ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နှင့်ကျောက်ကြီးမြို့ကြား စစ်တောင်းမြစ်ကမ်းဘေးရှိ စစ်ရေးဗျူဟာအရ အရေးပါသည့် ထိုမြို့ငယ်လေးကို အလုံးစုံ ထိမ်းချုပ်နိုင်ပြီဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကလည်း အတည်ပြုသည်။
“တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်ပါပြီ၊ ရဲစခန်းကိုလည်း တိုက်ခိုက် သိမ်းပိုက်လိုက်ပါပြီ၊ ရှင်းလင်းရေးတော့ လုပ်ဆောင်နေဆဲပါ”ဟု PDF အမှတ် (၂) စစ်ဒေသ ဒုစစ်ဒေသမှူး ကိုတင်ဦးက ပြောသည်။
တိုက်ပွဲတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်ပြီး မသိရှိရသေးပေ။ ထိုသို့ သိမ်းယူပြီးနောက် မြို့ဝန်းကျင်ကို စစ်လေယာဉ်ရောက်လာပြီး ဗုံးကြဲ တိုက်ခိုက်နေကြောင်း အခြား သတင်းရင်း မြစ်တစ်ခုက ဆိုသည်။
“နောက်ဆက်တွဲကတော့ လေယာဉ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာပဲ” ဟု အဆိုပါ ဒေသခံက ပြောသည်။
စစ်တောင်းမြစ်အနောက်ဘက်ခြမ်း ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နယ်နှင့် မြစ်အရှေ့ဘက်ခြမ်းရှိ ကျောက်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့် နတ်သံကွင်းတံတားကိုလည်း ပြီးခဲ့သည့် ဇွန်လတွင် KNU က ဖောက်ခွဲဖျက်ဆီးထားသည်။
ကျောက်ကြီးမြို့နယ်အတွင်း စစ်တပ်စခန်းများကို ဆက်သွယ်ရာတွင် စစ်ကောင်စီက ယင်းလမ်းကြောင်းကို အသုံးပြုနေခြင်းဖြစ်သည်။
တော်လှန်ရေးတပ်များ သိမ်းယူလိုက်သည့် နတ်သံကွင်းမြို့သည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၉၀၀၀ နီးပါး ရှိသည်။
၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းအရ နတ်သံကွင်းမြို့တွင် အထက်တန်းကျောင်း၊ ၁၆ ကုတင်ဆံ့ ဆေးရုံနှင့် ဆေးပေးခန်း တစ်ခုစီတို့ ရှိသည်။
ဒီဇင်ဘာ ၄ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်ရှိ မုန်းမြို့အခြေစိုက် စစ်တပ် တပ်ရင်းစခန်းတချို့ကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းယူထားသည်။
နိုင်ငံမြောက်ပိုင်း တော်လှန်ရေးတပ်များ၏ ၁၀၂၇ ထိုးစစ်ကြောင့် အာဏာသိမ်းစစ်တပ်အထိနာနေချိန်တွင် နိုင်ငံတောင်ပိုင်းဒေသမှ တော်လှန်ရေးအဖွဲ့များကလည်း တိုက်ခိုက်မှုအရှိန် မြင့်တက်လာခြင်းဖြစ်သည်။
စစ်ဗိုလ်ချုပ်များရုံးစိုက်ရာ နေပြည်တော်နှင့် အနီးဆုံးဒေသများဖြစ်သည့် တောင်ငူခရိုင်နှင့် ပဲခူးဒေသအတွင်း ထိုးဖောက် ဝင်ရောက်နိုင်ရေးအတွက် တော်လှန်ရေးတပ်များကလည်း ဆက်တိုက်ကြိုး ပမ်းနေသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက နေပြည်တော်ကို လုံခြုံရေးအထူးတင်းကျပ်ထားသည်။ နေပြည်တော်တွင် ပေါက်ကွဲမှု၊ ပစ်ခတ်မှုများ ရံဖန်ရံခါမှသာဖြစ်လေ့ရှိသည်။
သို့သော် နေပြည်တော်အရှေ့ဘက် ၅ နာရီသာ ခရီးရှိသည့် ကရင်နီဒေသ (ကယားပြည်)၊ တောင်ဘက် နယ်နိမိတ်စပ်လျက် ပဲခူးတိုင်း၊ ကရင်ပြည်နယ်တို့အပြင်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းတို့၌ တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီ အခြေစိုက်စခန်းများ၊ ရုံးဌာနများ၊ မြို့များကို သိမ်းယူထားနိုင်ကြသည်။
မြို့သိမ်းတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်လျက်ရှိသည်။