သတင်း

နယ်စပ်ကုန်သွယ်ရေးမြို့ မောင်တောကို သိမ်းရန် AA ထိုးစစ်အရှိန်မြှင့်

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ အနည်းငယ်သာ ကျန်ရှိတော့ရာ အပြီးသတ်သိမ်းနိုင်ပါက အာရက္ခတပ်တော် (AA) သည် ၁၆၈ မိုင် ရှည်လျားသော မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ထိန်းချုပ်နိုင်ရေးအတွက် အရေးပါသော ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ကို သိမ်းနိုင်ရေး ယခုလ ၄ ရက်စတင်ပြီး အရှိန်မြှင့်ထိုးစစ်ဆင်ကာ မြို့သိမ်းတိုက်ပွဲ စတင်နေပြီဟု အာရက္ခတပ်တော် (AA) က ယမန်နေ့ (သြ ဂုတ် ၁၈) တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ် ၄ ရက်တွင် မောင်တောမြို့၏ မြောက်ဘက်ရှိ “ဟော်ရီတူလာရွာ” နှင့် တောင်ဘက်ရှိ “မောင်နီ ရွာ” တို့၌ တပ်စွဲစခန်းချထားသော စစ်ကောင်စီ၏ စစ်စခန်းနှစ်ခုကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည်။

မောင်နီရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကို ထိုနေ့တွင်ပင် သိမ်းပိုက်ရရှိပြီး ဟော်ရီတူလာရွာရှိ စစ်ကောင်စီစခန်းကို သြဂုတ် ၆ ရက်တွင် သိမ်းပိုက်ရယူခဲ့ကြောင်း၊ ထို့နောက် မောင်တောမြို့ကို နေရာအနှံ့ ဝန်းရံပိတ်ဆို့ပြီး မြို့တွင်းတိုက်ခိုက်မှုကို အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့သည်ဟု AA ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် မောင်တောမြို့၏ အမှတ် (၁)၊  (၂)၊ (၃)၊ (၄) အစရှိသည့် ရပ်ကွက်များအတွင်းရှိ စစ်ရေးအရ အရေးပါပြီး အချက်အချာကျသော အထပ်မြင့်အဆောက်အအုံများ၊ နေအိမ်များ၊ စာသင်ကျောင်းများ အပါအဝင် အခြားနေရာများကို စစ်စခန်းများအဖြစ် အသုံးပြုပြီး ခုခံနေသည်ဟု AA ဘက်က ဆိုသည်။​

လက်ရှိတွင် မောင်တောမြို့၌ နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး AA က မြို့ထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ချေမှုန်းထားနိုင်ပြီး စခန်းချတပ်စွဲထားသော နေရာတချို့ကို သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်ဟု AA ဘက်က ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလဆန်းကတည်းက မောင်တောမြို့နယ်ကို ထိုးစစ်ဆင်ခဲ့ပြီး ရခိုင်ပြည်နယ်အနှံ့ AA ထိုးစစ်များ ပြုလုပ်ခဲ့ရာ AA သည် ယခုလဆန်းတွင် မောင်တောမြို့ကို အပြီးသတ်ရနိုင်ရေး ထိုးစစ်အရှိန်မြှင့်လိုက်ပြီး မြို့တွင်းတိုက်ပွဲများပြင်းထန်နေခြင်း ဖြစ်သည်။

ဩဂုတ် ၄ ရက်တွင် AA စတင် တိုက်ခိုက်ခဲ့သော မောင်တောမြို့အနီးရှိ စစ်တပ်စခန်းနှစ်ခုပြ မြေပုံ။

မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ အထက (၂) ကျောင်းအနီး လူနေအိမ်၌ နေရာယူထားသော စစ်ကောင်စီ၏ စစ်သင်တန်းဆင်း မွတ်စလင်လက်နက်ကိုင်အဖွဲ့ဝင်များနှင့် ဩဂုတ် ၁၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိနစ် ၄၀ ခန့်ကြာမြင့်သည့် အထက်ပါအပြန်အလှန်ပစ်ခတ်မှုအတွင်း ထိုသူများကို ချေမှုန်းနိုင်ခဲ့ကြောင်း၊ နေအိမ်အဆောက်အအုံမှာ ပျက်စီးသွားကြောင်း ပါရှိသည်။

ထိုနေအိမ်အပါအဝင် အခြားလူနေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊​ မီးလောင်သေဆုံးနေသော မွတ်စလင်လက်နက်ကိုင် ၂ လောင်းနှင့် လက်နက်ခဲယမ်းတချို့တို့ တွေ့ရှိခဲ့ကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး AA ၏ ပြောခွင့်ရ ဦးခိုင်သုခကို မေးမြန်းမရသေးသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေ၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယခုလဆန်းက တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့နယ်မှ ထွက်ပြေးလာသော ရိုဟင်ဂျာများ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကာ ဒေသတွင်းအခြေအနေ ရှုပ်ထွေးနေသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အသက်မသေဘဲ လွတ်မြောက်ခဲ့သူများနှင့် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများက AA လက်ချက်ဟု ပြောဆိုခဲ့သည်။ AA က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ထိုသေဆုံးမှုအပေါ် များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ အသေးစိတ်စုံစမ်းနေကြောင်း ဩဂုတ် ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

အွန်လိုင်းလူမှုကွန်ရက်တွင် ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် ထောင်နှင့်ချီသည် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်ရန် နှစ်နိုင်ငံဖြတ်သန်းစီးဆင်းသည့် နတ်မြစ်ကို ဖြတ်ကူးနေပြီး ကလေးငယ်များ၊ မြစ်ကမ်းဘေးတွင် ရုပ်အလောင်းများကိုလည်း တွေ့ရသည်။

စစ်ကောင်စီက အဆိုပါ အစုလိုက်အပြုံလိုက်သေဆုံးမှုမှာ AA ၏ လက်ချက်ဖြစ်သည်ဟု သြဂုတ် ၆ ရက်တွင် စွပ်စွဲထုတ်ပြန်ထားသည်။

ဩဂုတ် ၁၆ ရက်တွင် မောင်တောမြို့တွင်း၊ နာရီစင်နှင့် ၎င်းအနီးပတ်ဝန်းကျင်၊ မောင်တောမြို့၏ အရှေ့တောင်ဘက်နှင့် မောင်တောမြို့အဝင် စသည့်နေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု AA သတင်းရင်းမြစ်များက ဆိုသည်။

မောင်တောမြို့ပေါ်တွင် ကျန်ရှိသော စစ်ကောင်စီတပ်ဖွဲ့ အနည်းငယ်ကို ချေမှုန်းပြီး အပြီးသတ်သိမ်းနိုင်ပါက AA သည် ၁၆၈ မိုင် ရှည်လျားသော မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက မောင်တောကိုသာ ရပါက AA အနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျိုးအမြတ်များရှိကြောင်း ယခုနှစ် မေလအတွင်းက Myanmar Now ကို ပြောထားသည်။

“(မောင်တောကို သိမ်းလို့ရရင်) နယ်စပ်ပွင့်သွားမယ်ဆိုတော့ ကုန်ပစ္စည်းတွေဝင်လာမယ်။ ပြီးတော့ နိုင်ငံရေးအားဖြင့်ဆိုရင်လည်း နယ်စပ်ဒေသတွေဆိုတာက အရေးကြီးတာပေါ့။ နှစ်နိုင်ငံနယ်စပ်ဒေသကို အာရက္ခပြည်သူ့အစိုးရက ထိန်းချုပ်ပြီးသားဖြစ်သွားတာပေါ့။ စစ်ရေးအားဖြင့်ဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခု ဖြစ်သွားတယ်။ အဲဒါကြောင့် အများကြီး အကျိုးကျေးဇူးရှိတယ်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး သုံးဖက်စလုံး အကျိုးရှိတယ်လို့ ပြောလို့ရတယ်”

ယခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ စတင်သော မောင်တောထိုးစစ်အတွင်း AA ၏ တိုက်ခိုက်မှုကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းအနီးရှိ စစ်ကောင်စီတပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသည် ၅ ကြိမ်ထက်မနည်း နယ်စပ်ဖြတ်ကာ ထွက်ပြေးခဲ့ကြသည်။

မောင်တောတွင် ဆေးဝါးများ အရေးတကြီးလိုအပ်နေ

မြို့တွင်းတိုက်ပွဲများ ကျယ်ပြန့်လာသောကြောင့် ပိတ်မိနေသော မောင်တောဒေသခံ ပြည်သူ နှစ်သောင်းနီးပါးကို တိုက်ပွဲများကြား၌ ကယ်ထုတ်ထားခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်သည်ဟု AA က ဆိုသည်။

ဩဂုတ် ၉ ရက်က တွေ့ရသော မောင်တောဒေသခံတချို့။ (ဓာတ်ပုံ- Arakan Bay News)

မိုးတွင်းကာလဖြစ်သောကြောင့် ဝမ်းပျက်၊ ဝမ်းလျှောခြင်းရောဂါများ နေရာတချို့တွင် ဖြစ်ပေါ်လျက်ရှိသည်။ လွန်ခဲ့သည့်ရက်ပိုင်းများက ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သောကြောင့် သောက်သုံးရေ မသန့်ခြင်းကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်းမှာ ယခုရက်ပိုင်းအတွင်း ပိုမိုမြင့်တက်လျက်ရှိပြီး သေဆုံးသူ ၅ ယောက်အထိရှိလာသည်ဟု သိရှိရသည်။

ဝမ်းရောဂါနှင့် သက်ဆိုင်သောဆေးဝါးများအပြင် အထွေထွေရောဂါများအတွက် မရှိမဖြစ်လိုအပ်သော ဆေးဝါးများ အရေးတကြီး လိုအပ်လျက်ရှိသည်ဟု AA ၏ ကျန်းမာရေးဌာနက သြဂုတ် ၁၆ ရက်တွင် အကူအညီတောင်းခံထားသည်။

အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဆေးဝါးကူညီကြရန် AA က ပန်ကြားထားခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ရခိုင်ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားသော ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ပြည်မနှင့် ရခိုင်အကြား ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်လိုက်သောကြောင့် ဆေးဝါးအပြင် ကုန်ပစ္စည်းများရှားပါးလျက်ရှိသည်။

အလားတူ အိန္ဒိယကလည်း ရခိုင်ဒေသသို့ ဆေးဝါးတင်သွင်းခွင့် ပိတ်ပင်ထားသောကြောင့် ဆေးဝါးအခက်အခဲ ဖြစ်ပေါ်နေသည်။

လက်ရှိတွင် AA သည် သံတွဲမြို့နယ်၏ လက်ကျန်တပ်စခန်းဖြစ်သော မောင်ရွှေလေးရေတပ်စခန်းကို တိုက်ခိုက်နေပြီး သြဂုတ် ၁၀ ရက်က စတင်သော ရခိုင်တောင်းပိုင်ရှိ ဂွမြို့နယ်တိုက်ပွဲလည်း ပြင်းထန်နေကာ၊ ထိုမြို့နှင့် ဆက်နေသော ကျိန္တလီမြို့ မှ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်များသည် ကျိန္တလီနှင့် ဂွကြားရှိ ဆပ်သွားတံတား၊ ရတနာမြိုင် (ကုလားပြင်) ကျေးရွာများမှ ခုခံနေသည်ဟု သိရသည်။

ကျိန္တလီတိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ကြိုးပမ်းနေသော်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေသောကြောင့် အသေးစိတ် သိရှိနိုင်ရန် ခက်ခဲနေသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲနှင့်  ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

ရခိုင်မြောက်ပိုင်းတွင် မောင်တောမြို့ အပြီးသတ်ရပါက စစ်ကောင်စီ ရုံးစိုက်ရာ ပြည်နယ်မြို့တော် စစ်တွေသာ ကျန်ရှိမည်ဖြစ်ပြီး စစ်ကောင်စီက လက်မလွှတ်ရရေးအတွက် စစ်တွေကမ်းနားလမ်းတစ်လျှောက် ခြံစည်းရိုးကာ၍ ခုခံရန် ပြင်ဆင်နေသည်ဟု ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း လတ်တလော တိုက်ပွဲပြင်းထန်နေသော နေရာများပြမြေပုံ။

Show More

Related Articles

Back to top button