အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကော့ကရိတ်မြို့နယ်ရှိ လမ်းများကို စစ်ကောင်စီ လိုက်လံဖျက်ဆီးနေ

ဝါရင့်တော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကားလမ်းများကို စစ်ကောင်စီက စက်ယန္တရားများ အသုံးပြု၍ လိုက်လံဖျက်ဆီးနေသည်။

တိုက်ပွဲများ မကြာခဏဖြစ်လေ့ရှိသော ကော့ကရိတ်မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ ဟောင်သရောမြစ်ကူးတံတားအနီးရှိ တောင်ကြာအင်းရွာလမ်းပိုင်းကို မေ ၁၄ ရက်တွင် မြေတူးစက်ဖြင့် လာရောက်ဖျက်ဆီးသွားသည်ဟု စုံစမ်းသိရှိရသည်။

“လမ်းကို ဘက်ဟိုးနဲ့ လာတူးသွားတာ၊ စစ်တပ်ကပဲ လုံခြုံရေးအပြည့်နဲ့ လာပြီး ဖျက်သွားတာ” ဟု တောင်ကြာအင်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါလမ်းသည် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။

ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးလမ်းပေါ်တွင် တောင်ကြာအင်းတံတားထိပ် လမ်းပိုင်းအပြင် ကော့ကရိတ်-ကျိုက်ဒုံ ကွန်ကရစ်လမ်းပိုင်း၊ ကော့ကရိတ်မြို့နယ်တောင်ဘက်ကပ်လျက် ကမိုင်ကုန်းကျေးရွာအဝင် လမ်းပိုင်းများကိုလည်း စစ်ကောင်စီက တူးဆွဖျက်ဆီးခြင်း၊ သစ်ပင်ကြီးများ ခုတ်လှဲကာ ပိတ်ဆို့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း KNU တပ်မဟာ (၆) က ယနေ့ (မေ ၁၆) ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီ၏ ထိုလုပ်ရပ်ကြောင့် ဒေသခံတို့ သွားလာရေး၊ စားဝတ်နေရေး၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေး စသည့် ဒုက္ခများ ကြုံတွေ့နေရသည်ဟု KNU က ဆိုထားသည်။

အထက်ပါ တောင်ကြာအင်းရွာ သတင်းရင်းမြစ်ကလည်း “အခုက ဆက်သွယ်ရေးက အဆင်မပြေဘူး။ ရွာထိပ်ကို ထွက်လာလို့သာ ဖုန်းပြောလို့ရတာ၊ ရွာထဲမှာ ဖုန်းလိုင်းတောင် မမိဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရေးပေါ်ကိစ္စ ဆိုရင်တော့ တော်တော်လေးကို အဆင်မပြေဘူးပေါ့ဗျာ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် သွားရမယ့် ခရီးကို ၁ နာရီလောက် သွားနေရတာပေါ့” ဟု ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်းတွင် စစ်ကောင်စီက ဖုန်း၊ အင်တာနက်လိုင်းများကိုပါ ဖြတ်တောက်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရွာ လမ်းပိုင်းကို စစ်တပ်က ဖျက်ဆီးထားပုံ။ ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး (KNU)

လွန်ခဲ့သော နှစ်နှစ်ကျော်ကတည်းက စစ်တပ်၏ အာဏာသိမ်းသည့် လုပ်ရပ်ကို လက်မခံဟု အတိအလင်း ပြောထားသည့် KNU ထိန်းချုပ်ထားသည့် ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းရှိ ဒေသအများအပြားတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ မကြာခဏဖြစ်နေသည်။

KNU သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ထောင်ပေါင်းများစွာသော လူငယ်လူရွယ်များနှင့် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများကို ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေများတွင် ခိုလှုံခွင့်ပေးထားပြီး အာဏာသိမ်းစစ်တပ်ကို ပြန်လည် တိုက်ခိုက်နေသည်။

KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNU လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

မေ ၁၀ ရက်ကပင် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ညောင်ပင်သာရွာအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် KNU ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိနှစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့သည်။

ထိုသို့ အထိနာခဲ့သည့် စစ်တပ်က ညောင်ပင်သာရွာအတွင်း၌ မရှောင်တိမ်းနိုင်သဖြင့် ကျန်ရှိနေခဲ့သည့် ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် အခြားဒေသခံ စုစုပေါင်း ၂ဝ ဦးကို ဖမ်းဆီးကာ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း KNU က မေ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုစစ်ကြောင်းသည် ဒေသခံ အရပ်သား ၇ ဦးကို လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း KNU က သတင်းထုတ်ပြန်ထားပြီး ၎င်းတို့၏ နောက်ဆက်တွဲအခြေအနေကို မေးမြန်းစုံစမ်း၍ မရသေးပေ။

ထို့အတူ KNU တပ်မဟာ (၃) နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကြီးရွာတွင် နေထိုင်သည့် KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ညီဖြစ်သူနှင့် တူဖြစ်သူတို့ကို မေ ၁၄ ရက်က ခေတ္တဖမ်းသွားခဲ့ပြီး ညနေပိုင်းမှ ပြန်လွှတ်ပေးခဲ့သည်ဟု ကရင်သတင်းဌာန KIC က သတင်းရေးသားထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button