
တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ လက်ကျန်စစ်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ထံမှ သိရသည်။
နတ်သံကွင်းမြို့ရှိ ကျန်နေသေးသော စစ်တပ်စခန်းများနှင့် မြို့မရဲစခန်းကို ယနေ့ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီဘက်ကလည်း လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
NUG အမှတ် (၂) စစ်ဒေသခွဲ ပြောရေးဆိုခွင့်ရှိသူ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ယနေ့နံနက်မှစ၍ တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ဆိုသည်။
“ဒီမနက်ဖြစ်စဉ်မှာတော့ ရန်သူဘက်က လက်နက်ကြီးနဲ့ ပစ်လို့ ဘုန်းကြီးတစ်ပါးတော့ ပျံလွန်တော်မူ သွားပါတယ်။ ရန်သူဘက်ကတော့ လေကြောင်းတိုက်ခိုက်မှု လုပ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှု လုပ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေပါတယ်”
နယ်မြေထိစပ်နေသော ပဲနွယ်ကုန်းမြို့အစွန် ကျောက်ကြီးနှင့် ပဲနွယ်ကုန်းအကြား သဲကောကျေးရွာအနီးတွင်လည်း ယနေ့ နံနက်ကတည်းက တိုက်ပွဲများဖြစ်ပြီး ပစ်ခတ်သံများကြားရသည်ဟု သိရကြောင်း ဒေသခံတစ်ဦးကလည်း ပြောသည်။
ရဲဘော်တင်ဦးကလည်း “ဒီနေ့ နောက်ဆုံးရတဲ့ အချက်အလက်ကတော့ ပဲနွယ်ကုန်းဘက်က စစ်ကူလာတဲ့ ရန်သူ့စစ်ကြောင်းကို ကျွန်တော်တို့ ကြားဖြတ်တိုက်ခိုက်ပြီးတော့ ရန်သူ ၂၀ လောက်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာတွေနဲ့ ပြန်ပြီးတော့ ဆုတ်ခွာသွားပါတယ်” ဟု ယနေ့နံနက်အခြေအနေကို မွန်းတည့်ချိန်တွင် ပြောသည်။
ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နှင့် ကျောက်ကြီးမြို့အကြား စစ်တောင်းမြစ်ကမ်းဘေးရှိ စစ်ရေးအရ ဗျူဟာကျသည့် နတ်သံကွင်းမြို့ကို သိမ်းပိုက်နိုင်ရန် KNU နှင့် တော်လှန်ရေးအင်အားစုများက ယမန်နေ့ နံနက် အရုဏ်တက်ချိန်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကျောင်းသားတပ်မတော် (ABSDF) အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက နတ်သံကွင်းမြို့နှင့်အတူ အခြားနေရာများကို ဝင်ရောက် စီးနင်းခဲ့ကြခြင်း ဖြစ်သည်။
နတ်သံကွင်းမြို့အနီးဝန်းကျင်ရှိ လည်ပတ်၊ အုန်းနှဲပင်နှင့် နရွဲပင်တပ်စခန်းတို့ကို ယမန်နေ့က သိမ်းယူနိုင်ခဲ့သည်ဟု KNUက ယနေ့ (ဒီဇင်ဘာ ၂၇) တွင် ထုတ်ပြန်ထားသလို မြို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း PDF ဘက်ကလည်း ယမန်နေ့က ပြောထားသည်။
ယမန်နေ့ စခန်း ၃ ခု သိမ်းနိုင်ခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ခန့် သေဆုံးကာ လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်ကျဆုံးမှုတချို့ ရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

“နတ်သံကွင်းမြို့ကို ကျွန်တော်တို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းထားနိုင်တဲ့ အခြေအနေပဲ ရှိပါတယ်။ အပြီးအပြတ်တော့ မဟုတ်သေးပါဘူး။ မြို့တွင်းမှာ ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်” ဟု ရဲဘော်တင်ဦးက ပြောသည်။
“ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်အကျအဆုံး အချို့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ရေးပစ်မှတ်များအဖြစ် နတ်သံကွင်းမြို့ သိမ်းယူရေးအပြင် တောင်ငူလေယာဉ်ကွင်းနှင့် လည်ပတ်ကျေးရွာရှိ စစ်တပ်စခန်းများကို ဦးတည်တိုက်ခိုက်ခဲ့ကြောင်း ABSDF ဘက်က ပြောသည်။
အလားတူ PDF အမှတ် (၂) စစ်ဒေသခွဲ ရိုးမ (၂) စစ်ကြောင်းကလည်း အုန်းနှဲပင်ဂိတ်စခန်းကို KNLA နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦး သေဆုံးကာ သေနတ် ၈ လက်၊ ခဲယမ်း၊ မိုင်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ နတ်သံကွင်းမြို့ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများအတွင်း ကလေးတချို့အပါအဝင် ဒေသခံတို့ ထိခိုက်သေဆုံးသည်ဟု PDF ထံမှ သိရသည်။
နတ်သံကွင်းမြို့သည် စစ်တောင်းမြစ်အနောက်ခြမ်း ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နယ်နှင့် မြစ်အရှေ့ဘက်ခြမ်းရှိ ကျောက်ကြီးမြို့နယ်အကြားတွင် တည်ရှိပြီး ယင်းမြို့အနီးရှိ စစ်တောင်းမြစ်ကူး တံတားတစ်စင်းဖြစ်သော နတ်သံကွင်းတံတားကို ယခုနှစ် ဇွန်လအတွင်း တော်လှန်ရေးအင်အားစုများက ဖောက်ခွဲဖျက်ဆီးထားသည်။
စစ်ကောင်စီသည် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ဆက်သွယ်ရာတွင် စစ်ရေးအရ ဗျူဟာကျသော ထိုမြို့လမ်းကြောင်းကို အသုံးပြုနေခြင်းဖြစ်သောကြောင့် တော်လှန်ရေးပူးပေါင်းအင်အားစုက သိမ်းပိုက်ကာ ပိတ်ဆို့ဖြတ်တောက်ထားနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
အလားတူ ဒီဇင်ဘာလဆန်းကလည်း ကျောက်ကြီးမြို့နယ်ရှိ မုန်းမြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရန် ကြိုးစားခဲ့သည်၊ စစ်ကောင်စီခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ -၅၉၉ ၊ ခမရ-၅၉၀ ၊ မြို့မရဲစခန်းနှင့် တံတားဂိတ်စခန်းများကို သိမ်းယူနိုင်ခဲ့ပြီး သုံ့ပန်းများရရှိခဲ့သော်လည်း စစ်တပ်က ပြန်လည်နေရာယူထားသည်။