သတင်း

ချင်းပြည်နယ်မှ တတိယမြောက်မြို့အဖြစ် ရေဇွာကို ကာကွယ်‌ရေးအဖွဲ့များသိမ်းပိုက်

၆ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး လက်နက်ချခဲ့သည့် မတူပီမြို့နယ်၊ ရေဇွာမြို့ကို ချင်းပြည်နယ်ကာကွယ်ရေးအဖွဲ့များက ထိန်းချုပ်လိုက်သည်။

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များက ယနေ့ (နိုဝင်ဘာ ၂၉) နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့် ချင်းပြည်နယ်တွင် နိုဝင်ဘာလတွင်း ရိခေါဒါရ်မြို့၊ လိုင်လင်းပီမြို့တို့ကို ကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ရေဇွာမြို့သည် တတိယမြောက် သိမ်းပိုက်နိုင်ခဲ့သည့် မြို့ဖြစ်သည်။

မတူပီမြို့နယ် မြောက်ဘက် မိုင် ၆၀ ကျော်အကွာရှိ ရေဇွာမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များ နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ၄ ရက်အကြာတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

“နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီမှာတော့ မြို့ထဲကစခန်းရော အားလုံးသိမ်းလိုက်ပြီးတော့ မြို့ထဲကို ကျွန်တော်တို့ ထိန်းချုပ်လိုက်တာ” ဟု တိုက်ခိုက်ရာတွင် ပါဝင်သော ချင်းဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် CDF Zotung မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ ရေဇွာမြို့သည် ရပ်ကွက် ၄ ခု၊ အိမ်ခြေ ၅၂၀ ကျော်ရှိပြီး လူဦးရေ ၂၆၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

အင်အား ၆၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေဇွာမြို့ ရဲစခန်းနှင့် စစ်ကောင်စီ တပ်စခန်းကုန်းအပါအဝင် မြို့ထဲနေရာတချို့တွင် တပ်စွဲထားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးရမိခဲ့ကြောင်း CDF Zotung ထံမှ သိရသည်။

ရေဇွာမြို့သည် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ထားရာ ပြည်နယ်မြို့တော် ဟားခါးနှင့် မိုင် ၁၀၀ ကျော်သာ ကွာဝေးပြီး မတူပီမြို့နှင့် မိုင် ၆၀ အကွာအဝေးတွင် ရှိသော်လည်း စစ်ကူရောက်မလာကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

“မနေ့က ၃ နာရီနဲ့ ၅ နာရီကြားမှာ အချက် ၂၀ လောက်။ ဒီမနက်က ၅ ချက်လောက်ဆိုရင်တော့ စုစုပေါင်း ၃၀ ဝန်းကျင်လောက် လေယာဉ်နဲ့ မြို့ထဲပတ်ပတ်လည်ကို ကြဲထားတယ်။ အဆောက်အအုံတွေလည်း တော်တော်လေး ထိခိုက်မှုတွေရှိတယ်” ဟု CDF Zotung ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒန်နီက ယနေ့ (နိုဝင်ဘာ ၂၉) နေ့လယ်ပိုင်းတွင် ပြောသည်။

ရေဇွာမြို့သည် မတူပီနှင့် ဟားခါးကြားတွင် ရှိပြီး ‌အိန္ဒိယနှင့် ကူးလူးဆက်ဆံရေးအတွက် အရေးပါသည့် မြို့ဖြစ်သဖြင့် CDF Zotung, CDF Zophei, CDF Lautu, CDF Mara, CDF Senthang, CDF မတူပီနှင့် CNF တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ZZLMS စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မတူပီမြို့နယ်အတွင်း မတူပီ၊ လိုင်လင်းပီ၊ ရေဇွာ စသည့် မြို့ ၃ မြို့ရှိရာ တော်လှန်ရေးအဖွဲ့များက ၂ မြို့ကို ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များ သိမ်းပိုက်နိုင်သည့် ချင်းပြည်နယ်ရှိ မြို့ ၃ မြို့ထဲမှ လိုင်လင်းပီမြို့ (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

တောင်တန်းထူထပ်ရာ ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ကြီးများတွင်သာ နယ်မြေစိုးမိုးထားပြီး ကျေးရွာအများစုနှင့် မြို့နယ်ချင်း ဆက်သွယ်သည့် လမ်းပိုင်းများတွင် ကာကွယ်ရေးအဖွဲ့များက နယ်မြေထိန်းချုပ်ထားနိုင်ကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့များဖြစ်သည့် CDF Zotung နှင့် CDF Mara တပ်ဖွဲ့ဝင် ၁ ဦးစီ သေဆုံးခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေဇွာမြို့ကို ကာကွယ်ရေးအဖွဲ့များ ချဉ်းကပ်လာချိန်တွင် မြို့နေလူထုမှာ ဘေးလွတ်ရာ တိမ်းရှောင်ရန် ညွှန်ကြားထားသည့်အတွက် အရပ်သားထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှု၊ အရှင်ဖမ်းဆီးရမိမှု၊ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအခြေအနေတို့နှင့် ပတ်သက်ပြီး စိစစ်နေဆဲဖြစ်၍ အသေးစိတ်ပြောကြားနိုင်ခြင်းမရှိသေးကြောင်း CDF Zotung တာဝန်ရှိသူက ပြောသည်။

ထိုမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက်မှ စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး လက်နက်ချခဲ့ကြောင်း CDF Zotung ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒန်နီက ပြောသည်။

မြို့သိမ်းတိုက်ပွဲမစမီ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ၁ ဦး၊ မြို့သိမ်းတိုက်ပွဲ စတင်တိုက်ခိုက်သည့် ၂၆ ရက်နေ့တွင် ၃ ဦး၊ ၂၇ ရက်နေ့တွင် ၇ ဦး လက်နက်ချခဲ့သည်ဟု ဆိုသည်။

ရေဇွာမြို့ကို ကာကွယ်ရေးအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးပါက အရပ်သားများကို ပြန်လည်ဝင်ရောက်ခွင့်ပြုပြီး အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း CDF Zotung က ပြောသည်။

ရေဇွာမြို့ကို  ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်သည့်အခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီခန့် ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို ဆက်သွယ်သော်လည်း သူ၏တယ်လီဖုန်းက စက်ပိတ်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ စတင်ပြီး စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ပွဲအနှစ်ချုပ်ကို ထုတ်ပြန်နေရာ ယမန်နေ့ (နိုဝင်ဘာ ၂၈) ထုတ်ပြန်ချက်တွင် ရေဇွာမြို့ရှိ စခန်း အတိုက်ခံရသည်ဟု ထည့်သွင်း ဖော်ပြထားသည်။

“အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေမှာတော့ ရေစွာစခန်းကို လာရောက် တိုက်ခိုက်ခဲ့တာရှိပါတယ်။ ဆက်လက်ခုခံ တိုက်ခိုက်နေဆဲပဲ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်မြောက်ပိုင်းတွင်လည်း ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက အောက်တိုဘာ ၂၇ ရက်မှစတင်ပြီး ၁၀၂၇ စစ်ဆင်ရေးအဖြစ် မြို့ ၅ မြို့ထက်မနည်းကို ထိန်းချုပ်ထားပြီး စစ်ကောင်စီ တပ်စခန်း ၂၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုစစ်ဆင်ရေးနှင့် တစ်ပြိုင်နက်တည်းတွင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်တို့တွင်လည်း တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာပြီး မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း ကောလင်းမြို့၊ ခမ်းပတ်မြို့နှင့် ရွှေပြည်အေးမြို့၊ ချင်းပြည်နယ်တွင် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ရိခေါဒါရ်မြို့၊ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့တို့ကို ကာကွယ်ရေးအဖွဲ့များက သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button