သတင်း

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ စစ်ကောင်စီနှင့် တွေ့မည်

နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးနေသည့် မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နှင့် စစ်ကောင်စီတို့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် မနက်ဖြန် ဇွန် ၁ ရက်နေ့၌ တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီနှင့် တွေ့ဆုံမည့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ဖြစ်ကြသည်။

ထိုတွေ့ဆုံပွဲအကြောင်း ထုတ်ပြန်ချက်နှင့်အတူ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ရောက်ရှိလာသည့် ဓာတ်ပုံများကို တရုတ်-မြန်မာနယ်စပ်ရှိ မိုင်းလားဒေသအခြေစိုက် Mongla News ဆိုသော လူမှုကွန်ရက်စာမျက်နှာ၌ ယမန်နေ့ (မေ ၃၀) က ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

တရုတ်အစိုးရကိုယ်စားလှယ်အဖြစ် ယူနန်ပြည်နယ်မှ နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်သည်လည်း ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် မိုင်းလားမြို့သို့ ရောက်ရှိနေပြီဟု ဆိုသည်။

တွေ့ဆုံပွဲနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် တရုတ်အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

သို့သော် စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာချိန်တွင် တရုတ်က စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်လာပြီး ယခုလဆန်းပိုင်း၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့သည့်နည်းတူ ယမန်နေ့တွင် တရုတ်နိုင်ငံ၏ ခေတ္တစစ်ဘက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် Yang Yang နှင့် ဒုအာဏာသိမ်းခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ နေပြည်တော်၌ တွေ့ဆုံကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

တရုတ်၏ ကြားဝင်ပေးမှုဖြင့် တရုတ်-မြန်မာနယ်စပ်တွင် စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည့်အပေါ် AA နှင့် TNLA ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပေ။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ထိုတိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ ထို့ပြင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ယာယီအပစ်ရပ်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် TNLA က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဒေသကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်နေပြီး MNDAA နှင့်လည်း စစ်ကောင်စီတပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့သည်။

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သော်လည်း ထိုတိုင်းရင်းသားလက်နက်အဖွဲ့များ တက်ရောက်ခဲ့ခြင်း မရှိပေ။

သို့သော် တရုတ် – နယ်စပ်တစ်လျှောက်ရှိ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော “ဝ “ အဖွဲ့ (UWSA)၊​ မိုင်းလားအဖွဲ့ (NDAA) နှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့က စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အရ နေပြည်တော်သို့ အကြိမ်ကြိမ်သွားရောက်ထားသည်။

စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့တွေ့ဆုံခြင်းမှာ တရုတ်အစိုးရ၏ အကျိုးစီးပွားထိန်းသိမ်းရေးနှင့် ဩဇာခံအင်အားစု တိုးချဲ့တည်ဆောက်ရေး လှုပ်ရှားမှုသာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြသည်။

“နွေဦးတော်လှန်ရေးမှာ အမေရိကန်နဲ့ အနောက်ဥရောပအင်အားစုတွေကို မှီခိုတယ်လို့ ယူဆလို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ မပူးပေါင်းဖို့၊ စစ်ကောင်စီနဲ့ ပူးပေါင်းဖို့အတွက် တရုတ်ပြည်က တိုက်ရိုက်စွက်ဖက်လာတဲ့အတွက် ပေါ်ပေါက်လာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်ပါတယ်”

“မြန်မာတစ်ပြည်လုံး စစ်အာဏာရှင်စနစ်အောက်မှာ ရာသက်ပန် သက်ဆိုးရှည်စေမယ့် တရုတ်ရဲ့ ပါဝင်စွက်ဖက်မှု ဖြစ်တယ်လို့ သုံးသပ်ပါတယ်”

ယခုလဆန်းပိုင်းက နေပြည်တော်ရောက်လာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် စစ်ကောင်စီတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအပေါ် လေးစားကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်ခိုင်မာမာထောက်ခံသည်ဟု ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီး နောက်တစ်ရက်တွင် အာဏာသိမ်းစစ်ကောင်စီက နာမည်ကျော် နိုင်ငံရေးပုဒ်မတစ်ခုဖြစ်သော ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးထောင်ချထားသူ ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားအများစုမှာ လွတ်ရက်စေ့ခါနီးသူများဖြစ်ကြသည်။

ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် Deng Xijun နေပြည်တော်သို့ နှစ်ကြိမ်တိုင် လာရောက်ခဲ့သည့်နည်းတူ ဧပြီလလယ်ပိုင်း၌လည်း တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးချုပ်မှူးချုပ် Peng Xiubin ရုတ်တရက်လာရောက်ကာ အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် စစ်ကောင်စီနှင့်ပါ တွေ့ဆုံခဲ့သည်။

တရုတ်အထူးအရာရှိများသည် တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မကြာခဏ တိတ်တဆိတ်တွေ့ဆုံလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button