အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တမူးခရိုင်အတွင်းရှိ ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

မြန်မာ−အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ ခါမ်းပါတ်မြို့ကို သိမ်းနိုင်ရန် ၄ ရက် အချိန်ယူ တိုက်ခိုက်ခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။

မြန်မာ−အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်းရှိ ခါမ်းပါတ်မြို့ကို ၄ ရက်တာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ယနေ့ (နိုဝင်ဘာ ၇ ရက်) တွင် သိမ်းပိုက်လိုက်ပြီဟု ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့သည်ဟုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

ခါမ်းပါတ်မြို့ရှိ စစ်ရေးပစ်မှတ်များကို နိုဝင်ဘာ ၃ ရက်နေ့တွင် စတင်တိုက်ခိုက်သည်၊ ယနေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် မြို့ရှိ စစ်ကောင်စီ လက်နက်ကိုင်များကို ချေမှုန်းပြီး မြို့ကို စီးနင်းထားသည်ဟု တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောသည်။

“ခါမ်းပါတ်တစ်မြို့လုံး ရထားပါပြီခင်ဗျ။ လေးရက်တာအတွင်း တိုက်ပွဲကတော့ အတော်တိုက်ယူလိုက်ရပါတယ်။ ဒီနေ့မနက်မှာတော့ ရန်သူအားလုံး ဆုတ်ခွာသွားပါပြီ” ဟု သူက ဆိုသည်။

တပ်စခန်းများ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများရှိ စခန်းများကို သိမ်းပိုက်ထိန်းချုပ်ထားသည်၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်ပြီး လက်နက်များနှင့် စစ်ကောင်စီတပ်သား ရုပ်အလောင်း ၂ လောင်း သိမ်းဆည်းရမိသည်ဟုလည်း ဆိုသည်။

“ဒီနေ့မှာ ရှိသမျှအကုန်ဆုတ်သွားပါတယ်၊ ဒီကနေ့တော့ လေကြောင်းက လာပစ်တာ မရှိသေးဘူး။ မလာဘူးလို့လည်း မပြောနိုင်သေးဘူး။ ကျွန်တော်တို့ မြန်မြန်ဆန်ဆန် လုပ်စရာရှိတာ လုပ်နေပါတယ်” ဟု တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သား အရေအတွက်နှင့် မည်သည့်နေရာသို့ ဆုတ်ခွာသွားသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကာကွယ်ရေးအဖွဲ့များ သိမ်းပိုက်ထားသည့် ခါမ်းပါတ်မြို့ တည်နေရာပြမြေပုံ။

ခါမ်းပါတ်မြို့တိုက်ပွဲကို ချင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့ (CDF)၊ တမူးခရိုင် PDF အမှတ် ၂ တပ်ရင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာတွင် ခါမ်းပါတ်မြို့ကို မြို့နယ်ခွဲဟု ဖော်ပြထားပြီး လူဦးရေ ၃၈,၀၀၀ ကျော် နေထိုင်လျက်ရှိသည်။ ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၈ ခုဖြင့် ဖွဲ့စည်းထားသည့် မြို့နယ်ခွဲတစ်ခု ဖြစ်သည်။

ဧရိယာ စတုရန်းမိုင် ၁၂ မိုင် ကျယ်ဝန်းသည့် ခါမ်းပါတ်မြို့တွင် အခြေခံပညာအထက်တန်းကျောင်း အလယ်တန်းကျောင်း၊ မူလတန်းကျောင်း ၁ ကျောင်းစီနှင့် ခုတင် ၂၅ ခုဆံ့ ပြည်သူ့ဆေးရုံရှိပြီး ကချင်လူမျိုး အများစုနေထိုင်သည်သည့် မြို့ဖြစ်သည်ဟု ၂၀၁၇ ခုနှစ် တမူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းတွင် ဖော်ပြထားသည်။

မဟာမိတ်ညီနောင် ၃ ဖွဲ့က ၁၀၁၇ စစ်ဆင်ရေးအမည်ဖြင့် အောက်တိုဘာ ၂၇ တွင် စတင် ထိုးစစ်ဆင်နေရာ အာဏာသိမ်းစစ်ကောင်စီ၏ စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်ရရှိထားပြီး၊ ဆက်လက်၍လည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ထိုစစ်ဆင်ရေး စတင်ပြီးနောက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button