတ်လုပ်နေသည့် ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့စီမံကိန်းကြီးများမှာ ထုတ်လုပ်မှုကျဆင်းလာပြီး စီမံကိန်းပြီးဆုံးမည့်ကာလ နီးကပ်လာချိန် အလားအလာရှိသည့် လုပ်ကွက်များကို ရှာဖွေတူးဖော်နိုင်ရန် စီစဉ်နေကြောင်း စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
“ငွေကြေးထည့်ဝင်မှုအားကောင်းလာခြင်း၊ နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေနိုင်ခြင်း၊ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများပေါ်ပေါက်လာခြင်း၊ ပြည်တွင်းရေနံနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်” ဟု ၎င်းက ပြောဆိုခဲ့သည်။
စစ်ကောင်စီလက်ထက်တွင် ပထမဆုံး စာချုပ်ချုပ်ဆို၍ ထုတ်လုပ်မည့်စီမံကိန်းဖြစ်ပြီး ၂၀၂၈ တွင် ဓာတ်ငွေ့စတင်ထုတ်ယူနိုင်ရန် ရည်မှန်းကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။

သို့သော်လည်း ထိုလုပ်ကွက်နေရာကို တရုတ်အစိုးရပိုင် China National Offshore Oil Corporation (CNOOC) ကုမ္ပဏီနှင့် MOGE တို့ စာချုပ်ချုပ်ဆို၍ ရေနံရှာဖွေရေးတွင်းပေါင်း ၆ တွင်းအထိ တူးဖော်ခဲ့သော်လည်း ဓာတ်ငွေ့အနည်းအငယ်သာတွေ့ရှိပြီး စီးပွားဖြစ်မထုတ်လုပ်နိုင်ခြင်းကြောင့် ၂၀၁၃ ဝန်းကျင်တွင် ပြန်လည်အပ်နှံခဲ့ကြောင်း ရေနံနှင့် ဝဓာတ်ငွေ့လုပ်ငန်းများကို ထဲထဲဝင်ဝင်သိသည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
“သဘာဝဓါတ်ငွေ့သိုက် ပမာဏက သေးငယ်ပါတယ်။ CNOOC ရဲ့ တွက်ချက်မှု အရ 1Bcf လောက်ပဲ ရှိနိုင်တဲ့အတွက် ကမ်းလွန် စီမံကိန်းအနေနဲ့ ကတော့ တွက်ချေမကိုက်ပါဘူး။ အခုကတော့ စကစ အတွက် Propaganda (ဝါဒဖြန့်ချိတဲ့) သဘောပေါ့။ အဓိက ကျော်ကျော်လှိုင်(SMART) ပွဲစားလုပ်ပေးတာ ဖြစ်ပါလိမ့်မယ်။ စကစ လက်ထက် ရဲတံခွန်ကို GPM(Gulf Petroleum Myanmar) ရအောင် လုပ်ပေးတာလည်း သူပါပဲ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက ကမ်းလွန်လုပ်ကွက် M-10 နေရာကို အလားအလာကောင်းသည့် စီမံကိန်းသစ်သဖွယ် ထိုင်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုလာခြင်းဖြစ်သည်။
စီမံကိန်းအသစ်လုပ်ကိုင်မည့် Gulf Petroleum Myanmar (GPM) ကုမ္ပဏီကို မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် မှတ်ပုံတင်ထားပြီး မိခင်ကုမ္ပဏီမှာ ထိုင်းအခြေစိုက် Northern Gulf Petroleum ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ပိုင် စီးပွားရေးလုပ်ငန်း၏ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ချာဗလစ် ယောင်ချိုင်ယုရဲ့ အကြံပေးဖြစ်ခဲ့သူ ထိုင်းသူဌေးကြီး ချတ်ချိုင်းယမ်ဘန်ရွန်းက ထိုကုမ္ပဏီကို ကျောထောက်နောက်ခံပေးထားကြောင်း တက်ကြွလှုပ်ရှားသည့် Justice For Myanmar က ၂၀၂၂ ဇွန်တွင် ထုတ်ပြန်ခဲ့သည်။
GPM ၏ ဥက္ကဌမှာ SMART Group of Companies ၏ ဒါရိုက်တာနှင့် ဥက္ကဌဖြစ်သည့် ဦးကျော်ကျော်လှိုင် ဖြစ်ပြီး ထိုကုမ္ပဏီကို ၁၉၉၄ ခုနှစ်မှာ မြန်မာစစ်အာဏာရှင်များလက်ထက် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းကို ဝန်ဆောင်မှုပေးရန် တည်ထောင်ခဲ့ကြောင်း JFM က ဆိုသည်။
စာရေးဆရာ၊ ဘဝတက်လမ်းအတွက်ဟောပြောသူ၊ ရုပ်မြင်သံကြားမေးမြန်းခန်းများတွင် အစီအစဉ်တင်ဆက်သူအဖြစ်လည်း လူသိများသည့် ဦးကျော်ကျော်လှိုင်သည် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံကြောင်း စစ်တပ်ပိုင်မြဝတီသတင်းဌာနက ထုတ်လွှင့်သည့် ဆွေးနွေးပွဲများတွင် မကြာခဏထည့်သွင်းပြောဆိုလေ့ရှိသူဖြစ်သည်။
ရဲတံခွန်စီမံကိန်းမှ မလေးရှားအစိုးရပိုင် Petronas ကုမ္ပဏီထွက်ခွာသွားပြီးနောက် ဆက်လည်ပတ်ရန် စစ်ကောင်စီက တင်ဒါခေါ်ယူရာတွင် Gulf Petroleum Myanmar အပြင် တရုတ်နိုင်ငံပိုင် CNPC နှင့် မြန်မာကုမ္ပဏီများဖြစ်သော Yetagun Myanmar Energy, Union Capital တို့ကလျှောက်ထားခဲ့ကြပြီး အပြီးသတ်လုပ်ပိုင်ခွင့်ကို Gulf Petroleum Myanmar ကို ချပေးခဲ့သည်။
ထိုသို့လုပ်ပိုင်ခွင့်ရရန် ဦးကျော်ကျော်လှိုင်က အဓိက ဦးဆောင်ပါဝင်ခဲ့သည်။ စီမံကိန်းလွှဲပြောင်းစဉ်က ရပ်နားထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းများ ပြန်စရမည်ဖြစ်ကြောင်း Gulf Petroleum Myanmar ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ကျော်လှိုင်က Myanmar Now ကို ပြောဆိုခဲ့သည်။
ရဲတံခွန်စီမံကိန်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ၎င်းတို့ကုမ္ပဏီသာရှိပြီး အခြားရင်းနှီးမြှုပ်နှံသူများ မရှိကြောင်း၊ Gulf Petroleum Myanmar ကသာ လုပ်ငန်းလည်ပတ်သွားမည် ဖြစ်ကြောင်းလည်း ဦးကျော်ကျော်လှိုင်က ဆိုသည်။
စစ်ကောင်စီနှင့် ချုပ်ဆိုသည့် ရင်းနှီးမြှုပ်နှံမှုစာချုပ်များကို အသိမှတ်မပြုသလို အနာဂတ်တွင်လည်း တာဝန်ခံမည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထက်နိုင်ဦးက ပြောသည်။
ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေသည့် စစ်ကောင်စီသည် ၎င်းတို့လိုအပ်သည့် လက်နက်ခဲယမ်းများ ဝယ်ယူရန် နိုင်ငံခြားငွေကြေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် သယံဇာတထုတ်လုပ်မှုများပေါ်တွင် အဓိကမှီခိုနေရကြောင်း၊ ကုမ္ပဏီအချို့က စစ်တပ်နှင့်ပူးပေါင်းလုပ်ကိုင်၍ အသက်ဆက်ပေးနေကြောင်း ၎င်းက ဆိုသည်။
“ဒီထက်ပိုပြီးပိတ်ဆို့ဖို့လည်းလိုအပ်ပါတယ်။ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေ ရှိပါတယ်။ အဲ့ဒီကုမ္ပဏီတွေကို အမှန်တကယ် Sanction လုပ်မယ်ဆိုရင်တော့ ပိုပြီးထိရောက်မယ်လို့ မြင်ပါတယ်။ အတွင်းကိုဖြတ်တဲ့အပြင် အပြင်ကနေ စီးဆင်လာတဲ့ ဝင်ငွေတွေကို နိုင်ငံတကာအနေနဲ့က ဖြတ်တောက်ဖို့လုပ်သင့်တယ်လို့မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရေနံကုမ္ပဏီကြီးများထွက်ခွာသွားသော်လည်း ထိုင်းကုမ္ပဏီများက အစားထိုးဝင်ရောက်လာပြီး မုတ္တမကမ်းလွန် ရေတိမ်ပိုင်းလုပ်ကွက်များဖြစ်သော M-5, M-6 (ရတနာ)၊ M-9 (ဇောတိက)၊ M-12, M-13, M-14 (ရဲတံခွန်) တို့ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းသုံးခုလုံးကို ထိုင်းကုမ္ပဏီများသာ ဦးဆောင်လျက်ရှိသည်။

ဆန့်ကျင်သူများကို ဖိနှိပ်သတ်ဖြတ်နေပြီး အရပ်သားနေအိမ်များကို မီးရှိုကာ အရပ်ဘက်ပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည့် စစ်ကောင်စီသည် ထိုတိုက်ခိုက်မှုများအတွက် လိုအပ်သည့် လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများဝယ်ယူရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေများကို သုံးစွဲနေကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြနေကြသည်။
ထို့ကြောင့် စစ်တပ်နှင့် ပူးပေါင်း၍ ရေနံထုတ်လုပ်နေသည့် ကုမ္ပဏီကြီးများသည် သွေးစွန်းနေသော ကြံရာပါကုမ္ပဏီများဖြစ်ကြောင်း Blood Money – သွေးစွန်းငွေအဖွဲ့ တာဝန်ရှိသူ ကိုမိုက်က ပြောသည်။
“ဂျီနိုဆိုဒ်ကျူးလွန်ထားပြီး နိုင်ငံတကာဝရမ်းထုတ်ခံထားရတဲ့ အကြမ်းဖက် ရာဇဝတ်ဂိုဏ်း မြန်မာစစ်အုပ်စုနဲ့ စာချုပ်ချုပ်ဆိုတာဟာ ချုပ်ဆိုတဲ့ အစိုးရ၊ ကုမ္ပဏီတွေကလည်း သူတို့ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှု တွေကို အားပေးပံ့ပိုးနေတယ်ဆိုတာ သက်သေနဲ့တကွ ကြေညာ တယ်လို့မြင်ပါတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် ရတနာ၊ ရဲတံခွန်၊ ဇောတိကနှင့် ရွှေ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းကြီး ၄ ခုရှိပြီး ထပ်မံရှာဖွေတူးဖော်နေသည့် စီမံကိန်း ၂ ခုရှိကာ ယခုအခါစီမံကိန်းအသစ်တစ်ခုထပ်တိုးလာကြောင်း စစ်ကောင်စီက ဆိုသည်။