သတင်း

တရုတ်နှင့်စစ်ကောင်စီကြား ဆက်ဆံရေးပျက်မည်ကို မင်းအောင်လှိုင်စိုးရိမ်

တရုတ်အကူအညီဖြင့် တည်ဆောက်ခဲ့သော ကွမ်းလုံတံတားသစ်ကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားချိန် MNDAA က အချိန်ကိုက် တိုက်ခိုက်လာခြင်းဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံထုတ် ဒရုန်းများကို အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်နေသော စစ်ပွဲများကြောင့် တရုတ်နှင့် ဆက်ဆံရေးပျက်မည်ကို စိုးရိမ်သည်ဟု ယမန်နေ့ (နိုဝင်ဘာ ၈) က နေပြည်တော်၌ ပြုလုပ်ခဲ့သော ကာလုံအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

တရုတ်-မြန်မာနယ်စပ်တစ်လျှောက် အခြေပြုလှုပ်ရှားနေပြီး တရုတ်အာဏာပိုင်များနှင့် နီးစပ်သော ဆက်ဆံရေးရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်စခန်းများသာမက မြို့များပါ လက်လွတ်ဆုံးရှုံးနေရချိန် စစ်ကောင်စီက အရေးပေါ် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူခဲ့ခြင်းဖြစ်သည်။

တရုတ်အကူအညီဖြင့် တည်ဆောက်ခဲ့သော ကွမ်းလုံတံတားသစ်ကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားချိန် MNDAA က အချိန်ကိုက် တိုက်ခိုက်လာခြင်းဖြစ်ကြောင်းနှင့် MNDAA အဖွဲ့သည် တရုတ်နိုင်ငံထုတ် ဒရုန်းများကို အဓိကထား အသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။

မူဆယ်နှင့် ချင်းရွှေဟော်ဒေသည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် လမ်းကြောင်းဖြစ်သည်ကို MNDAA က သိရှိပြီးဖြစ်ကြောင်း၊ ယခုဖြစ်စဉ်သည် မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုသည်။

ထို့ပြင် ကျည်ဆန်များ တရုတ်နိုင်ငံအတွင်းသို့ ကျရောက်သဖြင့် နှစ်ဖက်တာဝန်ရှိသူများ ဖြေရှင်းနေရကြောင်း၊ နယ်စပ်ဒေသဖြစ်သဖြင့် အထူးပင် ထိန်းသိမ်းဆောင်ရွက်နေရပြီး နှစ်နိုင်ငံအထင်အမြင်လွဲအောင် လုပ်ဆောင်နေမှုများရှိကြောင်းလည်း အာဏာသိမ်းခေါင်းဆောင်က ဆိုသည်။

သို့သော် ရှမ်းမြောက်စစ်ပွဲများနှင့် ပတ်သက်၍ တရုတ်နှင့် “ဝ” တပ်ဖွဲ့၏ ပယောဂမကင်းဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စောင်းပါးရိပ်ခြည်ထည့်သွင်းပြောဆိုသည်ကို တွေ့ရသည်။

ကိုးကန့်ဒေသမြို့တော် လောက်ကိုင်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်း ဆောင်ရွက်နေသူများမှာ တရုတ်နိုင်ငံသားများပိုင်ဆိုင်သည့် ဟိုတယ်လုပ်ငန်းများဖြစ်ကြောင်း၊ လောက်ကိုင်နှင့် ချင်းရွှေဟော်တွင် ဟိုတယ် ၁၅၃ လုံးရှိသည့်အနက် ၁၂ လုံးသာ ခွင့်ပြုချက်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ အများစုမှာ တစ်ဖက်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကာ ၁၂ ထပ်၊ ၁၃ ထပ်အမြင့်ရှိ အဆောက်အအုံများကိုပင် တစ်နှစ်အတွင်း အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အွန်လိုင်းငွေလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများကို စိစစ်ဖော်ထုတ်ပြီး တရုတ်နိုင်ငံသား ၇၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ မလေးရှားနိုင်ငံသား ၃၂ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၇၃၀၀ ကျော်အနက် ၆၈၉၂ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့သည်ဟု ဆိုပြီး ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ လောက်ကိုင်မြို့တွင် ဖမ်းမိသည့် ကျန်တရုတ်နိုင်ငံသား ၁၀၀၀ ကျော်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထိမ်ချန်ထားသည်ကို တွေ့ရသည်။

ရှမ်းမြောက်ဒေသတစ်ခွင် အကြီးအကျယ်စစ်ဖြစ်လာစေသည့် အကြောင်းရင်းတစ်ရပ်မှာ ကျားဖြန့် ခေါ် အွန်လိုင်းအခြေပြု ငွေလိမ်ဂိုဏ်းများဂယက်နှင့် တရုတ်အစိုးရ၏ ဖိအားပေးမှုဖြစ်သည်။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ကာလကြာရှည် အမြစ်တွယ်နေသည့် လောင်းကစားလုပ်ငန်းများဖြိုခွင်းရေး ယခုနှစ်အစောပိုင်းမှစ၍ တရုတ်အစိုးရက တိုက်ရိုက်ဖိအားပေးလာခဲ့သည်။

ယခုနှစ် မေလအတွင်း နေပြည်တော်သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် ချင်ကန်း ရောက်လာခဲ့ရာ စစ်ကောင်စီကို အလေးပေးဆက်ဆံမည့် ခရီးစဉ်ဟု ထင်မှတ်ခဲ့ကြသော်လည်း အမှန်တကယ်၌မူ ၎င်း၏ ခရီးစဉ်မှာ ကျားဖြန့်နှိမ်နင်းရေးနှင့် ဆက်စပ်နေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ထိုခရီးစဉ်မှာ ကျားဖြန့်နှိမ်နင်းရေး တိုက်ရိုက်ဖိအားပေးရန်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် (၂၀) မြောက် နိုင်ငံလုံးဆိုင်ရာညီလာခံလမ်းညွှန်မှုကို အပြည့်အဝဖော်ဆောင်ရန် နေပြည်တော်သွားရောက်ခြင်းဖြစ်သည်ဟု တရုတ်သတင်းဌာန ဆင်ဟွာက ရေးသားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းမှာ မြန်မာနယ်စပ်ရှိ ကျယ်ခေါင်နှင့် ရွှေလီမြို့တို့ကို ဝင်ရောက်စစ်ဆေးပြီး နောက်တစ်ရက်တွင် နေပြည်တော်ရောက်လာခြင်းဖြစ်သည်။ ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်အစိုးရ၏ BRI စီမံကိန်းကြီးများအကြောင်း ဆွေးနွေးသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ဖော်ပြခဲ့ခြင်း မရှိပေ။

နောက်ပိုင်းတွင် ရန်ကုန်ရှိ တရုတ်သံအမတ် နေပြည်တော်သို့ အကြိမ်ကြိမ်သွားရောက်ကာ စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ တရုတ်သံအမတ်သည် လအနည်းငယ်အတွင်း နေပြည်တော်သို့ ၇ ကြိမ်ထက်မနည်း သွားရောက်ခဲ့သည်။ သံအမတ်သာမက တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ်ဖြစ်သူလည်း နေပြည်တော်သို့ ဒုတိယအကြိမ်ရောက်လာခဲ့သည်ကို တွေ့ရသည်။

လွန်ခဲ့သည့် ဇွန်လတွင် စစ်ကောင်စီက အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ သံသယရှိသူ ၆ ဦးကို ဖမ်းဆီးပြီး ရန်ကုန်လေဆိပ်၌ တရုတ်ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်။ တရုတ်ဘက်က အလိုရှိနေသော အွန်လိုင်းရာဇဝတ်မှုကျူးလွန်သူများကို စစ်ကောင်စီက ပထမဆုံးဖမ်းပေးခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လအတွင်း တရုတ်သံအမတ်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနှင့် လာအိုသံအမတ်တို့ကို တွေ့ဆုံပြီး အွန်လိုင်းလောင်းကစားလုပ်ငန်း ပူးပေါင်းတိုက်ဖျက်ရေးအတွက် ဆွေးနွေးသည်။ ထိုအတောအတွင်း တရုတ်၊ ထိုင်း၊ မြန်မာနှင့် လာအိုတို့မှ ရဲတပ်ဖွဲ့များ သုံးလေးကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးကြသည်။

စစ်ကောင်စီက ငွေလိမ်ဂိုဏ်းနှင့် ဆက်စပ်သူ ၂၆ ဦးကို ဩဂုတ်လနှောင်းပိုင်းတွင် နှစ်ကြိမ်ခွဲ ဖမ်းဆီးကာ တရုတ်လက် အပ်နှံခဲ့ပြီးနောက် ဘာသံမျှ ထပ်မကြားရတော့ပေ။

ကျားဖြန့်ဂိုဏ်းဆက်နွှယ်သူများ ဖမ်းဆီးရေး စစ်ကောင်စီဘက်က ငြိမ်သက်သွားချိန်တွင် တရုတ် – မြန်မာနယ်စပ်၌ အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများ ပေါ်ပေါက်လာသည်။ စက်တင်ဘာလဆန်းတွင် “ဝ” တပ်ဖွဲ့ က ကျားဖြန့်လုပ်ငန်းမှ တရုတ် ၁၂၀၀ ကျော်ကို ဖမ်းကာ တရုတ်လက် အပ်နှံလိုက်သည်။

အောက်တိုဘာ ၁ ရက်နေ့တွင် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦး တရုတ်နိုင်ငံဘက်ခြမ်းတွင် အဖမ်းခံရသည်။ စီးပွားရေးဆိုင်ရာပွဲတစ်ခုကို သွားတက်စဉ် တရုတ်အာဏာပိုင်များက အင်အားသုံးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် စစ်ကောင်စီနှင့် နီးစပ်သည့် ကြံ့ခိုင်ရေးပါတီဝင် လုပ်ငန်းရှင်တစ်ဦးလည်း ပါဝင်သည်။ ရက်ပိုင်းအကြာတွင် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့က ကျားဖြန့်ဂိုဏ်းများနှင့် ဆက်စပ်ဖွယ်ရှိသူ ၄၀၀ နီးပါးကို တရုတ်အစိုးရထံ အပ်နှံသည်။

ကျားဖြန့်ဂိုဏ်းဂယက် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး အောက်တိုဘာ ၁၂ ရက်နေ့တွင် “ဝ” ပြည်အစိုးရအဖွဲ့ ခေါင်းဆောင်ပိုင်းနှင့် ဆက်စပ်သူနှစ်ဦးကို တရုတ်အစိုးရက ဆုကြေးငွေဖြင့် ဖမ်းဝရမ်းထုတ်သည်။ အွန်လိုင်းလောင်းကစားလုပ်ငန်းကို ဦးဆောင်နေသည့် ထိပ်သီးဂိုဏ်းခေါင်းဆောင်နှစ်ဦး ဖြစ်သည်ဟု တရုတ်အစိုးရက အတိအလင်းကြေညာသည်။ သုံးလေးရက်အကြာတွင် စစ်ကောင်စီကလည်း ထိုဝခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ကြောင်း လိုက်ကြေညာသည်။

ထိုအတောအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ပျောက်နေကာ အရိပ်အယောင်မျှပင် မတွေ့ရပေ။ စက်တင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ်နိုင်ငံတည်ထောင်မှု (၇၄) နှစ်မြောက် အခမ်းအနားတွင် စစ်ကောင်စီဘက်က ဒုဝန်ကြီးချုပ်အဆင့် တက်ရောက်လာခဲ့သော်လည်း တရုတ်ဘက်မှ သံရုံးယာယီတာဝန်ခံသာ ဦးဆောင်ခဲ့သည်ကို တွေ့ရသည်။

အောက်တိုဘာလလယ်ပိုင်း၌ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် တတိယအကြိမ် BRI ထိပ်သီးဖိုရမ် ကျင်းပသည်။ တရုတ်နှင့် နီးကပ်သည့် နိုင်ငံတကာခေါင်းဆောင်အတော်များများ တက်ရောက်ခဲ့သော ထိုပွဲတွင် မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြားလိမ့်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ်တက်ရောက်ခဲ့သူမှာ ပို့ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဘေဂျင်းမြို့တော်သို့ ခြေချခွင့်ရသည့် ပထမဆုံးသော စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည်။

တရုတ်အစိုးရက နေပြည်တော်နှင့် အဆက်အဆံမပြတ်သော်လည်း စစ်ကောင်စီကိုယ်စားပြုဝန်ကြီးများအနေဖြင့် တရုတ်နိုင်ငံအစွန်အဖျားဒေသဖြစ်သော ယူနန်နှင့် အနီးတစ်ဝိုက်ကိုသာ သွားလာခွင့်ရသည်။

နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရချိန် အိမ်နီးချင်း အင်အားကြီးနိုင်ငံ၏ အားပေးထောက်ခံမှု အရေးတကြီးလိုအပ်နေသော်လည်း နေပြည်တော်ရှိ စစ်ခေါင်းဆောင်များ ဘေဂျင်းသို့ ဖိတ်ခေါ်မခံရပေ။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက်မူ တရုတ်နိုင်ငံဘက်ခြမ်းသို့ ခြေချခွင့်မရသည်မှာ အာဏာသိမ်းပြီးကတည်းက ယနေ့အချိန်ထိဖြစ်သည်။​

ကျားဖြန့်ဂိုဏ်းကိစ္စ ဂယက်ထနေချိန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Chen Hai မှာ နှစ်လနီးပါး ပျောက်ကွယ်နေပြီး အောက်တိုဘာ ၂၆ ရက်နေ့တွင်မှ ပြန်ပေါ်လာသည်။ နောက်တစ်ရက်တွင် ရှမ်းမြောက်ဒေသ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့၏ စစ်ဆင်ရေးကြီး ပေါ်ထွက်လာသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့၏ စစ်ဆင်ရေးစတင်ပြီး ရက်ပိုင်းအကြာ အောက်တိုဘာ ၃၀ ရက်နေ့တွင် နေပြည်တော်သို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong ရောက်လာပြီး ကျားဖြန့်ကိစ္စ ဖိအားပေးခဲ့သည်။

တရုတ်လုံခြုံရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်နှင့် အချိန်ကိုက်ပင် စစ်ကောင်စီက ကျားဖြန့်ဂိုဏ်းကိစ္စ ပထမဆုံးအကြိမ် အကျယ်တဝင့် ထုတ်ဖော်ပြောဆိုရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်သာ တာဝန်ရှိသည်ဟု ဆိုခဲ့သည်။

တရုတ်နိုင်ငံမှ Phoenix သတင်းဌာနနှင့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ တွေ့ဆုံမေးမြန်းခန်းကို နိုင်ငံပိုင်သတင်းစာများမှနေ၍ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၂၃ ရက်နေ့က ပြုလုပ်ထားသည့် သီတင်းတစ်ပတ်ခန့်ကြာ ဟောင်းနေပြီဖြစ်သော တွေ့ဆုံမေးမြန်းခန်းမှ ကောက်နုတ်ချက်ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့ခြင်းပင်။

ကျားဖြန့်ကိစ္စတွင် ၎င်းတို့အနေဖြင့် သာမန်အနေအထားဖြင့်သာ ကိုင်တွယ်ခဲ့ပြီး ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ တရုတ်ဘက်က အကြောင်းကြားလာမှသာ တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီဘက်က ဝန်ခံပြောဆိုသည်။

“၁၀၂၇” စစ်ဆင်ရေးအတွက် MNDAA က “ဝ” နယ်မြေအတွင်း ကြိုတင်ပြင်ဆင်ခဲ့ပြီး ချင်းရွှေဟော်ကို အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့အစည်းအဝေးတွင် ထည့်သွင်းပြောဆိုသည်။

ရှမ်းမြောက်တွင် တိုက်ပွဲဖြစ်နေစဉ် စစ်ကိုင်းတိုင်းအတွင်း PDF အဖွဲ့က ပွဲလန့်တုန်း ဖျာခင်းသည့်အနေဖြင့် ဝင်ရောက်တိုက်ခိုက်နေပြီး KIA နှင့် AA တို့လည်း ပါဝင်ကြောင်း၊ လက်ရှိတွင် ၎င်းတို့အနေဖြင့် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးတွင် တင်ပြခဲ့သည်။

စစ်ခေါင်းဆောင်၏ ထိုပြောကြားချက်သည် မြေပြင်အခြေအနေနှင့် ခြားနားနေသည်။

၁၀၂၇ စစ်ဆင်ရေး ၁၃ ရက်မြောက်ချိန်တွင် စစ်ကောင်စီစခန်း ၁၅၀ ကျော်၊ သံချပ်ကာကားကြီး ၆ စီးနှင့် မြို့ ၆ မြို့ထက်မနည်းကို မြောက်ပိုင်းမဟာမိတ်တပ်များနှင့် တော်လှန်ရေးတပ်များက သိမ်းယူထားနိုင်သည်။

စစ်ကိုင်းတိုင်း ခါမ်းပါတ်မြို့ရှိ စစ်ကောင်စီစခန်းကို နိုဝင်ဘာ ၇ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူပြီး အလံလဲလှယ်လွှင့်ထူနေစဉ် (ဓာတ်ပုံ – NUG-MOD)

ရှမ်းမြောက်ဒေသမှ မုံးကိုး၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ နမ့်ခမ်း ၄ မြို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းယူထားပြီး သိန္နီ၊ ကွမ်းလုံ၊ ကြူကုတ်ပန်ဆိုင်း ၃ မြို့ကို ထပ်မံသိမ်းပိုက်နိုင်ရန် အလားအလာကောင်းနေသည်။ အခြားတစ်ဖက်တွင်လည်း စစ်ကိုင်းတိုင်းအတွင်းမှ ခါမ်းပါတ်နှင့် ကောလင်းမြို့တို့ကို KIA, AA, PDF ပူးပေါင်းတပ်များက ယခုသီတင်းပတ်တွင် သိမ်းယူနိုင်ခဲ့ပြီး ထီးချိုင့်မြို့ကို ထပ်မံသိမ်းယူနိုင်ရန်လည်း ကြိုးစားနေသည်။

နေပြည်တော် ကာလုံအစည်းအဝေးတွင် ဒုသမ္မတနှစ်ဦးဖြစ်သော ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့လည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ ၎င်းတို့သုံးဦးမှာ အရေးပေါ်ကာလ သက်တမ်းတိုးရန် လိုအပ်သည့်အခါ ခေါ်ယူလေ့ရှိသော ကာလုံအစည်းအဝေးတွင်သာ တွေ့မြင်ရခြင်းဖြစ်သည်။

စစ်ကောင်စီကိုယ်စားပြု ဒုသမ္မတ ဦးမြင့်ဆွေက မြောက်ပိုင်းမဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာကွဲသွားနိုင်သည်ဟု ဆိုပြီး စစ်တပ်ကို တစ်နိုင်ငံလုံးက ဝိုင်းဝန်းထောက်ခံကြရန် တောင်းဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button