သတင်း

ထန်တလန် စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း

မြို့လုံးကျွတ် စစ်ရှောင်နေရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စစ်ကောင်စီ တပ်စွဲထားသည့် တောင်ကုန်းကို ချင်းဒေသကာကွယ်ရေး (CDF) ပူးပေါင်းအဖွဲ့များက ယနေ့ (ဩဂုတ် ၁၄) ရက် နံနက်တွင် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့တောင်ဘက် တောင်ကုန်းတစ်ခုရှိ ထိုစခန်းကို ယနေ့ နံနက် ၅ နာရီဝန်းကျင်မှ စတင်၍ စီးနင်းခြင်းဖြစ်သည်၊ စစ်လေယာဉ်ကလည်း လာရောက် တိုက်ခိုက်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now ကို ပြောသည်။

“ထန်တလန်တပ်ကုန်းကို ကျွန်တော်တို့ ဝင်စီးတာပါ။ တပ်ကုန်းလုံခြုံရေးစခန်းတစ်ခုတော့ ဝင်သိမ်းနိုင်ခဲ့တယ်။ အဲ့ဒါနဲ့ ဂျက်သုံးကြိမ် ဗုံးလာကြဲတယ်” ဟု သူက ပြောသည်။

အဆိုပါ စီးနင်းမှုအတွင်း လက်နက် ၆ လက် သိမ်းဆည်းရမိခဲ့ကာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်ဒဏ်ရာရမှု အခြေအနေကိုမူ မသိရသေးသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရမိကြောင်း နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

စခန်းတိုက်ခိုက်ခံရပြီးနောက် မွန်းတည့်ချိန်၌ စစ်ကောင်စီလေတပ်က လေကြောင်းဖြင့် ပစ်ခတ်တုံ့ပြန်ခဲ့ရာ ထန်တလန်မြို့နှင့် အနီးဆုံးရွာဖြစ်သည့် ခွာဖိုးရွာအတွင်းရှိ ဘုရားကျောင်းအပါအဝင် အဆောက်အအုံ ၄ လုံးခန့် ထိမှန်ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားသည်။

ထန်တလန်မြို့မှ ၅ မိုင်ခန့်အကွာရှိ ခွာဖိုးရွာသည် အိမ်ခြေ ၇၀ ကျော်ခန့်သာ ရှိပြီး ယခုနှစ် မတ် ၃၀ တွင် လေတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၉ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုလေကြောင်းတိုက်ခိုက်မှုမှာ ချင်းပြည်နယ်တွင် အရပ်သားအများဆုံး သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး လေးလကျော် အကြာတွင် ခွာဖိုးရွာကို တစ်ကျော့ပြန်လေကြောင်းတိုက်ခိုက်ခြင်း ဖြစ်သည်။

ပင်လယ်ရေမျက်နှာပေ အမြင့် ၄၀၀၀ ကျော်တွင် တည်ရှိသည့် ထန်တလန်မြို့သည် ပြည်နယ်မြို့တော် ဟားခါးမှ ၂၅ မိုင်ခန့် ကွာဝေးသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် လပိုင်းအကြာ စက်တင်ဘာလတွင် ထန်တလန်မြို့ပေါ်တွင် စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

စစ်တပ်က အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးမှုကြောင့် ဘုရားကျောင်း ၃ ကျောင်းအပါအဝင် အိမ်ခြေ ရာနှင့်ချီ ပျက်စီးပြီး မြို့နေလူထု တစ်သောင်းကျော်မှာလည်း အိန္ဒိယနယ်စပ်နှင့် အနီးအနားကျေးရွာများသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထိခိုက်ပျက်စီးသွားသော ခွာဖိုးရွာမှ နေအိမ်တချို့။ (ဓာတ်ပုံ- ပေးပို့)

ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ထန်တလန်မြို့ထဲမှ စစ်ကောင်စီတပ်ဖွဲ့ အခြေချရာနေရာများကို ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့အထွက် တောင်ကုန်းရှိ စခန်းတွင်သာ နေရာယူ တပ်စွဲထားနိုင်သည်။

ထန်တလန်မြို့ကို နယ်မြေစိုးမိုးနိုင်ရန် အသည်းအသန် ကြိုးပမ်းနေသည့် စစ်တပ်က ဟားခါးမြို့မှတစ်ဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားများ ဖြည့်တင်းရန် ဟားခါး-ထန်တလန်ကြား သီးမစ်လွင်ပြင်ကို လနှင့်ချီ စစ်ကြောင်းထိုးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားအကောင်းဆုံးဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်မှအပ ပြည်နယ်တစ်ခုလုံးနီးပါးကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။

လက်နက်ကိုင်ခုခံမှု အားကောင်းရာ ဒေသများဖြစ်သည့် စစ်ကိုင်း၊ ချင်း၊ ကယား (ကရင်နီ) ပြည်နယ်တို့ကို ထိန်းချုပ်နိုင်ရေး စစ်ရေးအရှိန်မြှင့်တင်ရန် ဇူလိုင်လက နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ အမှတ် (၂၆၈) ခြေလျင်တပ်ရင်းကို ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်။

ထို့နောက် နာရီပိုင်းအကြာ ဖလမ်းမြို့မှ မိုင် ၂၀ ခန့်အကွာ ဖလမ်း-ဟားခါးလမ်းပေါ်ရှိ ရမ်ထလိုရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာဘုရားကျောင်းနှင့် နေအိမ် ၁ အိမ် ပျက်စီးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button