သတင်း

ဥက္ကဋ္ဌဟောင်းနှင့် တွေ့ဆုံမှုသည် စစ်တပ်၏ သပ်လျှိုမှုဟု KNU တုံ့ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်းနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ တွေ့ဆုံမှုသည် တော်လှန်ရေးအင်အားစုများအကြား သပ်လျှိုသွေးခွဲရန် ပြုလုပ်ခြင်းဖြစ်ကြောင်း KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

စက်တင်ဘာ ၃၀ ရက်က နေပြည်တော်တွင် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် အာဏာသိမ်း စစ်ခေါင်းဆောင်တို့ တွေ့ဆုံကြသည့် မှတ်တမ်းဓာတ်ပုံများကို စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် KNU ဥက္ကဋ္ဌဟောင်း၏ လုပ်ရပ်နှင့် ပတ်သက်၍ စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်း ၇၀ ကျော် တော်လှန်နေသည့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော KNU ဘက်က ထိုသို့ ဝေဖန်တုံ့ပြန်ခြင်း ဖြစ်သည်။

“စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာ ကျွန်တော်တို့ လက်တွဲလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကြားမှာ ယုံမှားသံသယဖြစ်အောင်၊ ဇဝေဇဝါဖြစ်အောင်၊ အထင်မှားအမြင်မှားဖြစ်အောင် တမင်သက်သက် ထိုးခွဲလိုက်တဲ့ နည်းဗျူဟာတစ်ရပ်အဖြစ် စစ်ကောင်စီက လုပ်သွားတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ပဒိုစောတောနီးက Myanmar Now ကို ယနေ့ နံနက်တွင် ပြောသည်။

“ဒီလုပ်ရပ်တွေအပေါ်မှာ ကျွန်တော်တို့ ကရင်အမျိုးသားအစည်းအရုံးနဲ့ လုံးဝ ပတ်သက် ဆက်နွှယ်မှု မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြစေလိုပါတယ်”

ယင်းကိစ္စနှင့် ပတ်သက်ပြီး KNU အနေဖြင့် သီးခြားကြေညာချက်ထုတ်ပြီး ဖြေရှင်းရန် ပြင်ဆင်နေသည်ဟု သူက ဆိုသည်။

“စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ကျွန်တော်တို့ တစိုက်မတ်မတ်နဲ့ ဆက်လက်လုပ်သွားမယ်ဆိုတာ ဘာမှ ယုံမှားသံသယ မရှိပါနဲ့လို့ ပြည်သူလူထုကို ပြောချင်ပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

တွေ့ဆုံခဲ့သူများမှာ စောမူတူးစေးဖိုး (ဥက္ကဋ္ဌဟောင်း)၊ ပဒိုစောရောဂျာခင် (ဗဟိုကာကွယ်ရေး ဌာနမှူးဟောင်း)၊ KNU တပ်မဟာ (၆) ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့ဖြစ်ကြသည်။

ထိုသူများသည် စစ်တပ်နှင့် နီးစပ်သော ဆက်ဆံရေးရှိသည့်အပြင် ပျက်ပြယ်သွားပြီဟု KNU က မကြာခဏ ပြောဆိုသော အပစ်ရပ်စာချုပ် (NCA) ကို ထောက်ခံကြသူများ ဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဆက်သွယ်ရေးအတွက် တာဝန်ရှိသော ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့ ပါဝင်သည်။

မူတူးစေးဖိုးအဖွဲ့နှင့် စစ်ကောင်စီအဖွဲ့။

KNU ဥက္ကဋ္ဌဟောင်းအဖွဲ့နှင့် တွေ့စဉ် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်၍ ဆက်လက် ဆောင်ရွက်သွားမည်ဟု အာဏာသိမ်းခေါင်းဆောင်က ပြောကြောင်း စစ်ကောင်စီသတင်းစာများက ဖော်ပြထားကြသည်။​

ထိုထုတ်ပြန်ချက်များတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကို KNU ဥက္ကဋ္ဌဟောင်းအဖြစ် သုံးနှုန်းခြင်း မရှိဘဲ ကရင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များက KNU ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ မှန်မှန်ကန်ကန် ရောက်ရှိလာစေရေး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးနေမှုကို ကျေးဇူးတင်ကြောင်း၊ NCA စာချုပ်သည် မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့် ခိုင်မာသည့် တရားဝင်စာချုပ်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် NCA အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်ဟု ဖော်ပြထားသည်။

NCA စာချုပ် ရှစ်နှစ်ပြည့်အခမ်းအနားကို လာမည့် အောက်တိုဘာ ၁၅ တွင် နေပြည်တော်၌ အကြီးအကျယ် ကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေခြင်း ဖြစ်ပြီး ထိုအချိန်တွင် ယခုတွေ့ဆုံမှုက ပေါ်ထွက်လာခြင်း ဖြစ်သည်။

NCA နှင့် KNU 

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၁၅ ခုနှစ်က အပစ်ရပ်လက်မှတ်ရေးထိုးထားသော KNU က စစ်အာဏာသိမ်းမှုကို အတိအလင်း ဆန့်ကျင်ခဲ့ပြီး တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့သလို အာဏာသိမ်းမှုဆန့်ကျင်သူအများအပြားကိုလည်း ခိုလှုံခွင့်ပေးခဲ့သည်။

သို့ရာတွင် ၂၀၂၁ မေနှင့် ဇွန်လအတွင်း ထိုစဉ်က KNU ဥက္ကဋ္ဌဖြစ်သော ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့က NCA လမ်းစဉ်အတိုင်း ဆက်လက်ရပ်တည်မည်ဟု စာအသီးသီးထုတ်ခဲ့သောကြောင့် KNU ဗဟိုက ၎င်းတို့၏ ပုဂ္ဂိုလ်ရေးသဘောထားသာ ဖြစ်သည်ဟု ဖြေရှင်းခဲ့ရသည်။

ထို့နောက် KNU ၏ တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲများ ပိုပြင်းထန်လာပြီး စစ်ရှောင်သိန်းချီ ရှိလာကာ တိုက်ပွဲဧရိယာကျယ်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတိုက်ခိုက်နေသည်။

ယခုနှစ် ဧပြီလကုန်ပိုင်းမှစ၍ သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့သော ၁၇ ကြိမ်မြောက် ညီလာခံတွင် အသက် ၇၀ အရွယ် ပဒိုစောကွယ်ထူးဝင်း ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့သည့် တွေ့ဆုံပွဲတက်သည့် ပဒိုရွှေမောင်းသည်လည်း ၂၀၂၁ ဩဂုတ်အတွင်း ၎င်းနယ်မြေ၌ PDF များကို လက်မခံရန် စာထုတ်ခဲ့၍ KNU ဗဟိုနှင့် ထိုနယ်မြေ၏ အောက်ခြေသဘောထား မဟုတ်ကြောင်း ပြန်ထုတ်ပြန်ခဲ့ကြသည်။

မကြာသေးခင် စက်တင်ဘာ ၁၄ က KNU တပ်မဟာ (၇) ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မောင်ဧကလည်း NCA စာချုပ်ကို အခြေခံပြီး ဆောင်ရွက်သွားမည်ဟု သဘောထားထုတ်ပြန်ခဲ့သေးသည်။

၂၀၁၅ ခုနှစ်တွင် KNU အပါအဝင် လက်နက်ကိုင် ၁၀ ဖွဲ့က အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ကြပြီး KNU, ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က အပစ်ရပ်လက်မှတ်မထိုးခဲ့သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ (TNLA,MNDAA,AA)၊ ကရင်နီတပ်မတော် (KA) တို့ကဲ့သို့ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် ကရင်ပြည်နယ်အတွင်း၌ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ကာလရှည်ကြာ တပ်စွဲထားသည့် ခြေကုပ်စခန်းများကို တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ KNU/KNLA နှင့် မဟာမိတ်များက စစ်ကောင်စီ၏ တပ်စခန်း ၆၂ ခုကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က ထုတ်ပြန်သည့် စက်တင်ဘာ ၂၇ ရက်နေ့ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button