ဖမ်းဆီး ထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
လွန်ခဲ့သည့် တနင်္ဂနွေနေ့ (ဇူလိုင် ၉) နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသော်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ထိုကိစ္စ ထည့်သွင်းဆွေးနွေးခြင်း ရှိမရှိကိုမူ မသိရပေ။
စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီး ထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် နိုင်ငံတကာသံတမန်တစ်ဦး တွေ့ဆုံခွင့်ရခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက Don ပြောဆိုကြောင်း AFP သတင်းဌာနက ယနေ့ (ဇူလိုင် ၁၂) ရေးသားသည်။
“တွေ့ခဲ့ပါတယ်။ တွေ့ဆုံခဲ့ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်) ကျန်းမာရေးကောင်းတယ်။ ကောင်းမွန်တဲ့ တွေ့ဆုံမှုပါ” ဟုလည်း သတင်းထောက်များက လိုက်လံမေးမြန်းစဉ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မယုတ်မလွန် ဖြေကြားခဲ့သည်။
မကြာမီ ရာထူးသက်တမ်း ကုန်ဆုံးတော့မည့် ထိုင်းအိမ်စောင့်အစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး Don သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်မီ နေပြည်တော်သို့ တိတ်တဆိတ်သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ထိုခရီးစဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသည်ပင် မသိရှိခဲ့ကြောင်း၊ ထိုင်းလွှတ်တော်က မကြာမီ ဝန်ကြီးချုပ်အသစ် ရွေးချယ်တော့မည်ဖြစ်ရာ Don အနေဖြင့် ထိုသို့ပြုလုပ်ရန် အခွင့်အာဏာမရှိဟု ထိုင်းနာမည်ကျော်တက္ကသိုလ် ချူလာလောင်ကောင်းမှ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ဆိုင်ရာ ပါမောက္ခ Thitinan Pongsudhirak က မှတ်ချက်ပြုသည်။
“နိုင်ငံခြားရေးဝန်ကြီး Don က မြန်မာစစ်ကောင်စီနဲ့ ဆက်သွယ်နေတာဟာ အာဆီယံဘုံသဘောတူညီချက်ကို မထီမဲ့မြင်ပြုရာရောက်သလို အင်ဒိုနီးရှားနိုင်ငံရဲ့ ဥက္ကဋ္ဌလုပ်ပိုင်ခွင့်ကို သပ်လျှိုတဲ့သဘောလည်း ရောက်နေတယ်။ ဖုံးကွယ်ထားတာတွေရှိလိမ့်မယ်ဆိုတဲ့ သံသယဖြစ်စေတယ်”
အစိုးရအာဏာလွှဲပြောင်းပေးရတော့မည့် ထိုင်းအိမ်စောင့်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် Prayut Chan-o-cha နှင့် နိုင်ငံခြားရေးဝန်ကြီး Don တို့၏ လုပ်ရပ်များမှာ အကျိုးစီးပွားအရ ပါဝင်ပတ်သက်နေခြင်း ဟုတ်မဟုတ် မေးခွန်းထုတ်ဖွယ်ရာဖြစ်နေသည်ဟုလည်း ဒေါက်တာ Thitinan က ဇွန်လအတွင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပွဲစီစဉ်ခဲ့ခြင်းအပေါ် ထောက်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမှုသည် နိုင်ငံရေးအကျိုးအမြတ်ထုတ်ရန် အာဏာသိမ်းစစ်ကောင်စီ၏ ခြေလှမ်းသက်သက်သာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လက်ထောက်တစ်ဦးလည်းဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဦးမိုးဇော်ဦးက မှတ်ချက်ပြုသည်။
ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံရပြီးကတည်းက ရှေ့နေများနှင့်ပါ တွေ့ဆုံခွင့်မရတော့သည့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့်မရဘဲ မည်သည့်နိုင်ငံရေးဆုံးဖြတ်ချက်ကိုမျှ ချမှတ်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“Don က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်မီမှ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ သွားပြီးတွေ့ရတာလဲ။ အဲဒီအချက်ကိုလည်း စဉ်းစားစရာရှိပါတယ်။ တကယ်တမ်းတွေ့ခွင့်ရှိသူက အာဆီယံလက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံပေါ့။ သူတို့ကသာလျှင် တရားဝင်တွေ့ခွင့်ရှိတာပေါ့။ Don ကို ပေးတွေ့တယ်ဆိုတာကလည်း တော်တော်လေး သံသယရှိစရာဖြစ်ပါတယ်”
“ထိုင်းနိုင်ငံ လက်ရှိအစိုးရဆိုတာက မြန်မာစစ်တပ်နဲ့ တော်တော်ကြီးကို နီးစပ်တဲ့သူတွေ ဖြစ်နေတဲ့အခါကျတော့ ဒီလိုမျိုးတွေ့ခွင့်ပေးတာနဲ့ အထူးသဖြင့် အာဆီယံအစည်းအဝေးနဲ့ ကပ်ပြီးတော့ တွေ့ခွင့်ပေးတာနဲ့ ပတ်သက်ပြီးရင်တော့ တော်တော်လေး စဉ်းစားစရာရှိတာပေါ့” ဟုလည်း ဦးမိုးဇော်ဦးက ပြောသည်။
ထိုင်းအစိုးရအဖွဲ့မှ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ Don သည် လွန်ခဲ့သည့်ဧပြီလအတွင်း ၎င်း၏ အကြံပေးဖြစ်သူ Pornpimol Kanchanalak နှင့်အတူ နေပြည်တော်သို့ သွားရောက်ကာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ အကြံပေးပုဂ္ဂိုလ် Pornpimol မှာ အနောက်နိုင်ငံများ၏ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုများကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုထားသူ ဖြစ်သည်။
အာဆီယံအနေဖြင့် စစ်ကောင်စီနှင့် အပြည့်အဝပြန်လည်ဆက်ဆံရေးကို တွန်းအားပေးနေသူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယနေ့တွင်လည်း စေ့စပ်ဆွေးနွေးရေးအဖြေရှာရေးလမ်းကြောင်းကို အလိုရှိသည်ဟု ထပ်မံပြောဆိုခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး Don ဦးဆောင်ကာ ထိုင်းနိုင်ငံ၌ မြန်မာ့အရေးနှင့် ပတ်သက်၍ အလွတ်သဘောတွေ့ဆုံပွဲ သုံးကြိမ်ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံပွဲများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးအချို့သာ တက်ရောက်ခဲ့ပြီး ကျန်ဦးဆောင်နိုင်ငံများက လျစ်လျူရှုခဲ့ကြသည်။
လက်နက်ကိုင်တော်လှန်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အမာခံပါတီဝင်များက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဦးဆောင်နေကြပြီး၊ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုခေါင်းဆောင်များသည် အများပြည်သူ၏ ထောက်ခံမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့ကြသူများဖြစ်သည်။
သို့ရာတွင် အာဆီယံသည် NUG နှင့် အခြားမြန်မာအတိုက်အခံအဖွဲ့များကို မြန်မာပြည်သူများအား ကိုယ်စားပြုသော အစိုးရအဖွဲ့များအဖြစ် အသိအမှတ်မပြုပေ။
၂၀၂၂ ခုနှစ် မေလတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah သည် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်နိုင်ငံ ဝါရှင်တန်တွင် အလွတ်သဘောတွေ့ဆုံခဲ့သော်လည်း၊ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသော NUG နှင့် အခြားအတိုက်အခံအဖွဲ့များအပေါ် အာဆီယံအစိုးရများက ထောက်ခံကြောင်း ပြသသည့်ဖြစ်စဉ်မျိုးမှာ ရှားပါးနေဆဲဖြစ်သည်။
သို့သော် အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ကို အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်မပြုသည့် မူဝါဒကိုမူ အာဆီယံက ဆက်လက်ထိန်းသိမ်းထားသည်။
ဘရူနိုင်းနှင့် ကမ္ဘောဒီးယားတို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဆောင်ရွက်စဉ် လွန်ခဲ့သည့်နှစ်နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များ ခန့်အပ်ကာ နေပြည်တော်စေလွှတ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံခွင့်မရခဲ့ပေ။
မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံခြားများအကြား သဘောထားကွဲလွဲမှုများရှိနေပြီး လက်ရှိကျင်းပနေဆဲ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထိုအချက်ကို သတိပေးပြောဆိုခဲ့သည်ကို တွေ့ရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)