နိုင်ငံတကာတရားရုံး ICJ တွင် အမှုရင်ဆိုင်နေရဆဲ ကာလ ဖြစ်သောကြောင့် တရားရုံးနှင့် တရားသူကြီးများကို မဝေဖန်ရန်၊ အမုန်းစကား ပြောဆိုရေးသားခြင်းများ မပြုရန် မြန်မာစစ်တပ်က နောက်လိုက်များကို ၎င်းတို့ပိုင်မြဝတီရုပ်သံမှတဆင့် ယမန်နေ့ (ဇန်နဝါရီလ ၂၁ ရက်) ညပိုင်းတွင် သတိပေးလိုက်သည်။
အဆိုပါသတိပေးချက်သည် မွတ်ဆလင်နှင့် ရိုဟင်ဂျာမုန်းတီးရေးကို ဆယ်စုနှစ်များစွာ တစိုက်မတ်မတ်လုပ်လာသည့် စစ်တပ်က ၎င်းတို့၏နောက်လိုက်များကို ရိုဟင်ဂျာမုန်းတီးရေး လှုပ်ရှားမှုများအရှိန်သတ်ရန် ပထမဆုံး အကြိမ် လူသိရှင်ကြား သတိပေးခြင်း ဖြစ်သည်။
‘သတင်းအဖွဲ့’ ဟု လက်မှတ်ရေးထိုးပြီး စစ်တပ်ပိုင်မြဝတီရုပ်သံမှတဆင့်ကြေညာသည့် “အထူးသတိပြုလိုက်နာရမည့်” ကန့်သတ်ချက်များတွင် အချက်လေးချက်ပါဝင်သည်။
ယင်းတို့ထဲတွင် လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများရှောင်ရန်၊ ရိုဟင်ဂျာတို့ကို အမုန်းစကား (Hate Speech) များဖြင့် တိုက်ခိုက်ခြင်းများ မလုပ်ရန်တို့လည်း ပါဝင်သည်။
စစ်တပ်သတင်းဌာန၏ ကြေညာချက်တွင် ရိုဟင်ဂျာဟု တိုက်ရိုက်ညွှန်းဆိုခြင်းမရှိဘဲ ‘တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်’ဟု ရည်ညွှန်းခဲ့သည်။ မြန်မာစစ်တပ်သည် ‘ရိုဟင်ဂျာ’ အမည်ကို လက်မခံဘဲ ‘ဘင်္ဂါလီ’ ဟုသာ အစဉ်အဆက် ရည်ညွှန်းသုံးစွဲလေ့ ရှိသည်။
“တရားရင်ဆိုင်ဆဲကာလဖြစ်သဖြင့်” ထောက်ခံပွဲများတွင်လည်း အဆိုပါလမ်းညွှန်ချက်များကို လိုက်နာရမည်ဟုလည်း ထုတ်ပြန်ချက်ကဆိုသည်။
စစ်တပ်နှင့်ကြံ့ခိုင်ရေးပါတီက ထောက်ပံ့ထားသည့် အမျိုးသားရေးသမားအမည်ခံ စစ်တပ်ထောက်ခံရေးသမားတို့သည် လာမည့် အင်္ဂါနေ့ (ဇန်နဝါရီလ ၂၇ ရက်နေ့)တွင် ရန်ကုန်နှင့် မန္တလေးတို့၌ ရိုဟင်ဂျာဆန့်ကျင်ရေး စုဝေးပွဲများကျင်းပရန် ပြင်ဆင်နေကြသည်။
· တကျော့ပြန် ရိုဟင်ဂျာမုန်းတီးရေး လှုပ်ရှားရန် မဘသတို့ပြန်လာပြီ
၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ် အတွင်း ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင် မြန်မာစစ်တပ်သည် ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်ခဲ့ကြောင်း ICJ တရားခွင်အပါအဝင် နိုင်ငံတကာ၏စွပ်စွဲပြစ်တင်မှုများရှိနေသည်။
စစ်တပ်လက်ချက်ဖြင့် ရိုဟင်ဂျာအများအပြားသေဆုံးသည်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သုိ့ ထွက်ပြေးခဲ့ရသူ သိန်းနှင့်ချီရှိသည်ဟုလည်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြကြသည်။



