သတင်း

စစ်ကောင်စီနှင့် တွေ့နေသော်လည်း ရပ်တည်ချက် ပြောင်းလဲမှုမရှိဟု AA ဆို

ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနှင့် တွေ့ဆုံနေသော်လည်း အဖွဲ့၏ ရပ်တည်ချက် အပြောင်းအလဲမရှိကြောင်း Myanmar Now ကို ယနေ့ ပြောသည်။

ဇွန် ၁ မှ ၃ အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီ (NSPNC) သည် မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့များဖြစ်သော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့နှင့်  တွေ့ဆုံဆွေးနွေးနေသည်။

မူလအတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ အရင်အတိုင်းပါပဲ။ ဘာမှ အပြောင်းအလဲမရှိပါဘူး” ဟု သူက ပြောသည်။

ယမန်နေ့ ဇွန် ၁ တွေ့ဆုံပွဲတွင် ဆွေးနွေးချက်များမှာ ယေဘုယျသဘောဆန်သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်က မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရေး စသည့် အချက်များကို ဆွေးနွေးခဲ့သည်ဟု ဦးခိုင်သုခက ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များဘက်မှ အချက် ၃ ချက်ကို အဓိကထားပြီး ဆွေးနွေးခဲ့ကြောင်း ပြောသည်။

“နံပါတ်တစ်ကတော့ ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ နံပါတ်နှစ်ကတော့ မတရားအသင်းကနေ ပယ်ဖျက်ပေးရေးကိစ္စ၊ နံပါတ်သုံးအချက်ကတော့ ရခိုင်ပြည်တွင်း မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီတွေ အချိန်မီ ချောမွေ့စွာရောက်ရှိရေးကိစ္စပေါ့” ဟု ဦးခိုင်သုခက ပြောသည်။

“သူတို့ဘက်က ရှင်းပြတာကို ကျွန်တော်တို့ဘက်က နားထောင်တယ်။ ကျွန်တော်တို့ ဆွေးနွေးလိုတဲ့ အချက်ကို ရှင်းပြတာကို သူတို့ဘက်က နားထောင်တာပေါ့”

စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက မိုင်းလားမြို့တွင် ပြုလုပ်နေသည့် ဆွေးနွေးပွဲ ပထမနေ့ရလဒ်မှာ အပြုသဘောဆောင်သည်ဟု BBC သတင်းဌာနကို ပြောထားသည်။

ဦးခိုင်သုခကမူ ရလဒ် မည်သို့ရှိကြောင်း သုံးသပ်နိုင်ခြင်းမရှိသေးဟု ဆိုသည်။

“ဒီဆွေးနွေးပွဲက တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်ကနေ ကမကထပြုပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကတော့ အထူးသဖြင့် အပြုသဘောဆောင်ခြင်း မဆောင်ခြင်း ကိစ္စရပ်တွေကတော့ ဆွေးနွေးပွဲပြီးသွားမှ စစ်ကောင်စီဘက်က ဘာတွေ လုပ်ဆောင်လာမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး ကြည့်ရမှာပါ။ လက်ရှိအချိန်မှာတော့ ပြောဖို့ စောပါသေးတယ်”

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေး တရုတ်-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တချို့။ (ဓာတ်ပုံ – Mongla News)

ထိုဆွေးနွေးပွဲကို ယူနန်ပြည်နယ်မှ နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်လည်း တက်ရောက်နေသည်။

၂၀၁၈ ဒီဇင်ဘာနှောင်းပိုင်းမှ ၂၀၂၀ နိုဝင်ဘာလဆန်းအထိ စစ်တပ်နှင့် AA တို့ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ပြီး တစ်ကျော့ပြန်တိုက်ပွဲများ ၂၀၂၂ ခုနှစ်အတွင်း ပြန်ဖြစ်လာကာ ယင်းနှစ် နိုဝင်ဘာအတွင်း ယာယီ အပစ်ရပ်ရန် သဘောတူထားကြသည်။

စစ်တပ်နှင့် တိုက်ပွဲ မကြာခဏ ဖြစ်ပွားတတ်သော ထို ၃ ဖွဲ့သည် နွေဦးတော်လှန်ရေးကို အားပေးထောက်ခံသလို လက်နက်ကိုင် ပြန်ခုခံလိုသူ လူငယ်များကို စစ်ပညာသင်ကြားပေးခဲ့ကြသည်။ သင်တန်းဆင်းအများစုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ သီးခြားတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးအဖွဲ့များတွင် ပါဝင်လှုပ်ရှားနေကြသည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာချိန် တရုတ်က စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်လာပြီး ယခုလဆန်း၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ ပထမဆုံးအကြိမ် ရောက်သွားသည့်နည်းတူ တရုတ်နိုင်ငံ၏ ခေတ္တစစ်ဘက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် Yang Yang က အာဏာသိမ်း ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

အလားတူ ငြိမ်းချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယခုနှစ် မတ်လအတွင်း နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှား၌ ယခုနှစ် မေလအတွင်း တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ- စစ်ကောင်စီ)

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ပါဝင်သည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလားအဖွဲ့ဟု ခေါ်ကြသည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့သည် ယခုနှစ် မတ်လအတွင်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီနှင့် တွေ့ဆုံခဲ့သေးသည်။

အလားတူ အပစ်ရပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့်လည်း ထိုလအတွင်း တွေ့ဆုံခဲ့သည်။

စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်လည်း ယမန်နှစ် မေလအတွင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် အကြောင်းပြကာ ဖိတ်ခေါ်ခဲ့သော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့က ငြင်းဆန်ခဲ့သည်။

စစ်ကောင်စီတပ်က နိုင်ငံအနှံ့ စစ်မျက်နှာ ဖွင့်ထားရချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် ရင်ဆိုင်တိုက်ခိုက်ရန် အခြေအနေမပေးသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button