အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ရှိ စစ်တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မြို့ကို ထိန်းချုပ်ထားကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) က ပြောသည်။
ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ကို နိုဝင်ဘာ ၁၂ ရက်နေ့၊ ည ၁၁ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ (နိုဝင်ဘာ ၁၃) ညနေ ၅ နာရီတွင် စစ်တပ်စခန်းနှစ်ခုလုံးကို သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရိခေါဒါရ်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုရှိတယ်။ အဲ့ဒီ ၂ ခုလုံးကို တစ်နေကုန် ကျွန်တော်တို့နဲ့ တိုက်ခိုက်မှုဖြစ်ပြီးတော့ မနေ့က ညနေ ၅ နာရီမှာ အပြီးသိမ်းပြီးတော့ ရှင်းလင်းနိုင်ခဲ့တယ်။ ပြောချင်တာကတော့ ရိခေါဒါရ်တစ်မြို့လုံးကတော့ ကျွန်တော်တို့က အားလုံးထိန်းချုပ်ထားပြီးဖြစ်ပါတယ်” ဟု ချင်းအမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။
ရိခေါဒါရ်မြို့အနီး တောင်ကုန်းပေါ်ရှိ စစ်တပ်အထိုင်စခန်းကို ဦးစွာသိမ်းယူနိုင်ခဲ့ပြီးနောက် ကျန်ရှိနေသည့် တီအိုချောင်းအနီးရှိ တပ်စခန်းကို ဆက်လက် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ရိခေါဒါရ်မြို့သည့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျပြီး အခွန်အခကောက်ခံမှုများရှိသည်၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) အပါအဝင် ချင်းဒေသကာကွယ်ရေးအဖွဲ့များ အခြေစိုက်နေရာများနှင့် နီးသည်ဟု ဆလိုင်းထက်နီက ဆိုသည်။
“ကျွန်တော်တို့ဌာနချုပ် ပြီးတော့ အဲ့ဒီမှာ ရှိနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အခြေစိုက်ရာ နေရာတွေနဲ့ နီးနေတယ်။ လက်နက်ကြီးနဲ့သော်လည်းကောင်း အချိန်မရွေးပစ်ခတ်နိုင်တဲ့ အနေအထားမှာ ရှိတော့ ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက်သော်လည်းကောင်း၊ နယ်မြေစိုးမိုးရေးအတွက်သော်လည်းကောင်း အဲ့ဒီ ရိခေါဒါရ်စခန်းက သူတို့အမြင်အရဆိုရင် ဗျူဟာကျတဲ့နေရာ။ သူတို့ဘက်ကလည်း အရေးကြီးသလို ကျွန်တော်တို့ဘက်ကလည်း အင်မတန်မှ အရေးပါတာဖြစ်တယ်”
ရိခေါဒါရ်မြို့နှင့် အိန္ဒိယကို ဆက်သွယ်ထားသည့် နယ်စပ်တံတားတွင် ချင်းအမျိုးသားတပ်မတော်အလံ လွှင့်တင်ထားသည့် ဓာတ်ပုံများ ယနေ့ နံနက်မှ စတင်ပြီး အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာသည်။
စစ်ကောင်စီဘက်က နယ်မြေစိုးမိုးမှုရရှိရေး ပြန်လည်ကြိုးပမ်းလာနိုင်ဖွယ်ရှိပြီး ကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်း အကောင်းဆုံး ပြင်ဆင်ထားသည်ဟု ဆလိုင်းထက်နီက ပြောသည်။
တစ်နေကုန်နီးပါး ကြာမြင့်သည့် ရိခေါဒါရ်မြို့တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ချင်းပြည်နယ်တွင် မြို့ပေါ်မှအပ ကျေးလက်ဒေသများတွင် အုပ်ချုပ်ကာကွယ်ရေးယန္တရား တည်ဆောက်ပြီးသားဖြစ်သည့်အတွက် နယ်မြေထိန်းချုပ်ထားနိုင်ပြီဖြစ်သည့် ရိခေါဒါရ်မြို့တွင် အုပ်ချုပ်ရေးယန္တရားပါ တည်ဆောက်သွားရန်ရှိကြောင်း C NA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ဒါကတော့ ပြင်ဆင်ရေးအားကောင်းမှု၊ စုစည်းနိုင်မှုအပေါ်မှာ မူတည်ပါလိမ့်မယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။
ရိခေါဒါရ်မြို့တိုက်ပွဲတွင် ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၇ ဦး လက်နက်ချခဲ့ကြောင်း၊ အရာရှိအဆင့်အပါအဝင် ၃၀ ကျော်သည် တီအိုချောင်းကို ဖြတ်ကူးပြီး အိန္ဒိယနိုင်ငံအတွင်းသို့ ထွက်ပြေးသွားကြောင်း ဆလိုင်းထက်နီက ပြောသည်။
Hindustan Times အွန်လိုင်းသတင်းတစ်ပုဒ်တွင်လည်း မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ကို ကိုးကားပြီး အလားတူ ဖော်ပြထားသည်။
နယ်စပ်ဖြတ်ပြေးလာသူများထဲတွင် စစ်တပ်မှ ၃၉ ဦး ပါဝင်ပြီး မီဇိုရမ်ရဲတပ်ဖွဲ့ထံတွင် လက်နက်ချခဲ့သည်၊ ဗဟိုအစိုးရ ပြည်ထဲရေးဌာနက ညွှန်ကြားသဖြင့် ထိုစစ်သားများကို အာသံရိုင်ဖယ်တပ်ထံ လွှဲအပ်လိုက်သည်ဟု မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ Lalbiakthanga Khiangte က ပြောဆိုကြောင်း သတင်းတွင် ရေးထားသည်။
အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး နာမည်ကျော် အသည်းပုံရေကန်ရှိရာ ရိခေါဒါရ်မြို့သည် ဖလမ်းမြို့နှင့် မိုင် ၇၀ ကျော် ကွာဝေးပြီး တီးတိန်မြို့နှင့် မိုင် ၂၀ ကျော်သာ ကွာဝေးသည်။
ရိခေါဒါရ်မြို့သို့ စစ်ကူတက်လာနိုင်သည့် လမ်းကြောင်းများဖြစ်သည့် တီးတိန်၊ ဖလမ်းမြို့တို့နှင့် ဆက်သွယ်ထားသည့် လမ်းများအားလုံးကို ပိတ်ဆို့ထားပြီး အခြေအနေတည်ငြိမ်မှ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ချင်းကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော CDF Hualngoram မှ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
“အရပ်ဝတ်တွေနဲ့ ခဏခဏ တက်လာကြတာလေ။ အဲ့ဒါမျိုးကို တားဆီးချင်လို့။ စခန်းသိမ်းနေချိန်မှာ ပြေးသွားတဲ့ စစ်xxx တွေရဲ့ လက်နက်နဲ့ အကြွင်းအကျန်တွေ၊ တကယ်လို့ သူတို့ထောင်ထားတဲ့ မိုင်းတွေ ရှိခဲ့မယ်ဆိုရင် ရှင်းလင်းချင်တာ။ အဲ့ဒီအချိန်မှာ ပြည်သူတွေ အခက်အခဲမရှိအောင် အသွားအလာ ပိတ်ပင်တာပေါ့” ဟု CDF Hualngoram မှ ပြောရေးဆိုခွင့်ရှိသူ ဦးကီးမာက ပြောသည်။
ရိခေါဒါရ်မြို့ရှိ စစ်တပ်စခန်းများကို ပြီးခဲ့သည့် နှစ်အတွင်း ကာကွယ်ရေးအဖွဲများက ထိုးစစ်ဆင်နိုင်ခဲ့သော်လည်း ဒေသအသီးသီးတွင် စစ်ကောင်စီတပ်ကို ဝိုင်းဝန်းတိုက်ခိုက်ကြသည့် ၁၀၂၇ စစ်ဆင်ရေးကာလ တိုက်ခိုက်မှုတွင် မြို့ပေါ်ရှိ စစ်တပ်စခန်းနှစ်ခုလုံးကို သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့က ရိခေါရ်ဒါမြို့တွင် တိုက်ပွဲပြင်းထန်နေချိန် မြို့တောင်ဘက် မိုင် ၁၀၀ ကျော်အကွာရှိ ထန်တလန်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ၅ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆလိုင်းထက်နီထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့နှင့်အတူ မဟာမိတ်အဖွဲ့များက အောက်တိုဘာ ၂၇ ရက်နေ့က စတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေရာ စခန်း ၁၄၀ ကျော် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ ၅ မြို့ထက်မနည်း သိမ်းပိုက်ထားနိုင်ချိန်တွင် စစ်ကိုင်းတိုင်း၊ ကရင်နီ (ကယား) ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် စစ်ရေးအရှိန် မြင့်တက်လာခြင်းဖြစ်သည်။
ရိခေါရ်ဒါမြို့ စခန်းသိမ်းတိုက်ပွဲများသည် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေသည့် နိုင်ငံအနှံ့မှ စစ်ဆင်ရေးများနှင့် ဆက်စပ်မှုရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။
“စစ်ကောင်စီကို အပြုတ်တိုက်တဲ့ ဘယ် ၁၀၂၇ ပဲဖြစ်ဖြစ်၊ ၁၁၁၁ ပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ အဲ့ဒါ ဆက်စပ်မှုရှိပါတယ်။ စစ်ကောင်စီကို အပြုတ်တိုက်ဖို့ ဒီကာလမှာ လုပ်နေတဲ့ တိုက်ခိုက်နေတဲ့ အလုပ်ဟာတွေ မှန်သမျှကတော့ အားလုံးချိတ်ဆက်… ဆက်စပ်ပါတယ်။ အဓိကတော့ စစ်ကောင်စီ အပြုတ်တိုက်ရေးဆိုတာက ကျွန်တော်တို့အားလုံးရဲ့ ဦးတည်ချက်ဖြစ်နေလို့ပဲ” ဟု သူက ဆိုသည်။
အိန္ဒိယနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို နိုဝင်ဘာ ၇ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် မြို့ ၂ မြို့ ရှိလာပြီဖြစ်သည်။
တိုက်ပွဲများ ဖြစ်ပွားနေစဉ် ရိခေါဒါရ်မြို့ ဒေသခံများမှာ ကပ်လျက်ရှိ မီဇိုရမ်ပြည်နယ်၊ ဇိုကထာရ်ရွာဘက်သို့ နိုဝင်ဘာ ၁၂ ရက်နေ့က ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့က တိုက်ခိုက်မှုအတွင်း အိန္ဒိယဘက်ခြမ်းသို့ လက်နက်ကြီးကျည်အပိုင်းအစများ ကျရောက်သည့်အတွက် စစ်ဘေးရှောင် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စစ်ရှောင်အရေး ကူညီပေးနေသည့်အဖွဲ့များထံမှ သိရသည်။
“ပြည်သူတွေက နှစ်ဆင့်စစ်ဘေးရှောင်ရသလို ဖြစ်တာပေါ့။ ပထမကတော့ မြန်မာပြည်ဘက်ကနေ အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးလာရတယ်။ အိန္ဒိယဘက်ခြမ်းရောက်သော်လည်း လုံခြုံမှုမရှိပြန်ဘူး။ လက်နက်ကြီးကျရောက်မှုဧရိယာကနေလွတ်မြောက်နိုင်မယ့် နေရာထိ ထပ်ရှောင်နေရတာ။ နှစ်ဆင့်စစ်ဘေးရှောင်ရသလို ဖြစ်နေတာ” ဟု ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဗန်ဆွေးဆန်က ပြောသည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည့် စစ်ဘေးရှောင်ပြည်သူ ၅၁,၀၀၀ ကျော်ရှိသည့်အနက် ထက်ဝက်ကျော်မှာ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးရုံးက ယခုနှစ် မတ်လတွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)