သတင်း

ချင်းပြည်နယ်ကာကွယ်ရေးအဖွဲ့များ မြို့တစ်မြို့ ထပ်မံရရှိ

အိန္ဒိယ-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ရိခေါရ်ဒါကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်ပြီး ၁၀ ရက်နီးပါးအကြာတွင် မတူပီမြို့နယ်အတွင်းရှိ လိုင်လင်းပီမြို့ကို ယနေ့ (နိုဝင်ဘာ ၂၄) တွင် တိုက်ခိုက်သိမ်းယူလိုက်သည်။

မြို့၏ မြောက်ဘက်ပိုင်းတွင် ကပ်လျက် တည်ရှိသော အမှတ် ၃၀၄  ခြေလျင်တပ်ရင်း (ခလရ) တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက ယနေ့ အပြီးသတ်တိုက်ခိုက်လိုက်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။

“လိုင်လင်းပီတပ်စခန်းကို သိမ်းဆည်းပြီးတော့ လိုင်လင်းပီမြို့ကို ထိန်းချုပ်စိုးမိုးထားပြီ” ဟု ဆလိုင်းထက်နီက ပြောသည်။

အင်အား ၅၀ နီးပါးရှိသည့် အဆိုပါတပ်စခန်းကို CNF လက်အောက်ခံ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များဖြစ်သော Matupi, Mara, Lautu, Zophei တပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းတပ်များက နိုဝင်ဘာ ၁၉ ရက်မှ စတင်ပြီး သုံးရက်ကြာ တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။

“(ဒီစခန်းသည်) မတူပီဗျူဟာကိုလည်း လုံခြုံရေးယူပေးတယ်လို့ ပြောလို့ရပါတယ်။ CNA တို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတို့ ချိတ်ဆက်မှုလုပ်တဲ့နေရာမှာ အဲ့ဒီလမ်းကြောင်းက အင်မတန်မှ အရေးကြီးတယ်….လိုင်လင်းပီတပ်စခန်းက။ အဲ့ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီလိုသိမ်းပိုက်လိုက်တာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု၊ လက်နက်သိမ်းဆည်းရရှိမှုအခြေအနေ အသေးစိတ် မသိရသေးကြောင်း၊ ခလရ ၃၀၄ စခန်းမှ ထွက်ပြေးသွားသော စစ်သားများကို လိုက်လံရှာဖွေနေသလို နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သူက ဆိုသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ လိုင်လင်းပီမြို့တည်နေရာပြမြေပုံ (Google Earth)

အဆိုပါ စစ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုအတွင်း စစ်တပ် ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးဝင်းထိုက်ဆိုသူ နိုဝင်ဘာ ၂၂ နံနက် ၃ နာရီခန့်က သေဆုံးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်နှင့် CDF တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“လိုင်လင်းပီစခန်းက ဒုတပ်ရင်းမှူးကတော့ ဗုံးထိပြီး ကျသွားတယ်” ဟု ပြောခွင့်ရသူမဟုတ်သဖြင့် အမည်မဖော်လိုသည့် CDF တပ်ဖွဲ့ဝင်က ပြောသည်။

အသက် ၃၇ နှစ်အရွယ် ဗိုလ်မှူး သေဆုံးရာ မိသားစုတွင် ဇနီး၊ အရွယ်မရောက်သေးသည့် သားသမီးနှစ်ဦး ကျန်ရစ်ကြောင်း မိသားစုနှင့် နီးစပ်သူ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

စစ်ကောင်စီက ထိခိုက်၊ သေဆုံးမှုဖြစ်ရပ်များကို သတင်းအမှောင်ချထားတတ်သည်။

ဤအတောအတွင်း လိုင်လင်းပီစခန်းတွင် တင်ထားသည့် အလံကို ဖြုတ်ချလိုက်သော တော်လှန်ရေးရဲဘော်များက ချင်းအမျိုးသားအလံကို ဝါလုံးတစ်လုံးတွင် ချည်နှောင်လွှင့်ထူလိုက်သည်ကို အွန်လိုင်းလူမှုကွန်ရက် ရုပ်သံတစ်ခုတွင် တွေ့ရသည်။

“စစ်XXXXများ သုံးသည့်အလံ၊ ငါငယ်ငယ်တုန်းက အလေးပြုသည့်အလံ” ဟု အော်ဟစ်နေသော ရဲဘော်တချို့က စစ်ကောင်စီအလံကို ခြေဖြင့် နင်းချေကာ အောင်ပွဲခံနေကြသည်ကို တွေ့ရသည်။

တောင်တန်းထူထပ်သည့် ချင်းပြည်နယ်တွင် မြို့နယ်အချင်းချင်း ဆက်သွယ်သည့် လမ်းကြောင်းအများစုကို ချင်းဒေသကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားသည့်အတွက် စစ်ကောင်စီအနေဖြင့် မြေပြင်မှ စစ်ကူပေးပို့နိုင်သည့် အခြေအနေမရှိဘဲ လေတပ်ကိုသာ အားကိုးနေရသည်ကို တွေ့ရကြောင်း ဆလိုင်းထက်နီက ပြောသည်။

သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ၁၅ ကြိမ်နီးပါး လာရောက်တိုက်ခိုက်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း လိုင်လင်းပီမြို့မှ အသက် ၅၀ အရွယ်ဝန်းကျင် အမျိုးသား ၂ ဦး သေဆုံးသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization – CHRO) ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လိုင်လင်းပီတပ်စခန်းကို သိမ်းပိုက်ပြီးနောက် ချင်းတော်လှန်ရေးရဲဘော်များက ချင်းအမျိုးသားအလံ လွှင့်ထူရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ – ချင်းတော်လှန်ရေးတပ်ဖွဲ့)

ဘုရားကျောင်း ၁ ခု နှင့် နေအိမ် ၁၅ လုံးခန့် ပျက်စီးခဲ့ကာ ဒေသခံ ၇၀၀၀ နီးပါးမှာ အိန္ဒိယနယ်စပ်နှင့် အနီးအနား ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထိုအဖွဲ့က ဆိုသည်။

စစ်တပ်အာဏာမသိမ်းမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က စတင်ပြီး လိုင်လင်းပီမြို့တွင် လေယာဉ်ကွင်းငယ်တစ်ခု တည်ဆောက်လျက်ရှိသည်။

လိုင်လင်းပီမြို့ကို လက်လွှတ်ခဲ့ရသည့် စစ်တပ်အနေဖြင့် ပြန်လည် အင်အားဖြည့်တင်းရန် မလွယ်ကူကြောင်း ထိုဒေသနှင့် ရင်းနှီးသည့် ဗိုလ်ကြီးကောင်းသူဝင်းက သုံးသပ်သည်။

“စစ်တပ်ရဲ့ခွင် ပိုကျုံ့သွားမယ်။ လိုင်လင်းပီစခန်းကို ဆုတ်ပြီးရင်လည်း ပြန်လာမယ့်အနေအထားမျိုးလည်း မရှိတော့ဘူး။ မတူပီမြို့ဘက်ကို၊ အတွင်းဘက်ကို ဆုတ်သွားမယ့် အနေအထားမျိုး ဖြစ်မယ်။ လိုင်လင်းပီကတော့ လွတ်မြောက်နယ်မြေတစ်ခုလိုမျိုး ဖြစ်လာမယ့် အနေအထားမျိုးရှိတယ်” ဟု ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။

ဗိုလ်ကြီးကောင်းသူဝင်းသည် မတူပီမြို့ စစ်ဗျူဟာအခြေချအဖွဲ့မှ စစ်ရေးအရာရှိ၊ တတိယတန်း၊ စစ်ထောက်တာဝန်ရှိပြီး မုံရွာမြို့တွင် ကြားစခန်းမှူးတာဝန်ယူခဲ့သူဖြစ်ကာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စစ်တန်းလျားကို ကျောခိုင်းလာသူဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်အဖွဲ့များက အောက်တိုဘာ ၂၇ ရက်မှ စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ပြီး စစ်ကောင်စီကို ဝိုင်းဝန်းထိုးစစ်ဆင်ရာ မြန်မာအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ကရင်နီနှင့် ချင်းပြည်နယ်တို့တွင်လည်း နိုဝင်ဘာလဆန်းမှစတင်ပြီး တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာသည်။

စစ်ကောင်စီတပ် အခက်တွေ့နေသည့် အခြေအနေကို အခွင့်ကောင်းယူပြီး တော်လှန်ရေးအင်အားစုက အိန္ဒိယ-မြန်မာနယ်စပ်ရှိ မြို့သုံးမြို့ကို ထိန်းချုပ်လိုက်ပြီဖြစ်သည်။

ထိုမြို့တို့မှာ ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့၊ လိုင်လင်းပီမြို့နှင့် စစ်ကိုင်းတိုင်းမှ ခမ်းပတ်မြို့တို့ဖြစ်သည်။

လက်နက်ကြီးပစ်ခတ်မှု၊ လေတပ်တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့် ဒေသများတွင် အရပ်သားထိခိုက်မှု ပေါ်ပေါက်လေ့ရှိရာ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ် ဝေလူးရွာကို စစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ၈ ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အခြေအနေတွင် ထိုသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသော်လည်း စစ်ကောင်စီက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်များတွင် ဖော်ပြခြင်း မပြုပေ။

မတ်လ ၃၀ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ထန်ထလန်မြို့နယ်၊ ခွာဖိုးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့သေးသည်။

အိန္ဒိယ- မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရသော ချင်းကာကွယ်ရေးအဖွဲ့ဝင်များ။ (ဓာတ်ပုံ-Chinland Information Center)

Show More

Related Articles

Back to top button