သတင်း

တူမီးကိုင်သည့် ချင်းဒေသတွင် စခန်းတစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက်သိမ်းပိုက်

ဂန့်ဂေါ-ဟားခါးလမ်းပေါ်မှ အင်အား ၇၀ ခန့်ရှိ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးအင်အားစုက တိုက်ခိုက်အပြီး နာရီပိုင်းအတွင်း သိမ်းနိုင်ခဲ့သည်၊ ဗိုလ်ကြီးတစ်ဦး အရှင်ဖမ်းမိသည်ဟု သိရသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တောင်ပိုင်း ဘုံဇုံးကျေးရွာရှိ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့ (ဒီဇင်ဘာ ၁၈) ရက် နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF/ CAN) ထံမှ သိရသည်။

ဂန့်ဂေါ-ဟားခါးလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၇၀ နီးပါး တပ်စွဲထားသည့် ဘုံဇုံစခန်းကို ယနေ့ နံနက် အစောပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီဝန်းကျင်တွင် စခန်းသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဒရုန်းကို အဓိက အသုံးပြုတိုက်ခိုက်ခဲ့သဖြင့် အချိန်တိုအတွင်း စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ကျွန်တော်တို့ မနက်စောစောတည်းကနေ တိုက်တော့ အခုသိမ်းပြီးတာတော့ နှစ်နာရီလောက်တော့ မကြာသေးဘူး။ သုံးလေးနာရီနဲ့ စစ်ဆင်ရေးလုပ်ပြီးတော့ သိမ်းနိုင်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့က ဒရုန်းကို အဓိကသုံးပြီးတော့ အဲ့ဒါနဲ့ အဲ့ဒီကုန်းကို ချတယ်။ ချဉ်းကပ်တယ်။ အဲ့ဒါနဲ့ အဓိက ဝင်သိမ်းနိုင်ခဲ့တာ ဖြစ်တယ်” ဟု ဆလိုင်းထက်နီက မွန်းလွဲ ၂ နာရီဝန်းကျင်တွင် Myanmar Now ကို ပြောသည်။

လက်ရှိတွင် နယ်မြေရှင်းလင်းနေဆဲဖြစ်သည့်အတွက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု၊ လက်နက်သိမ်းဆည်းရရှိမှုအခြေအနေအသေးစိတ်ကို မသိရသေးသော်လည်း ထိုစခန်းမှ ဗိုလ်ကြီးတစ်ဦး ဖမ်းဆီးရမိထားကြောင်း၊ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သူက ဆိုသည်။

ချင်းအမျိုးသားတပ်မတော်၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ ဟားခါးနှင့် ထန်တလန်အဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့ဘက်မှ ၂ ဦး သေဆုံးပြီး ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်မနှင့် ချင်းတောင်သို့ ကုန်သွယ်ရေးအတွက် အရေးပါသည့် ဂန့်ဂေါ-ဟားခါးလမ်းပေါ်ရှိ ထိုစခန်းသည် ချင်းတောင်သို့ စစ်အင်အားဖြည့်တင်းရန် လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ထောက်နားရာ နေရာလည်းဖြစ်ကြောင်း သိရသည်။

သိမ်းပိုက်ရရှိသော ဟားခါးမြို့နယ်တောင်ပိုင်း ဘုံဇုံးကျေးရွာရှိ စစ်တပ်စခန်းနေရာပြမြေပုံ။ 

“မကွေးတိုင်း အဝင်ကနေ ချင်းပြည်နယ်မြို့တော် ဟားခါးအထိကတော့ အဲ့ဒီလမ်းကြောင်းကြီးကတော့ ကျွန်တော်တို့ စိုးမိုးထားနိုင်ပြီပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ စခန်းသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

အောက်တိုဘာ ၂၇ တွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်အဖွဲ့များက ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများက မြို့ ၁၂ မြို့ထက်မနည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည်။

တော်လှန်ရေးအင်အားစုက တပ်စခန်း ၃၀၀ ခန့်ကို ၂ လ အတွင်း သိမ်းပိုက်နိုင်ခဲ့သည့် အဓိကအကြောင်းရင်းတစ်ခုမှာ ဒရုန်းအသုံးပြုပြီး အကြီးအကျယ် တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တစ်လကျော်ကာလအတွင်း ချင်းပြည်နယ်တွင် ရိခေါဒါရ်မြို့၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်သည်။

ဝေဘူလမြို့၊ ဆူခွားရ်မြို့၊ နှာရိန်းမြို့နှင့် မကွီအိမ်နူးမြို့တို့ကိုလည်း ကာကွယ်ရေးအဖွဲ့များက ယခင်ကပင် ရရှိထားပြီးဖြစ်သဖြင့် ချင်းပြည်နယ်တွင် ကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် မြို့ ၇ မြို့အထိ ရှိလာပြီဖြစ်သည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်ကောင်စီသည် အိန္ဒိယနယ်စပ်ကုန်သွယ်ရေးအရ အရေးပါသည့် ရိခေါဒါရ်မြို့အပါအဝင် ချင်းပြည်နယ်တွင်း စစ်ကောင်စီ လက်လွှတ်ခဲ့ရသည့် မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသလို မြေပြင်စစ်ကူပို့လွှတ်နိုင်ခြင်းလည်းမရှိကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တောင်ပိုင်း ဘုံဇုံးကျေးရွာရှိ စစ်တပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များ ယနေ့ သိမ်းပိုက်ပြီးနောက် ဒေသခံများက ကြိုဆိုကြစဉ် (ဓာတ်ပုံ – ပေးပို့)

စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် Non CDM ဝန်ထမ်းများအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံရန် ဆလိုင်းထက်နီက တိုက်တွန်းခဲ့သည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီး ဆန္ဒပြသူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ ရိုးရာဓလေ့အရ အမဲလိုက်တူမီး ကိုင်ဆောင်မှုနှင့် ကျင့်သားရနေသော ချင်းတိုင်းရင်းသားဒေသသည် နွေဦးတော်လှန်ရေး၏ ရှေ့တန်းနယ်မြေတစ်ခု ဖြစ်လာသည်။

ချင်းတောင်တွင် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်များကိုသာ ထိန်းချုပ်ထားနိုင်ပြီး လက်နက်ခဲယမ်း အကန့်အသတ်သာ ရှိသည့် ချင်းတိုင်းရင်းသားလက်နက်ကိုင်အင်အားစုက ကျေးလက်ဒေသကို ထိန်းချုပ်ထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလတွင် တော်လှန်ရေးအင်အားစုက မြို့ငယ်တချို့ကို သိမ်းပိုက်နိုင်ခဲ့ရာမှ ထိန်းချုပ်နယ်မြေ ပိုမို ကျယ်ပြန့်လာသည်။

ယခုအခါ တိုက်ပွဲဝင် မောင်းပြန်သေနတ် ကိုင်ဆောင်နေသည့် ချင်းတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးသမားများကို အများအပြား တွေ့လာရပြီဖြစ်သည်။

Show More

Related Articles

Back to top button