တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လမ်းစဉ်အတိုင်း ဆက်လက်ရပ်တည်မည်ဆိုသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့၏ သဘောထားထုတ်ပြန်ချက်များသည် ပုဂ္ဂိုလ်ရေးသဘောထားသာဖြစ်သည်ဟု KNLA တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထုဝေါင်းက ပြောသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြီးခဲ့သည့် မေလ ၁၀ ရက်တွင် လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးသဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်း၊ NCA မူဘောင်များအား လိုက်နာကျင့်သုံးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
သက်ဆိုင်သူအားလုံးအနေဖြင့် NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးလျက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြရန် အလေးအနက်တိုက်တွန်းကြောင်းလည်း KNU ၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ စောမူတူးစေးဖိုးက ထည့်သွင်းတောင်းဆိုခဲ့သည်။
KNLA သည် KNU ၏ နိုင်ငံရေးဦးဆောင်လမ်းညွှန်မှုကို အစဉ်ခံယူလိုက်နာလျက် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကရင်အမျိုးသားရေးကို အစဉ်ဆောင်ရွက်လာခဲ့ရာ မေလ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ သဘောထားအတိုင်း လိုက်နာခံယူသွားမည်ဖြစ်ကြောင်း ယနေ့ (ဇွန်လ ၉) တွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ၎င်း၏ သဘောထားကို ထုတ်ပြန်ခဲ့သည်။
သို့ရာတွင် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ သဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNLA ဗဟိုစစ်ဦးစီးဌာနချုပ်က မသိရသေးဘဲ ကြေညာချက်ကိုပင် မတွေ့ရသေးကြောင်း KNLA တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထုဝေါင်းက Myanmar Now ကို ပြောသည်။
KNU ဥက္ကဋ္ဌနှင့် KNLA စစ်ဦးစီးချုပ်တို့က ၎င်းတို့တစ်ဦးချင်းစီ၏ သဘောထားများထုတ်ပြန်ခြင်းသည် အဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိမရှိ မေးမြန်းရာတွင် ဗိုလ်မှူးချုပ်မန်းရှာထုဝေါင်းက “အဲဒါက ပုဂ္ဂိုလ်ရေးသဘောထားကျတော့ ကျွန်တော်တို့ကတော့ အတည်ပြုလို့မရဘူးလေ။ ကျွန်တော်တို့အားလုံးကတော့ ကျွန်တော်တို့ရဲ့သဘောထားနဲ့တော့ တစ်ထပ်တည်းတော့ မဖြစ်ဘူးပေါ့။ ပုဂ္ဂိုလ်ရေးသဘောထားကတော့ ဒါကတော့ ရှိကြမှာပေါ့ အမျိုးမျိုးပေါ့” ဟု ဖြေကြားသည်။
လက်ရှိအခင်းအကျင်းသည် NCA အတိုင်း ဆက်သွားနိုင်သည့် အခင်းအကျင်းဖြစ်ပါသလားဟု ဆက်လက်မေးမြန်းရာတွင် KNLA တွဲဖက်စစ်ရေးချုပ်က “ကျွန်တော်တို့သဘောထားက အဲဒီလိုမရှိပါဘူး။ ကျွန်တော်တို့သဘောထားက ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလက ထုတ်ထားတဲ့ ရပ်တည်ချက်အတိုင်းပဲ ကျွန်တော်တို့ ရှေ့ဆက်သွားမှာပဲ။ အဲဒီရပ်တည်ချက်အပေါ်မှာပဲ ခိုင်ခိုင်မာမာရပ်တည်သွားမယ်” ဟု ပြောသည်။
KNLA အနေဖြင့် စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ဒီဇင်ဘာ ၁ ရက်တွင် ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခဲ့ရာတွင် NCA ရေးထိုးပြီးသော်လည်း NCA ပါ တပ်ပိုင်းဆိုင်ရာနှင့် ကြားကာလအစီအစဉ်များကို အကောင်အထည်မဖော်နိုင်ခဲ့သည့်အပြင် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးယန္တရား ထိရောက်စွာ ဖော်ဆောင်နိုင်ခြင်းမရှိကြောင်းကို မီးမောင်းထိုးပြခဲ့သည်။
ထို့ပြင် တပ်မတော်က NCA ပါ သဘောတူညီချက်များကို ချိုးဖောက်မှုများရှိနေကြောင်းလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ထောက်ပြခဲ့သည်။
တပ်မတော်အနေဖြင့် ကျေးရွာအတွင်း ယခင်စခန်းချတပ်စွဲထားသည့် တပ်စခန်းများနှင့် ထပ်မံတိုးချဲ့ခဲ့သည့် စခန်းများကို ၂၀၂၀ နှစ်မကုန်မီ အပြီးအပိုင်ရုပ်သိမ်းပေးရန် KNLA က တောင်းဆိုခဲ့ပြီး လိုက်နာမှုမရှိပါက KNLA အနေဖြင့် အမျိုးသားနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဦးလည်မသုန်ဆောင်ရွက်မည်ဟု ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် KNU က အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုလှုပ်ရှားမှုများကို အကူအညီ အကာအကွယ်ပေးသွားမည်ဟု သဘောထားထုတ်ပြန်ခဲ့သည်။
ထို့နောက် KNU ထိန်းချုပ်ရာနယ်မြေများတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ KNU တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲအများဆုံးဖြစ်ခဲ့သည်။ အဆိုပါဒေသရှိ စစ်ကောင်စီတပ်စခန်းများကို KNU တပ်မဟာ(၅)က တိုက်ခိုက်သိမ်းပိုက်ခြင်း၊ စစ်ကောင်စီတပ်စခန်းများကို ရိက္ခာဖြတ်တောက်ထားခြင်းများ ပြုလုပ်ခဲ့သည်။
ရိက္ခာပို့ဆောင်သည့် စစ်ကောင်စီယာဉ်များကို ကြားဖြတ်တိုက်ခိုက်ခြင်းအပါအဝင် ဖာပွန်ဒေသ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ တိုက်ပွဲပေါင်း ရာချီဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅၀ ကျော် သေဆုံးခဲ့ကြောင်းလည်း KNU က ထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ KNLA ၏ သဘောထားကို မေးမြန်းရာတွင် တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထုဝေါင်းက “စစ်အာဏာသိမ်းမှုက အားလုံးသိကြတဲ့အတိုင်းလေ၊ ဒါက မတရားဖိနှိပ်တဲ့လုပ်ရပ်ဆိုတော့ ကျွန်တော်တို့ လုံးဝလက်ခံလို့မရဘူး။ အဲဒါက ကျွန်တော်တို့တပ်မတော်ရဲ့သဘောထား” ဟု ယနေ့ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။