သတင်း

မြန်မာဘဏ်နှစ်ခု၏ အပ်​ငွေ ဒေါ်လာတစ်သန်းကျော် ဘင်္ဂလားဒေ့ရှ် ထုတ်ယူခွင့်ပိတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Sonali ဘဏ်၌ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု (MFTB) ဘဏ်တို့ အပ်နှံထားသည့် ဒေါ်လာတစ်သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ယူခွင့် မပေးဘဲ ပိတ်ဆို့လိုက်သည်။​

ပိတ်ဆို့အရေးယူခံထားရသည့် မြန်မာနိုင်ငံမှ နိုင်ငံပိုင်ဘဏ်နှစ်ခုနှင့် ပတ်သက်၍ ဒါကာမြို့ရှိ အမေရိကန်သံရုံး၏ သတိပေးချက် ထွက်ပေါ်လာပြီးနောက် ထိုသို့ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု The Daily Star အမည်ရ ဘင်္ဂလားရှေ့သတင်းဌာနက ယနေ့ (ဩဂုတ် ၁၇) ရေးသားသည်။

“ကျွန်တော်တို့ဘဏ်မှာ မြန်မာနိုင်ငံဘဏ်တွေက အပ်ထားတဲ့ အမေရိကန်ဒေါ်လာ ၁,၂၀၀,၀၀၀ ရှိပါတယ်။ ဒါပေမဲ့ ဒီဘဏ်တွေကို အမေရိကန်က အရေးယူထားတာကြောင့် ဒီငွေတွေ ထုတ်ယူဖို့ ခွင့်မပြုပါဘူး” ဟု Sonali ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Afzal Karim က ပြောသည်။

မြန်မာဘဏ်များနှင့် အဆက်အဆံရပ်ရန် အမေရိကန်က တောင်းဆိုခဲ့သည်ဟုလည်း Afzal က ဘင်္ဂလားရှေ့ရှိ Bdnews24 သတင်းဌာနကို ထုတ်ဖော်ပြောဆိုသည်။

“ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘဏ်ကို အကြောင်းကြားထားပါတယ်။ အခု ဗဟိုဘဏ်က ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်လိမ့်မယ်” ဟု Afzal က ပြောသည်။

အမည်မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် အစိုးရဘဏ်အကြီးအကဲတစ်ဦးကမူ Sonali Bank သည် မြန်မာဘဏ်နှစ်ခုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်၏ သဘောထားကို တောင်းခံထားပြီး ဆုံးဖြတ်ချက်ထွက်လာပါက နောက်ထပ်အဆင့်များ ဆက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အာဏာသိမ်းမြန်မာစစ်တပ်နှင့် ပတ်သက်၍ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုလုပ်ငန်းစဉ်ကို လိုက်နာဆောင်ရွက်သည့် ဒုတိယမြောက် ဒေသတွင်းနိုင်ငံဖြစ်သည်။

မြန်မာဘဏ်များကို အမေရိကန်နိုင်ငံက အရေးယူပြီးနောက် မြန်မာနှင့် ဆိုင်သည့် ငွေလွှဲဝန်ဆောင်မှုများကို စင်ကာပူရှိ UOB ဘဏ်ကလည်း စတင်ကန့်သတ်ခဲ့သည်။

မြန်မာနိုင်ငံသား လူပုဂ္ဂိုလ်တစ်ဦးချင်းအပါအဝင် စီးပွားရေးလုပ်ငန်းများ ငွေကြေးလွှဲပြောင်းရာတွင် UOB ဘဏ်ကွန်ရက်အချင်းချင်း လွှဲပြောင်းမှုကိုသာ လက်ခံမည်၊ UOB ဘဏ် မဟုတ်သည့် အခြားဘဏ်များသို့ ငွေပေးချေလွှဲပြောင်းမှုကို ပိတ်ပင်သွားမည်ဟု မြန်မာစစ်ဗိုလ်ချုပ်များနှင့် နှစ်ပေါင်းများစွာ အဆက်အဆံရှိခဲ့သည့် UOB ဘဏ်က ဆိုသည်။

ထို့ပြင် ဟောင်ကောင် UOB ဌာနခွဲတွင် မြန်မာဘဏ်များဖွင့်ထားသည့် နိုင်ငံခြားဘဏ်စာရင်းကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း Nikkei Asia သတင်းဌာနက ယခုလ ၉ ရက်တွင် ရေးသားဖော်ပြသည်။

မြန်မာလူထုကို ထောက်ခံအားပေးကြောင်း ပြသရန်နှင့် အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဖိအားပေးရန် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အခရာကျသည့် MICB နှင့် MFTB ဘဏ်တို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ပြီးခဲ့သည့် ဇွန် ၂၁ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကဲ့သို့သော လုပ်ငန်းများမှ ရရှိငွေများဖြင့် MICB နှင့် MFTB ဘဏ်တို့မှတစ်ဆင့် ပြည်ပမှ စစ်လက်နက်ပစ္စည်းများဝယ်ယူကာ အရပ်သားပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသည်ဟု အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေ သုံးစွဲမရဖြစ်နေသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရာ၌ အခက်အခဲဖြစ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ခံပြောဆိုထားသည်။

ပိတ်ဆို့မှုများကို ကျော်လွှားရန်နှင့် ပြည်ပတွင် ပိတ်မိနေသော သဘာဝဓာတ်ငွေ့ ရောင်းရငွေများ ထုတ်ယူနိုင်ရေး စစ်ကောင်စီက လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်စေခဲ့သည်

မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် “ကံ့ကော်” အမည်ဖြင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေစာရင်းများ ဖွင့်လှစ်ပေးရန် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ဧပြီလအတွင်း ဗဟိုဘဏ်ကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး တစ်ဟုန်ထိုးကျဆင်းလာရာ အမေရိကန် ၁ ဒေါ်လာပေါက်ဈေး ၃၈၀၀ ကျော်၊ ထိုင်းဘတ်ငွေ တစ်ထောင်လျှင် ကျပ်ငွေ တစ်သိန်းဝန်းကျင်၊ ရွှေတစ်ကျပ်သား ၃၈ သိန်းကျော်အထိ ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button