သတင်း

ဖလမ်းမြို့နယ် စစ်ကောင်စီတပ်စခန်းတစ်ခု ကျပြီး ၅ ဦး အရှင်ဖမ်းခံရ

အသည်းပုံရေကန်တည်ရှိရာမြို့မှ တပ်စခန်းတစ်ခုကို ချင်းပြည်နယ်တော်လှန်ရေးအဖွဲ့ များက သိမ်းယူလိုက်သည်။

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ရှိ စစ်တပ်စခန်းတစ်ခုကို ယနေ့ (နိုဝင်ဘာ ၁၃) နံနက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) က အတည်ပြုသည်။

နာမည်ကျော် ရိဒ် အသည်းပုံရေကန်တည်ရှိရာ ရိခေါရ်ဒါမြို့အခြေစိုက် ထိုစခန်းကို ယမန်နေ့ (နိုဝင်ဘာ ၁၂) ည ၁၁ နာရီဝန်းကျင်ခန့်မှ စတင်တိုက်ခိုက်ရာ ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း CNA ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

CNA, ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ဟွာလ်ငိုရမ် (CDF Hulngoram)၊ CDF ထန်တလန် ဒရုန်းတပ်ဖွဲ့တို့က တီအိုချောင်းအနီးရှိ စစ်ကောင်စီ ကင်းစခန်းငယ်တစ်ခုကိုလည်း ဆက်လက် စီးနင်းတိုက်ခိုက်နေကြောင်း သိရသည်။

တောင်ပေါ်တွင် ရှိသော၊ အဓိကကျသော စခန်းကို ဦးစွာသိမ်းပိုက်ခြင်း ဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

“ခုကတော့ မြို့အောက်မှာရှိတဲ့ ချောင်းနားမှာရှိတဲ့ အဲ့ဒီနယ်စပ်လမ်းကြောင်းပေါ်မှာရှိတဲ့ ကင်းစခန်းငယ်တစ်ခုကိုတော့ ခု တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာပဲ ဂျက်ဖိုက်တာ လာသွားတယ်။ အဲ့ဒီနောက်ပိုင်းအခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဆလိုင်းထက်နီက ယနေ့ မွန်းတည့်ချိန်တွင် ပြောသည်။

တပ်စခန်းအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့် ဖမ်းဆီးရမိထားသည်ဟုလည်း ဆိုသည်။

“လက်နက်ခဲယမ်းကတော့ အတိအကျစာရင်းကတော့ မရသေးဘူး။ လက်နက်ခဲယမ်းသိမ်းဆည်းရမိတာတို့ အသေအပျောက်တာတို့တော့ ရှိတယ်။ အရှင်ကတော့ ၅ ယောက်လောက် ဖမ်းထားတယ်” ဟု ဆိုသည်။

ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးထားသည့် ချင်းတောင်ဒေသတွင် မြေပြင်စစ်ကူပို့နိုင်ရန် မလွယ်ကူသည့်အခြေအနေဖြစ်သောကြောင့် စစ်ကောင်စီက လေကြောင်းကိုသာ အားပြုတိုက်ခိုက်ဖွယ်ရှိသည်ဟု ဆလိုင်းထက်နီက ဆိုသည်။

“ခုထိတော့ မြေပြင်စစ်ကူတော့ မတွေ့ရသေးဘူး။ မြေပြင်ကနေ စစ်ကူဆိုတာက ချင်းတောင်မှာတော့ နည်းနည်းတော့ ခက်ခဲမယ်။ တပ်ထိုင်တစ်ခုနဲ့တစ်ခု လမ်းကြောင်းတွေကတော့ ကျွန်တော်တို့က စိုးမိုးထားနိုင်ပြီလို့ ပြောရမှာပေါ့။ အဓိကတော့ လေကြောင်းရန်ပဲ လာနိုင်တယ်လို့ အဲ့ဒီလိုပဲ ခန့်မှန်းပါတယ်” ဟု ဆိုသည်။

၂၀၂၁ ဒီဇင်ဘာ စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော CNA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Chinland Information Center)

တိုက်ပွဲအတွင်း အရပ်သား ၄ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားရာ ထိုအထဲတွင် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ဒေသခံတစ်ဦးနှင့် ဆလိုင်းထက်နီတို့၏ ပြောဆိုချက်အရ သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ချိတ်ဆက်ရာ ရိခေါဒါရ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ၂၀၂၂ မတ်လနှင့် ဩဂုတ်လတို့တွင်လည်း ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့တွင် ‘၁၀၂၇” စစ်ဆင်ရေးကို စတင်ခဲ့ပြီးနောက် စစ်ကောင်စီစခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားပြီး မြို့ ၅ မြို့ ထက်မနည်းကို ထိန်းချုပ်ထားနိုင်ချိန် စစ်ကိုင်းတိုင်း၊ ကရင်နီ (ကယား) ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း စစ်ရေးအရှိန် မြင့်တက်လျက်ရှိသည်။

ရန်သူဝိုင်းနေသည့် စစ်ကောင်စီသည် အသိမ်းခံရသည့် ထိုစခန်းများကို စစ်ကူပို့နိုင်ခြင်း မရှိပေ။

စစ်တပ် ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ရိဒ် အသည်းပုံရေကန်အနီး ရိခေါရ်ဒါမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို CDF အင်အား ၄၀၀ ခန့်က လာရောက်တိုက်ခိုက်နေကြောင်း ဖော်ပြထားကြသည်။

ရိခေါရ်ဒါမြို့မှ စစ်တပ်စခန်း တိုက်ခိုက်ခံနေရသည့်နေရာအနီး လေကြောင်းဖြင့် တိုက်ခိုက်နေသည်ကို ယနေ့နံနက်က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button