စစ်ဒဏ်ကြောင့် လွန်ခဲ့သော နှစ်နှစ်နီးပါးမှစ၍ လူသူကင်းမဲ့ကာ မြို့ပျက်ကြီးဖြစ်နေသည့် ချင်းပြည်မြောက်ပိုင်း ထန်တလန်မြို့တွင် စစ်ကောင်စီနှင့် ချင်းဒေသတော်လှန်ရေးအဖွဲ့များ တစ်ကျော့ပြန် တိုက်ပွဲဖြစ်နေရာ နှစ်ဖက်ထိခိုက် သေဆုံးမှုများသည်ဟု သိရှိရသည်။
ထန်တလန်မြို့ပေါ်တွင် စစ်တပ်တပ်စွဲထားသည့် ၃ နေရာထက်မနည်းကို ချင်းဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ယမန်နေ့ (ဩဂုတ် ၂၈) နံနက် ၅ နာရီဝန်းကျင်မှစ၍ တစ်နေကုန်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ လက်နက်ကြီးများသုံး၍ ဟန့်တားသည်။
စစ်တပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲသည့်နည်းတူ ထန်တလန်မြို့အရှေ့ဘက် မိုင် ၂၀ ကျော်အကွာရှိ ဟားခါးမြို့မှနေ၍ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ကြောင်း၊ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ၁၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရသူ ဆလိုင်းထက်နီက အတည်ပြုသည်။
ဒရုန်းဖြင့် ထောက်လှမ်းမှုများအရ ထန်တလန်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ကို တွေ့ရသော်လည်း အသေးစိတ် မသိရကြောင်း၊ စစ်ကောင်စီ လက်နက်အချို့ သိမ်းဆည်းရရှိထားကြောင်း ၎င်းက ဆက်ပြောသည်။
ထန်တလန်မြို့ပေါ်၌ တိုက်ပွဲဖြစ်သည့် နေရာများကို သီးခြားအတည်မပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
ဆလိုင်းထက်နီကမူ “သူတို့တပ် (စခန်း) ကုန်းကို ဝင်တိုက်တယ်ဆိုတာက စစ်ရဲ့ သဘောသဘာဝအရတော့ အထိအခိုက်ကတော့ ရှိမှာပဲ။ ဒါကတော့ ကြိုပြီးတော့ တွက်ထားပြီးသားပေါ့။ အဓိကတော့ စစ်ကောင်စီ ဆက်ပြီးတော့ တိုက်ပွဲတွေ အပြင်ထွက်ပြီး မလုပ်နိုင်အောင်၊ ဟားခါးကနေ စစ်ကူ ထပ်မတိုးနိုင်အောင် …..ထိုးစစ်အနေနဲ့ ဖန်တီးပြီးတော့ သွားရောက်တိုက်ခိုက်တာ ဖြစ်တယ်” ဟု ပြောသည်။
ဟားခါးမှ ထရပ်ကားသုံးစီးဖြင့် စစ်ကူလာသည့် စစ်တပ်ကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီးသွားသည်ဟု ၎င်းက ပြောသော်လည်း အသေးစိတ် မသိရပေ။
CNA နှင့်အတူ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များဖြစ်သည့် ဟားခါး၊ ထန်တလန်နှင့် ဇိုဖေ CDF အဖွဲ့များ ပူးပေါင်း၍ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း သေဆုံးသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ CNA မှ ၆ ဦး၊ CDF အဖွဲ့များမှ ၇ ဦး ဖြစ်သည်ဟု ဆလိုင်းထက်နီထံမှ သိရသည်။
“ကျွန်တော်တို့ဘက်က ပြင်ဆင်မှုလုပ်နေသလို သူတို့ဘက်ကလည်း လုပ်နေမှာပဲ။ စစ်ရေးကတော့ ဆက်လက်ပြီးတော့ ဖြစ်လာနိုင်မယ့် အလားအလာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
ထန်တလန်မြို့တွင် စစ်ကောင်စီတပ်စွဲထားရာ စခန်းတစ်ခုကို ဩဂုတ် ၁၄ ရက်ကပင် တော်လှန်ရေးအဖွဲ့များ စီးနင်းနိုင်ခဲ့ပြီး စစ်သား ၂ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိထားသည်။
ထန်တလန်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်တွင် တည်ရှိပြီး စစ်တပ်က အာဏာသိမ်းပြီး ခုနှစ်လကျော်အကြာမှစ၍ မြို့တွင်း တိုက်ပွဲများ စတင်ခဲ့ရာ မြို့ခံလူဦးရေ တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ယနေ့ထက်တိုင် ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပေ။
လူသူကင်းမဲ့နေသည့် ထန်တလန်မြို့ကို စစ်ကောင်စီက အကြိမ်ကြိမ်မီးရှို့ခဲ့ရာ မြို့ပျက်ကြီးလုံးလုံး ဖြစ်နေသည်။ ၂၀၂၃ နှစ်ဆန်းပိုင်းမှစ၍ တော်လှန်ရေးအဖွဲ့များက ထန်တလန်မြို့တွင်းကို ထိုးဖောက်ဝင်ရောက်ကာ နေရာတချို့တွင် တပ်စွဲထားနိုင်ပြီဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံနေသည့် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ စစ်ကိုင်း၊ ချင်း၊ ကယား (ကရင်နီ) ပြည်နယ်တို့ကို ထိန်းချုပ်နိုင်ရေး စစ်ရေးအရှိန်မြှင့်တင်ရန် စစ်ခေါင်းဆောင်က ဇူလိုင်လအတွင်း နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ပြောကြားထားသည်။
လက်နက်ကိုင်ခုခံမှု အားအကောင်းဆုံးဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်မှအပ ပြည်နယ်တစ်ခုလုံးနီးပါးကို စစ်ကောင်စီက ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)