
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲများတွင် နှစ်ဖက် အကျအဆုံးရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
ဇူလိုင် ၂ ရက်နေ့က ကျောက်ကြီးမြို့အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ နတ်သံကွင်းမြို့အနီး တိုက်ပွဲတွင် PDF ၂ ဦး သေဆုံးကြောင်း ပဲခူးတိုင်းအတွင်း လှုပ်ရှားနေသည့် PDF တပ်ရင်းတစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“သင်တန်းဆင်းပြီးခါစကလေး၊ မနက်ဘက် ဟိုဘက် (စစ်တပ်) က ပစ်ဝင် ဝင်လာတဲ့ အချိန်မှာ ထိပြီးတော့ ဖမ်းသွားတယ်လို့ ကြားတယ်။ နောက်တစ်ယောက်က လက်နက်ကြီးထုလို့၊ အုန်းပင်စုမှာ လက်နက်ကြီးထိပြီး ကျသွားတာ” ဟု ၎င်းက ဆိုသည်။
ထိုတပ်ဖွဲ့ဝင် ၂ ဦးနှင့် ပတ်သက်ပြီး အမည်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင် နတ်သံကွင်းဒေသ၌ တိုက်ပွဲဖြစ်ပြီး KNU တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကြောင်း၊ လက်နက်များ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားကြသည်။

NUG လက်အောက်ခံ PDF တပ်ဖွဲ့များသည်လည်း ယခုနှစ်ဆန်းမှစ၍ ပဲခူးတိုင်းအတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေနှင့် ထိစပ်နေသော တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၁) သထုံခရိုင်တို့တွင် တိုက်ပွဲများ ဆက်တိုက် ပြင်းထန်နေသည်။
အထူးသဖြင့် ပဲခူးရိုးမကို အခြေပြုကာ “ဆယ်လ်မွန် စစ်ဆင်ရေး” အမည်ဖြင့် NUG လက်အောက်ခံ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအောက်မှ တပ်များ လှုပ်ရှားနေကြပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင် ဆက်လက်လှုပ်ရှားမည်ဟု သိရသည်။
ယမန်နေ့ (ဇူလိုင် ၃)တွင်လည်း စစ်တောင်းမြစ်အနောက်ဘက်ကမ်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့မှ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ အုတ်ဖြတ်လမ်း တာဆုံအနီး နှစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့သလို ကညင်ကျရွာစာသင်ကျောင်းအနီးတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့သည်ဟု တောင်ပိုင်းတိုင်း စစ်ဒေသခွဲ အမှတ် (၂) အောက်မှ ရိုးမစစ်ကြောင်း (၂) အထူးကွန်မန်ဒိုတပ်ရင်းက ယနေ့ ထုတ်ပြန်သည်။
နံနက် ၈ နာရီကျော်ခန့်တွင် ဖြူးနှင့် မုန်းမြို့ကို ဆက်သွယ်ထားသည့် အုတ်ဖြတ်လမ်း တာဆုံအနီး ရောက်ရှိလာသော စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီခွဲခန့်တွင် ထိုနေရာအနီး ထပ်မံ တိုက်ပွဲဖြစ်ခဲ့သည်။ ထို့နောက် ကညင်ကျရွာ စာသင်ကျောင်းအရှေ့တွင် သမန်းကျင်းရွာဘက်သို့ တက်လာသော စစ်ကောင်စီတပ်နှင့် ည ၈ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲ ၃ ကြိမ်လုံးတွင် စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

လက်ရှိတွင် စစ်ဒေသခွဲ (၂) ၊ (၃) တို့က တောင်ပိုင်းဒေသ အဓိကလမ်းမကြီးများပေါ်၌ သွားလာခွင့် ကန့်သတ်ကာ စစ်ရေးအရှိန်တိုးမြှင့်ရန် ပြင်ဆင်နေသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက စစ်တောင်းမြစ်အရှေ့ဘက်ကမ်းဒေသများတွင် စစ်ဆင်ရေး အရှိန်မြှင့်နေကြောင်း Myanmar Now ကို ပြောသည်။
“စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေသတွေဖြစ်တဲ့ ရွှေကျင်တို့၊ ကျောက်ကြီးတို့ စတဲ့ ထိုးစစ်နေရာတွေမှာ ခပ်စိပ်စိပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ၊ မဟာမိတ်တပ်ပေါင်းစုတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေက ဆင်နွှဲနေပါပြီ”
တောင်ပိုင်းတိုင်းစစ်ဒေသအနေဖြင့် နေပြည်တော်အထိပါ ရည်ရွယ်ကာ စစ်ရေးဗျူဟာဖြင့် အကောင်အထည်ဖော်နေကြောင်း ဆက်ပြောသည်။
“အဲဒီလို ဆင်နွှဲတာသည် နေပြည်တော်သို့သွားရာလမ်း၊ မင်းအောင်လှိုင်အိမ်တံခါးကို ခေါက်နိုင်မဲ့လမ်းကို တစ်နိုင်ငံလုံးမှာ ဘက်ပေါင်းစုံက မြောက်ပိုင်းကဆိုရင်လည်း အလယ်ပိုင်းကို ဆင်းလာတယ်၊ တောင်ပိုင်းကဆိုရင်လည်း အပေါ်ကို တက်လာတယ်၊ အရှေ့ပိုင်းကဆိုရင်လည်း အလယ်ကို ဆင်းလာတယ်၊ အဲလိုပုံစံမျိုးနဲ့ ဝိုင်းပြီးတော့ နေပြည်တော်ကို ဘက်ပေါင်းစုံနဲ့ ထိုးဖောက်ဝင်ရောက်မဲ့လမ်းကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်လည်း တောင်ပိုင်းမှာ စစ်ရေးကို ဗျူဟာကျကျ အကောင်အထည်ဖော်နေတာ ဖြစ်တယ်” ဟု သူက ဆိုသည်။
ဇွန် ၆ ရက်က စစ်တောင်းမြစ်အနောက်ဘက်ခြမ်း ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နယ်နှင့် မြစ်အရှေ့ဘက် ကျောက်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့်၊ စစ်ရေးဗျူဟာအရ အရေးပါသည့် နတ်သံကွင်းတံတားကို KNU, PDF ပူးပေါင်းတပ်များက ဖောက်ခွဲဖျက်ဆီးခဲ့သလို ဒေသတွင်းအရေးပါသည့် အခြားတံတား ၄ စင်းကိုလည်း ဖျက်ဆီးခဲ့သည်။
နတ်သံကွင်းတံတား တိုက်ခိုက်မှုတွင် KNU,PDF ပူးပေါင်းတပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများ အသုံးပြုခဲ့သည်။
စစ်ကောင်စီတပ်က ဇွန် ၂၄ က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပဲသောင်ကျေးရွာနှင့် မြစ်အနောက်ဘက်ကမ်းရှိ သမင်အင်းကုန်းကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ပဲသောင်ကျေးရွာရှိ အသက် ၄၂ နှစ်အရွယ် ဒေါ်လင်းလင်းအေး၊ သမင်အင်းကုန်းကျေးရွာမှ အသက် ၅၀ အရွယ် ဒေါ်ခင်နုတို့ သေဆုံးခဲ့သည်။ အသက် ၁၃ နှစ်အရွယ်များဖြစ်သော မဖြူနှင်းသက်၊ မောင်ဖြိုးဝေလင်း၊ မောင်ဉာဏ်လင်းထွန်းတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)