ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း နောက်ဆုံးလက်ကျန်စစ်စခန်းဖြစ်သည့် မောင်ရွှေလေးရေတပ်စခန်းကို ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရအရာရှိ ဦးခိုင်သုခက ပြောသည်။
စစ်ကောင်စီကလည်း ငပလီကမ်းခြေအနီးရှိ အဆိုပါရေတပ်စခန်း မကျစေရန်အတွက် စစ်သင်္ဘော ၈ စီးနှင့် လေယာဉ်များ စေလွှတ်ကာ ခုခံ တိုက်ခိုက်နေသည်ဟု ၎င်းက Myanmar Now ကို ယမန်နေ့ (သြဂုတ် ၂၉) တွင် ပြောသည်။
“ဒါကြောင့်မို့ တိုက်ပွဲကတော့ ပြင်းထန်နေတုန်းပဲဖြစ်တယ်” ဟု ဦးခိုင်သုခက ဆိုသည်။
AA သည် သံတွဲမြို့ရှိ တပ်စခန်းများအားလုံးနီးပါး၊ လေယာဉ်ကွင်း၊ သံတွဲဟိုတယ်ဇုန် အပါအဝင် နေရာအများစုကို ဇူလိုင် ၁၆ တွင် သိမ်းပိုက်ထားသည်။
မောင်ရွှေလေးရေတပ်စခန်းကို သိမ်းပိုက်နိုင်ပါက AA သည် လူဦးရေ ၁၃၀,၀၀၀ နီးပါး နေထိုင်သည့် သံတွဲမြို့နယ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်နိုင်မည် ဖြစ်သည်။
အလားတူ သံတွဲမြို့နှင့် မိုင် ၄၀ ခန့်ဝေးကွာသည့် ဂွမြို့နယ်၊ ကျိန္တလီမြို့ ဝန်းကျင်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းလျက်ရှိသည်ဟု ဦးခိုင်သုခက ပြောသည်။
သြဂုတ် ၂၆ ရက်နေ့ AA ထုတ်ပြန်ချက်တွင်လည်း ကျိန္တလီ၊ ကျောက်ပါးစပ်ကျေးရွာအနီး တိုက်ပွဲပြင်းထန်နေသည်ဟု ဖော်ပြထားသည်။
ထိုရွာနှင့် ၃ မိုင်ခန့်တွင် စစ်ကောင်စီ တပ်စွဲနေရာယူထားသည့် ကုလားပြင်ရွာ (ရတနာမြိုင်ရွာ) တည်ရှိသည်။
ပြည်နယ်မြောက်ပိုင်း မောင်တောမြို့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ဦးခိုင်သုခက ဆိုသည်။
မောင်တောမြို့နေရာအများစုကို AA သိမ်းပိုက်ထားသည်ဟု ဦးခိုင်သုခက ဆိုသည်။
စစ်ကောင်စီနှင့် မဟာမိတ်တို့က မောင်တောမြို့မှ အရပ်သားတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည်၊ အရပ်သားများထိခိုက်မှုမရှိရေး သတိကြီးကြီးထား၍ တိုက်ခိုက်နေရသည်ဟု ဦးခိုင်သုခက ပြောသည်။
မောင်တောဒေသတွင် စစ်ကောင်စီနှင့်အတူ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ARSA, RSO, ARA နှင့် စစ်ကောင်စီ၏စစ်သင်တန်းဆင်း ရိုဟင်ဂျာလက်နက်ကိုင်များလှုပ်ရှားလျက်ရှိသည်။
လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများအတွင်း နေထိုင်သူတို့ကို အတင်းအကြပ်ဖမ်းဆီးပြီး စစ်ကောင်စီတပ်ထဲ အတင်းအကျပ် ဝင်ရောက်စေခဲ့သည်ဟု ဆိုသည်။
ဤလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုဖြစ်ပြီး လူကုန်ကူးမှုမြောက်သည်ဟု Fortify Rights အဖွဲ့က ဇူလိုင် ၂၆ တွင် ထုတ်ပြန်ထားသည်။
အခြားတစ်ဖက်တွင်လည်း သြဂုတ် ၅ ရက်နေ့က မောင်တောမြို့နယ်၊ ပင်လယ်ကမ်းခြေတစ်နေရာတွင် လက်နက်ကြီး၊ ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ရိုဟင်ဂျာ ၂၀၀ ခန့် သေဆုံးသွားပြီး ထိုလုပ်ရပ်မှာ AA လက်ချက်ဖြစ်သည်ဟု ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးအဖွဲ့တချို့က စွပ်စွဲကြသည်။
AA က ထိုလုပ်ရပ်မှာ ၎င်းတို့နှင့် သက်ဆိုင်မှုမရှိကြောင်း၊ ထိုအဖြစ်အပျက်အတွက် ဝမ်းနည်းရကြောင်း သြဂုတ် ၇ တွင် ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်ထဲမှ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည့် AA က ရခိုင်ပြည်နယ်ထဲမှ စစ်တပ်စခန်းအားလုံးကို တိုက်ခိုက်မည်ဟု ကြေညာထားသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသော်လည်း စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
သတင်းများ နေ့စဉ်ဖော်ပြနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာတွင် သြဂုတ်လတွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် သတင်းတိုတစ်ပုဒ်သာ ပါဝင်သည်။ ရခိုင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်း ၈ ခုမှ စစ်ဆေးရုံများတွင် ကုသမှုခံယူနေသူများကို စစ်အရာရှိများ သွားရောက် တွေ့ဆုံသည်ဆိုသောသတင်း ဖြစ်သည်။