ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်ရှိ စစ်ရေးအရ ဗျူဟာကျသော နတ်သံကွင်းတံတားကို ယမန်နေ့ (ဇွန် ၆) တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖောက်ခွဲဖျက်ဆီးပြီး စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်ရာ နှစ်ဖက် သေဆုံးမှုရှိသည်ဟု သိရသည်။
နံနက် ၄ နာရီခန့်မှစ၍ KNU တပ်မဟာ (၃) လက်အောက်ခံတပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ဖွဲ့များက နတ်သံကွင်းမြို့ ရဲစခန်း၊ တံတားရဲကင်း နှစ်ခု၊ ရေတွင်းကုန်းရွာနှင့် ဘုံသတောရွာအနီးရှိ အခြားစစ်ရေးပစ်မှတ် နှစ်ခုတို့ကို ဝင်တိုက်ခဲ့သည်။
“အဓိကရည်ရွယ်ချက်က နတ်သံကွင်း စစ်တောင်းမြစ်ကူးတံတားကို ဖျက်ဆီးဖို့ ဖြစ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF အမှတ် (၂) စစ်ဒေသ ဒုစစ်ဒေသမှူး ကိုတင်ဦးက ပြောသည်။
တစ်မနက်လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃၀ ခန့် သေဆုံးသလို KNU,PDF ပူးပေါင်းတပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကာ စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများ အသုံးပြုခဲ့သည်ဟု NUG ဒုစစ်ဒေသမှူးက ဆိုသည်။
“စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတဲ့ နတ်သံကွင်းတံတားကို ဖြတ်တောက်နိုင်ခဲ့တယ်” ဟု သူက Myanmar Now ကို ယမန်နေ့ညပိုင်းက ပြောသည်။
စစ်တောင်းမြစ်အနောက်ဘက်ခြမ်း ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နယ်နှင့် မြစ်အရှေ့ဘက်ခြမ်းရှိ ကျောက်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့်၊ စစ်ရေးဗျူဟာအရ အရေးပါသည့် ထိုတံတားသည် ဒေသတွင်း အသုံးပြုသူ များပြားသည်။
KNU တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ အခြေစိုက် စစ်တပ်စခန်းများကို ဆက်သွယ်ရာတွင် စစ်ကောင်စီက ယင်းလမ်းကြောင်းကို အသုံးပြုနေသည်။
တိုက်ပွဲအပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းတချို့၏ မှတ်တမ်းဓာတ်ပုံကို PDF ဘက်က ထုတ်ပြန်ထားသည်။
မြို့ပေါ်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သားများ ထိခိုက်ကြောင်း သတင်းထွက်နေသည်၊ ဖုန်းလိုင်းပြတ်တောက်နေ၍ Myanmar Now အနေဖြင့် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ခြင်း မရှိသေးပေ။
ယမန်နေ့ ညနေအထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက် ရှိနေသဖြင့် နေအိမ်တချို့ထိခိုက်ပျက်စီးကာ ဒေသခံ တစ်သောင်းဝန်းကျင်ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
စစ်ရေးအရှိန်မြှင့်မည်ဟု NUG က ပြောထားသည့် ယခုနှစ်အတွင်း နှစ်ဆန်းမှ စတင်ကာ KNU နယ်မြေများနှင့် ထိစပ်နေသော ပဲခူးတိုင်းအရှ့ခြမ်းနှင့် အနောက်ခြမ်းတွင်ပါ တိုက်ပွဲများ ပြင်းထန်လာသည်၊ တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲဧရိယာ ကျယ်ပြန့်လာသည်။
ဇွန် ၂ ရက်နေ့ကလည်း KNU တပ်မဟာ (၆) နယ်မြေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများနှင့် စစ်ကောင်စီတပ်စခန်းများကို KNU နှင့် PDF က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
ယင်းနေ့မှာပင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကြာအင်းဆိပ်ကြီးမြို့အတွင်း ဒေသခံ ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရသည်၊ ဘာသာရေးအဆောက်အအုံတချို့ ထိခိုက်ပျက်စီးသည်ဟု KNU က ယနေ့ ထုတ်ပြန်သည်။ သေဆုံးသူများထဲတွင် ရဟန်းတစ်ပါး၊ ကလေးတစ်ဦး ပါဝင်သည်ဟု ဆိုသည်။
အလားတူ ယမန်နေ့ နံနက် ၁ နာရီကျော်တွင် ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာကို လေတပ်က ဆင့်ကဲပေါက်ကွဲသည့်ဗုံး (Cluster Bomb) ကြဲချခဲ့ရာ အခြေခံမူလတန်းစာသင်ကျောင်း၊ နေအိမ် ၄ လုံးနှင့် ခြံစိုက်သီးပင်တချို့ ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံအနှံ့ တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေ။
မေ ၂၇ ရက်နေ့က နေပြည်တော်အခမ်းအနားတစ်ခုတွင် ပြောကြားသော အာဏာသိမ်း စစ်ခေါင်းဆောင်၏ မိန့်ခွန်းတွင် မဲစာရင်း မှားယွင်းသဖြင့် အာဏာသိမ်းခဲ့ကြောင်း၊ အာဏာသိမ်းပြီး ပေါ်လာသည့် PDF ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ကူညီနေကြောင်း၊ ထိုလုပ်ရပ်မှာ “နိုင်ငံအပေါ် ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှု” ဖြစ်ကြောင်း ထည့်သွင်း ပြောသွားသည်။
မေလလယ်ပိုင်းက ကရင်ပြည်နယ်အတွင်းရှိ ကားလမ်းများကို စစ်ကောင်စီက စက်ယန္တရားများ အသုံးပြု၍ လိုက်လံဖျက်ဆီးခဲ့ရာ တိုက်ပွဲများ မကြာခဏဖြစ်လေ့ရှိသော ကော့ကရိတ်မြို့ တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ ဟောင်သရောမြစ်ကူးတံတားအနီးရှိ တောင်ကြာအင်းရွာလမ်းပိုင်းတို့ ပါဝင်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)