သတင်း

KNU ထိပ်ပိုင်းခေါင်းဆောင်သစ် ၆ ဦးကို အပြီးသတ်ရွေးချယ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အရေးပါသော ထိပ်ပိုင်းခေါင်းဆောင်များအဖြစ် ဥက္ကဋ္ဌ အပါအဝင် ၆ ဦးကို ရွေးချယ်ပြီးစီးခဲ့ကြောင်း ယနေ့ (မေ ၃) တွင် သိရသည်။

KNU ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌအဖြစ် ပဒိုစောဆဲဂေ (ညောင်လေးပင်ခရိုင် ဥက္ကဋ္ဌ)၊ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) အဖြစ် ပဒိုစောသောသီဘွဲနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ပဒိုစောလှထွန်း၊ တရားသူကြီးချုပ်အဖြစ် ပဒိုနော်မြိုင်ဖိုးတို့ ရွေးချယ်ခံရသည်။

ဧပြီ ၂၄ မှ မေ ၁ ရက်အထိ ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် ညီလာခံသို့ တက်ရောက်လာသော ကိုယ်စားလှယ် ၁၀၀ ကျော်အနက် KNU ခေါင်းဆောင်ပိုင်းနေရာအတွက် ကိုယ်စားလှယ် ၅၆ ဦးက ဝင်ရောက်အရွေးချယ်ခံခဲ့ကြကာ လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။ 

ယခင် KNU ဥက္ကဋ္ဌဟောင်း အသက် ၉၀ အရွယ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ညီလာခံ တက်ရောက်ခဲ့သော်လည်း ရွေးကောက်ခံခြင်းမပြုတော့ကြောင်း သိရသည်။ 

တက်ရောက်လာသည့် တပ်မဟာ၊ ခရိုင် ၇ ခုအနက် တပ်မဟာ (၂) နှင့် (၅) ကိုယ်စားလှယ်များမှအပ ကျန်သူများက မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး စစ်ရေးအရ အရေးပါပြီး ဗျူဟာကျသည့် ထိုတပ်မဟာ ၂ ခုမှ ကိုယ်စားလှယ်များက မဲမပေးသလို ဝင်ရောက်ရွေးကောက်ခံခြင်းလည်း မပြုခဲ့ပေ။ 

သို့သော်လည်း KNU ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ တက်ရောက်သူ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ပြည့်သည့်အတွက် ရွေးကောက်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ပြီး အပြီးသတ်ရလဒ် အတည်ပြုနိုင်ခဲ့သည်။ 

ထိုသို့ ၆ ဦး ရွေးချယ်ပြီးကြောင်း KNU သတင်းရင်းမြစ် ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ယနေ့ အတည်ပြုသည်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ စစ်ဦးစီးချုပ်နေရာအတွက်မူ ရွေးချယ်ပြီးစီးခြင်းမရှိသေးကြောင်း ၎င်းထံမှ သိသည်။

လက်ရှိ KNLA စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးစောဂျော်နီနှင့် ဒုတိယစစ်ဦးစီးချုပ်အဖြစ် ကရင်လူထု ထောက်ခံမှုများသည့် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲတို့က တာဝန်ယူထားသည်။

၄ နှစ် တစ်ကြိမ် ပြုလုပ်ပြီး ခေါင်းဆောင်သစ် ရွေးချယ်သည့် KNU ညီလာခံကို ၂၀၁၇ ခုနှစ်က နောက်ဆုံး ပြုလုပ်ခဲ့ပြီး ညီလာခံ ထပ်မံပြုလုပ်မည့် ၂၀၂၀ တွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ၊ ၂၀၂၁ တွင် စစ်အာဏာသိမ်းမှုအပြီး တိုက်ပွဲများ ဖြစ်ပွားနေခြင်းတို့ကြောင့် ညီလာခံ မကျင်းပနိုင်ခဲ့ပေ။

KNU ၏ ညီလာခံသည် သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စသည်ဖြင့် အဆင့်ဆင့် ရွေးကောက် တင်မြှောက်သည့် ကိုယ်စားလှယ်များက ၄ နှစ်လျှင် တစ်ကြိမ် ညီလာခံကျင်းပကာ ဗဟိုအမြဲတမ်းကော်မတီအဖြစ် ကိုယ်စားလှယ် ၅၀ ကျော်ကို ရွေးချယ်ကြသည်။ ယင်းတို့ထဲမှ KNU ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ် စသည့် ခေါင်းဆောင်ပိုင်းများကို ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖြစ် ပြန်လည်ရွေးချယ်ခြင်း ဖြစ်သည်။

၂၀၁၅ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော KNU သည် စစ်တပ်၏ အာဏာသိမ်းမှုကို ရှုတ်ချခဲ့သည်၊ လက်နက်ကိုင်ခုခံလိုသူများကို စစ်သင်တန်းပေးသလို စစ်ကောင်စီ လက်အောက်မှ ထွက်ပြေးလာသူများကိုလည်း ခိုလှုံခွင့်ပေးခဲ့ရာ KNU ၏ တပ်မဟာ ၇ ခုလုံးတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ (ဓာတ်ပုံ – ကရင်အမျိုးသားမီဒီယာ)

သို့သော်လည်း တပ်မဟာအလိုက် NCA ကို လက်ခံသူ၊ စစ်ကောင်စီတပ်ကို ပြန်တိုက်ခိုက်လိုသူများ ကွဲပြားမှု ရှိခဲ့ပြီးနောက် KNU ညီလာခံ ကျင်းပနိုင်ရေး၊ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ပေါ်ပေါက်ရေး တိုက်တွန်းမှုများ ရှိလာသည်။

ယခုနှစ်ဆန်းတွင် ကရင့်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၆၀ ကျော်က တရားမဝင်လောင်းကစားလုပ်ငန်းများ ပါဝင်သည့် မြို့သစ်စီမံကိန်းများ တည်ဆောက်ရေးမှာ ပါဝင်ပတ်သက်နေသည့် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

KNU တပ်မဟာ (၅) က ၁၇ ကြိမ်မြောက် ညီလာခံတွင် အကြံပြုစာ ပေးပို့ခဲ့ပြီး ထိုစာတွင် တရားမဝင်မြို့သစ်စီမံကိန်း၌ ပါဝင်ပတ်သက်မှုရှိသော ခေါင်းဆောင်များကို အပြစ်ပေး အရေးယူနိုင်ရေး တောင်းဆိုခဲ့ရာ ပါဝင်ပတ်သက်သူများကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မူဝါဒစည်းမျဉ်းစည်းကမ်းအရ အရေးယူရန် ညီလာခံက ဆုံးဖြတ်ခဲ့သည်ဟု အကြောင်းပြန်ခဲ့ကြောင်း ကရင်သတင်းဌာနဖြစ်သော KIC ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ 

ထိုကိစ္စနှင့် ပတ်သက်ပြီး ပဒိုစောရောဂျာခင်၊ ဗိုလ်မှူးချုပ်စောဖောဒို၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ သား စောဒို့စိုး၊ ဗိုလ်မှူးကြီးစောဘချောနှင့် ပဒိုစောအယ်နာတို့ ရာဇဝတ်မှုနှင့် မလွတ်ကင်းသည့် တရားမဝင်စီးပွားရေးလုပ်ငန်းတွင် ပါဝင်ပတ်သက်ပါက အစည်းအရုံး၏ ဥပဒေစည်းမျဉ်းစည်းကမ်းချက်အတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း KNU ၏ အကြောင်းပြန်စာထဲတွင် ပါရှိသည်ဟု KIC သတင်းက ဆိုသည်။

KNU စတင်ဖွဲ့စည်းချိန်မှစ၍ ဥက္ကဋ္ဌအဖြစ် ၁၉၄၇ ခုနှစ်တွင် စောစံဖိုးသင်က ပထမဦးဆုံး တာဝန်ယူခဲ့ပြီး ၁၉၄၇-၁၉၅၀ တွင် စောဘဦးကြီး၊ ၁၉၅၀-၁၉၅၃ တွင် စကောလယ်တော၊ ၁၉၅၃-၁၉၆၃ တွင် စောဟံတာသာမွေး၊ ၁၉၆၃-၁၉၇၅ တွင် မန်းဘဇန်၊ ၁၉၇၆-၂၀၀၀ အထိ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ၂၀၀၀-၂၀၀၈ အထိ ပဒိုစောဘသင်စိန်၊ ၂၀၀၈-၂၀၁၂ အထိ ဗိုလ်ချုပ်ကြီး စောတာမလာဘော၊ ၂၀၁၂-၂၀၂၃ အထိ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့က တာဝန်ယူခဲ့ပြီး ၁၀ ဦးမြောက် KNU ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ဖြစ်လာသည်။

ဒုစစ်ဦးစီးချုပ် အခြေစိုက်ရာ တပ်မဟာ (၅) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း ညီလာခံအတွက် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးရာတွင်လည်း တက်ရောက်ခြင်း မပြုခဲ့ပေ။ 

KNU အုပ်ချုပ်ရေးအောက်တွင် တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄) ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ တပ်မဟာ (၇) ဖားအံခရိုင် တို့ရှိကာ လက်နက်ကိုင်တပ်များအဖြစ် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တို့ ရှိသည်။

လက်ရှိ KNU နယ်မြေများတွင် လက်အောက်ခံ ကရင်လက်နက်ကိုင်တပ်များသာမက KNU က လေ့ကျင့်ပေးထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များလည်း ပူးပေါင်းတိုက်ပွဲဝင်နေကြသည်။ 

ဥက္ကဋ္ဌသစ် အကြောင်း

ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်းသည် ၂၀၁၀ နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် KNU ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်၊ KNU ထိပ်တန်းခေါင်းဆောင်ပိုင်းနေရာသို့ ၂၀၁၂ ခုနှစ်တွင် ရောက်ရှိလာပြီး ထိုနှစ်ညီလာခံတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရသည်။ 

KNU ဥက္ကဋ္ဌသစ် ပဒိုစောကွယ်ထူးဝင်း။ (ဓာတ်ပုံ-KIC)

ပဒိုစောကွယ်ထူးဝင်းက ၎င်းသည် ၁၉၆၈ ခုနှစ် ၁၆ နှစ်သားအရွယ်တွင် KNU သို့ ရောက်ရှိခဲ့သည်၊ ငှက်ဖျားဖြစ်ပြီး နှစ်အနည်းငယ် ကျောင်းပြန်တက်ကာ ၁၉၇၅ ခုနှစ်မှ စတင်ပြီး KNU မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ဌာနချုပ်အဆင့်တွင် ရာထူးတာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့သည်ဟု ပြောခဲ့ကြောင်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခအရေးလေ့လာမှုစင်တာ (CPCS) က ၂၀၁၅ တွင် ထုတ်ဝေသော “ငြိမ်းချမ်းရေးဖော်ဆောင်မှုအပေါ် သူတို့ပြောစကားများ” စာအုပ်တွင် ဖော်ပြထားသည်။

“အဲ့အချိန်တုန်းက အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးမဲ့သူက ရှားနေပြီး လူတွေက တိုက်ခိုက်ရေးပိုင်းမှာပဲ စိတ်ဝင်စားကြတဲ့အချိန်ဖြစ်နေတော့ ကျွန်တော်က စစ်ဘက်ဆိုင်ရာထဲကို မဝင်ဘဲ နိုင်ငံရေးပိုင်းမှာပဲ ဝင်လုပ်ခဲ့တယ်” ဟု သူက ဆိုသည်။

တော်လှန်ရေးလုပ်ခြင်းမှာ အငြိုးအတေးအတွက် ကလဲ့စားချေလိုခြင်းကြောင့် မဟုတ်ဘဲ စနစ်ကို ပြောင်းလဲလိုသည့် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်ဟု သူက ဆိုသည်။

ကရင်တိုင်းရင်းသားများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့်အခွင့်အရေး၊ ကိုယ့်မိခင်ဘာသာစကားနှင့် သင်ကြားနိုင်ရေး စသည့် တရားမျှတမှု မရှိဘဲ ငြိမ်းချမ်းရေး မရှိနိုင်ဟု သူက ဆိုသည်။

“ကျွန်တော်တို့က ကိုယ့်စာပေနဲ့ ယဉ်ကျေးမှုကို မြှင့်တင်ချင်တယ်။ သူများတွေလိုပဲ ကိုယ့်လူမျိုးတွေကိုလည်း တိုးတက်စေချင်တယ်။ ဒါပေမဲ့ စစ်မတိုက်ဘဲနဲ့ ဒီနှစ်မျိုးလုံးကို မရနိုင်ဘူး” ဟု သူက ပြောသည်။

မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်း၏ သဘောထားကို မနှစ်သက်သော်လည်း နိုင်ငံ့အကျိုးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သူက ဆိုသည်။

“စစ်တပ်ခေါင်းဆောင်တွေဟာ နေရာတကာကို လွှမ်းမိုး၊ အုပ်ချုပ်လိုတဲ့ စိတ်နေသဘောထား ရှိကြတယ်။ သူတို့က တိုင်းရင်းသားလူမျိုးတွေကို ဒုတိယနိုင်ငံသားအဖြစ် မြင်ကြတယ်။ သူတို့က ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို လေးစားမှုမရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့လည်း ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး။ ကိုယ့်တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေချင်ရင် ငြိမ်းချမ်းရေးရမှ ဖြစ်မယ်။ ငြိမ်းချမ်းရေးရဖို့က ပဋိပက္ခတွေရဲ့ အကြောင်းအရင်းဇာစ်မြစ်တွေကို အရင် ဖြေရှင်းရမယ်၊ ဗမာလူမျိုးတစ်မျိုးတည်းပဲ နိုင်ငံတော်ထူထောင်လို့ မရဘူး။ ကျွန်တော်တို့အားလုံး ပူးပေါင်းပါဝင်မှ ရမယ်။ ဒါဟာ ကျွန်တော့် စိတ်ကူးအိပ်မက်ပါပဲ” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောဆိုကြောင်း ထိုစာအုပ်တွင် ဖော်ပြထားသည်။

ပဒိုစောကွယ်ထူးဝင်းသည် KNU ဥက္ကဋ္ဌတာဝန်ကို ၄ နှစ်သက်တမ်း ထမ်းဆောင်ရမည် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button