ဒူးပလာယာခရိုင်ဥက္ကဋ္ဌညွှန်ကြားစာ KNU ဗဟိုနှင့် အောက်ခြေပိုင်း သဘောထားမပါဟုဆို 

ပဒိုရွှေမောင်း၏ ညွှန်ကြားစာမှာ ၎င်းတစ်ဦးတည်း၏ သဘာထားသာဖြစ်ကြောင်း၊ ခိုလှုံနေသူများ စိုးရိမ်ပူပန်စရာမရှိကြောင်း KNU ဗဟိုနှင့် တပ်မဟာ (၆) တို့မှ တာဝန်ရှိသူများက ပြောသည် 

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းကို အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ − KIC) 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များကို လက်မခံရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်း၏ ညွှန်ကြားချက်မှာ KNU ဗဟိုနှင့် အောက်ခြေပိုင်း၏ သဘောထားမပါဟု ဆိုသည်။ 

ဒူးပလာယာခရိုင်ဥက္ကဋ္ဌက KNU တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေအတွင်း NUG နှင့် PDF များ လက်ခံထားခြင်းမပြုရန် စစ်ရေးနည်းလမ်းကို ရှောင်နိုင်သမျှ ရှောင်ရန် ဩဂုတ် ၂၄ ရက်တွင် လက်ရေးမူဖြင့် ညွှန်ကြားချက်ပေးပို့ခဲ့ကြောင်း ကရင်သတင်းဌာန KIC တွင် ဖော်ပြထားသည်။

ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်း၏ ညွှန်ကြားစာသည် ၎င်းတစ်ဦးတည်း၏ အမြင်သဘောထားဖြစ်ပြီး KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လုပ်ဆောင်ချက်မဟုတ်ကြောင်း KNU ဗဟိုမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“သူ့ခရိုင်က အောက်ခြေက မြို့နယ်တို့၊ တပ်ရင်းတို့က သူ့ကို လက်ခံချင်မှ လက်ခံမယ်။ ကျွန်တော်သိရသလောက်တော့ သူ့ကို လက်မခံဘူး” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အထက်ပါ ခရိုင်ဥက္ကဋ္ဌ၏ ညွှန်ကြားချက်ကြောင့် တပ်မဟာ(၆) နယ်မြေအတွင်း ခိုလှုံနေသူများ စိုးရိမ်ပူပန်စရာမရှိကြောင်းလည်း KNU ၏ ဒူးပလာယာခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ဆိုသည်။ 

“ကျွန်တော်တို့က နိုင်ငံရေးအစည်းအရုံးကြီးဖြစ်ပါတယ်။ ကျွန်တော်တို့မှာ မိတ်ဆွေရန်သူ သတ်မှတ်ချက်ဆိုတာ အတိအကျရှိတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ တော်လှန်ရေးကို လုပ်ဆောင်ခြင်းဖြစ်တယ်။ ဘဝတူဖြစ်သူများကို ကာကွယ်ဆောင်ရွက်သွားမှာ ဒါ မူပိုင်းဆိုင်ရာ အလုပ်ပဲဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။ 

စစ်အာဏာရှင်များ၏ နှိပ်ကွပ်မှုကို နှစ်ပေါင်း ၇၀ ကြာ ခံစားခဲ့သူအချင်းချင်း ကိုယ်ချင်းစာစိတ်ဖြင့် လက်ခံထားခြင်းဖြစ်ကာ KNU ၏ ရည်ရွယ်ချက်ကို ချီတက်ရာတွင် ရန်သူမိတ်ဆွေသတ်မှတ်ချက် ရှင်းရှင်းလင်းလင်းရှိသည်ဟုလည်း  ပဒိုစောလစ္စတန်က ပြောသည်။ 

“ဖက်ဒရယ်ကို ချီတက်မယ့်နေရာမှာ ကျွန်တော်တို့ အဟန့်အတားကဘာလဲ၊ ကျွန်တော်တို့ကို အထောက်အကူပေးမယ့် အားအင်ဆိုတာ ဘာလဲဆိုတာ ကျွန်တော်တို့ သေချာဖော်ပြထားခြင်းရှိပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ရပ်တည်လုပ်ဆောင်သွားပါမယ်” ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီက နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် ပူးပေါင်းကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆောင်ရွက်နေသော လူငယ်များကို ဝင်ရောက်ရှင်းလင်းရန်ဟူသော အကြောင်းပြချက်ဖြင့် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ရာ KNU တပ်မဟာ(၆) ထိန်းချုပ်ရာ ကော့ကရိတ်မြို့နယ်တွင် ဩဂုတ် ၂၃ ရက်မှစ၍  နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့သည်။

ထို့ပြင် ဩဂုတ် ၂၆ ရက်က ကြားအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ BGF တပ်စခန်းကို KNU တပ်မဟာ(၆)က သိမ်းပိုက်ခဲ့ပြီး  ထပ်မံ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်ခွာသွားသည့် ကြိတ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ 

တပ်မဟာ (၆) နယ်မြေအတွင်း စစ်ကောင်စီဘက်က အင်အားတိုးချဲ့လာနေသည့်အပြင် ပေါ်တာဆွဲခြင်းများရှိနေသဖြင့် ကော့ကရိတ် − ကြာအင်းဆိတ်ကြီးသွားရာ လမ်းတလျှောက်ရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း သိရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် စစ်ကောင်စီဆန့်ကျင်သည့် ပြည်သူလူထုကို ကူညီကာကွယ်ပေးမည်ဖြစ်ကြောင်း ကရင်အမျိုးအစည်းအရုံးက ယခင်ကတည်းက ထုတ်ပြန်ထားပြီး ဖြစ်သည်။ 

အာဏာသိမ်းပြီးချိန်မှစ၍ KNU လက်အောက်ခံ တပ်မဟာနယ်မြေများတွင် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့်နည်းတူ လတ်တလောတွင်လည်း တပ်မဟာနယ်မြေအားလုံးတွင် စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

ကလေးမြို့နယ်တွင် စာသင်ကျောင်း တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအနောက်ပိုင်း လက်ပံချောင်း-ရာဇဂြိုဟ်ကားလမ်းမကြီးဘေးရှိ ရွာစာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်သည်။

အဝေးထိန်းမိုင်း ထိန်းချုပ်စက်များ သုံးရန် စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားထား

တော်လှန်ရေးအဖွဲ့များ အဓိကသုံးစွဲလေ့ရှိသည့် မိုင်းဒဏ် မခံရစေရေး Jammer (ဆက်သွယ်ရေးလှိုင်း ဖြတ်တောက်စက်) ၆ မျိုး သုံးစွဲရန် စစ်ကောင်စီက အောက်ခြေတပ်များကို အမိန့်ပေးထားသည်။

ပြည်သူအပေါ် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်ကို အင်ဒိုကာကွယ်ရေးဝန်ကြီး ဆုံးမ

လူထု၏ မုန်းတီးခြင်းခံနေရသည့် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံရေးမှ ဖယ်ခွာပြီး ပြည်သူကို ကာကွယ်ရေးဆိုသော စစ်တပ်၏ ပဓာနတာဝန်ကိုသာ ထမ်းဆောင်သင့်ကြောင်း အင်ဒိုနီးရှားစစ်တပ် ဗိုလ်ချုပ်ဟောင်း၊ လက်ရှိ ကာကွယ်ရေးဝန်ကြီးက ပြောသည်။

မုန်တိုင်းသင့်ဒေသများကို ဝင်ရောက်ခွင့်မရသေးကြောင်း ကုလထုတ်ပြန်

မိုခါမုန်တိုင်းကြောင့် နေအိမ်၊ လယ်ယာနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရာ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့်မှာ သေရေးရှင်ရေးတမျှ

လားရှိုးထောင်ရှိ အမျိုးသမီးတစ်ဦး နှစ်နှစ်ကျော်အထိ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးမှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အဖမ်းခံရခြင်းဖြစ်ကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၅၇) စစ်ကြောရေးတွင် တစ်ပတ်ခန့် အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်။