သတင်း

မောင်တော ကျလျှင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို AA ရမည်

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့စစ်စခန်းများကို AA က ဆက်တိုက်နေပြီး စစ်ကောင်စီက လေတပ်အားပြု ခုခံနေသည်၊ AA ထိုဒေသကို ထိန်းချုပ်နိုင်လျှင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အမြတ်ထွက်မည် ဖြစ်သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း အနည်းငယ်သာ ကျန်ရှိတော့ရာ အာရက္ခတပ်တော် (AA) က ၁၆၈ မိုင် ရှည်လျားသော မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

မောင်တောတွင် ရဲစခန်းများ၊ နခခ ခေါ် နယ်ခြားစောင့်ရဲအဖွဲ့ခွဲ စခန်းများ ရှိကြသည်။

AA က ဖေဖော်ဝါရီလဆန်းမှ စတင်၍ မောင်တောကို ထိုးစစ်ဆင်ခဲ့ရာ မောင်တောမြို့နယ်အတွင်း မြို့ ၄ မြို့ထဲမှ တောင်ပြိုမြို့နှင့် ခမောင်းဆိပ်မြို့တို့ကို ထိန်းချုပ်ပြီးဖြစ်သည်။

မောင်တောတွင် စစ်ကောင်စီက နခခ (၂) ၊ နခခ (၄) မောရဝတီ၊ မောရဝတီဗျူဟာ၊ နခခ (၅) မြို့သူကြီး၊ နခခ (၉) မြင်းလွှတ်၊ အလယ်သံကျော်စခန်းတို့ကိုသာ ဆက်လက် ထိန်းချုပ်ထားနိုင်ရာ ထိုစခန်းများအားလုံး သိမ်းပိုက်ရရှိလျှင် AA က မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ် လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက မောင်တောသိမ်းနိုင်ရေးမှာ နီးစပ်နေပြီဟု ဆိုသည်။​

“မောင်တောက နယ်စပ်တွေ သိမ်းထားပြီ။ မြို့ကွက်ကွက်လေးပဲ ကျန်တာ။ ဘူးသီးတောင် ရှင်းလင်းရေးလုပ်ပြီးရင် မောင်တောက ခဏပဲ။ နယ်စပ်ကတော့ ထိန်းချုပ်ထားပြီပြောလို့ရတယ်” ဟု ထိုအမျိုးသားက ပြောသည်။

ကပ်လျက် တည်ရှိသည့် ဘူးသီးတောင်မြို့နယ်ကို မေ ၁၈ ရက်နေ့တွင် သိမ်းပိုက်ပြီး AA က နယ်မြေရှင်းလင်းရေး ပြုလုပ်နေခြင်းကို သူက ဆိုလိုခြင်း ဖြစ်သည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း မောင်တောကို စစ်ကောင်စီ မကြာမီ လက်လွှတ်ရမည်ဟု ခန့်မှန်းသည်။

“ဘူးသီးတောင်က ပိုပြီးစစ်တပ်အင်အားများတာပေါ့။ ဘူးသီးတောင်ကို ရထားပြီဆိုတော့ မောင်တောကတော့ လမ်းကလည်း ဖြတ်တောက်ပြီးသားဖြစ်သွားပြီ။ စစ်တပ်အင်အားလည်း သိပ်မရှိဘူး။ နခခတွေ များတယ်၊ ရဲများတယ် ဆိုတော့ မောင်တောကလည်း မကြာခင်ကျသွားမယ်လို့ ယေဘုယျ သုံးသပ်လို့ရတယ်” ဟု သူက ဆိုသည်။

“(မောင်တောကို သိမ်းလို့ရရင်) နယ်စပ် ပွင့်သွားမယ်ဆိုတော့ ကုန်ပစ္စည်းတွေဝင်လာမယ်။ ပြီးတော့ နိုင်ငံရေးအားဖြင့်ဆိုရင်လည်း နယ်စပ်ဒေသတွေဆိုတာက အရေးကြီးတာပေါ့။ နှစ်နိုင်ငံနယ်စပ်ဒေသကို အာရက္ခပြည်သူ့အစိုးရက ထိန်းချုပ်ပြီးသားဖြစ်သွားတာပေါ့။ စစ်ရေးအားဖြင့်ဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခု ဖြစ်သွားတယ်။ အဲဒါကြောင့် အများကြီး အကျိုးကျေးဇူးရှိတယ်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး သုံးဖက်စလုံးအကျိုးရှိတယ်လို့ ပြောလို့ရတယ်”

လက်ရှိတွင် မြို့အနီး လေးမိုင်ရွာရှိ နခခ ၂ ကို AA က သိမ်းပိုက်ရန် ကြိုးစားနေသဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း မောင်တောဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်နယ်တောင်ပိုင်း အမ်း၊ သံတွဲရှိ စစ်စခန်းများကို ထပ်မံတိုက်နေပြီး ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူတို့တွင်လည်း စစ်ငွေ့စစ်ရိပ် ဆက်လက်သန်းနေသည်။

ရခိုင် ၁၇ မြို့နယ်အနက် ၉ မြို့နယ်သည် AA ထိန်းချုပ်မှုအောက် ရောက်နေသည်။

မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေချိန်မှာပင် AA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် မေ ၁၄ ရက်နေ့က စတင်ပြီး ၂ ရက်ကြာ ဆွေးနွေးခဲ့သည်။

ရခိုင်၌ အာရက္ခတပ်တော်(AA)  တပ်တစ်ခုတည်းရှိရမည်၊ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေမှု ရပ်တန့်ရမည်၊ ရခိုင်ပြည်နယ်မှ စစ်ကောင်စီတပ် ထွက်ခွာရမည်ဟု AA က ဆွေးနွေးပွဲတွင် တောင်းဆိုကြောင်း သိရသည်။

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တို့တာဝန်အရေးသုံးပါးတို့ အကြောင်းကို ပြောဆိုသည်၊ ဆွေးနွေးပွဲမှာ ရှေ့ဆက်မရဘဲ ပျက်သွားသည်ဟု ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနတွင် ရေးသားထားသည်။

လေတပ်က ဗုံးကြဲ၍ တစ်ဦးသေ၊ ၁၁ ဦးဒဏ်ရာရ

စစ်ကောင်စီလေတပ်က မောင်တောမြို့နယ်အတွင်း တိုက်ခိုက်မှု အကြိမ်ရေ ခပ်စိပ်စိပ် ပြုလုပ်လာနေရာ ယနေ့ (မေ ၂၁) နံနက် ၄ နာရီခန့်တွင် မြို့အနီးရှိ ကျေးရွာ နှစ်ရွာကို ဗုံးကြဲသဖြင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ဒေသခံ ၁၁ ဦး ဒဏ်ရာရရှိသွားသည် ဟု သိရသည်။

မြို့တောင်ဘက် ရွှေဗဟိုရွာ၊ မြို့အရှေ့ဘက်ရှိ ငွေတောင်ကျေးရွာတို့ကို လေယာဉ် သုံးစီးက တစ်ချိန်တည်းလိုလို ဗုံးကြဲချရာ မောင်တောမြို့ပေါ်မှ စစ်ရှောင်လာသော အသက် ၂၃ နှစ် အရွယ် မပန်းအိဖြူ သေဆုံးခဲ့သည်။ ထိုကျေးရွာတွင် အခြားဒေသခံ ၆ ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။

ငွေတောင်ရွာတွင်လည်း ဒေသခံ ၅ ဦး ဒဏ်ရာ ရကာ ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု မောင်တောမြို့မှ ဒေသခံ နောက်တစ်ဦးက ပြောသည်။

“ဒီနေ့ဖြစ်စဉ်ဟာ လုံးဝရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေအိပ်မောကျနေတဲ့အချိန်၊ အကာအကွယ်ယူဖို့အတွက် ခက်ခဲတဲ့အချိန်ကို သတ်မှတ်ပြီး လာရောက်တိုက်ခိုက်တာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

“နိုင်ငံတကာစစ်ခုံရုံး၊ လူသားချင်းစာနာထောက်ထားရေးအဖွဲ့တွေအနေနဲ့လည်း ရခိုင်ပြည်မှာ ဒီလို လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို လက်ပိုက်ကြည့်မနေဘဲ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူစေချင်တယ်”

အသက် ၂၃ နှစ်အရွယ် မပန်းအိဖြူ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။ (ဓာတ်ပုံ-ပေးပို့)

ထိုရွာများအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ထိုသူက ဆိုသည်။

စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဆက်လက်ဖြတ်တောက်ထားချိန်တွင် ရွာခံများကို ဆက်သွယ် မေးမြန်းနိုင်ရန် ခက်ခဲနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဖုန်းလိုင်းအသုံးပြုသော ဒေသခံတချို့ကလည်း ဖြစ်စဉ်အသေးစိတ် မသိရသေးကြောင်း ပြောသည်။

စစ်ကောင်စီက  မောင်တောမြို့ဝင်တံတားများကို ဖျက်ဆီးပြီး မြို့အဝင်အထွက်ကို ပိတ်ဆို့ကာ ခံစစ်ဆင်နေသောကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်ဟု မောင်တောမြို့ခံ အခြားတစ်ဦးက ပြောသည်။

“စားနပ်ရိက္ခာတွေ ပြတ်လပ်သွားတယ်။ ဘူးသီးတောင်ဘက်က၊ ညောင်ချောင်းဘက်လာတဲ့ပစ္စည်းတွေဟာ မရောက်နိုင်။ ဆိုတော့ ကုန်စျေးနှုန်းတွေ တက်လာတယ်။ လေးမိုင်၊ သုံးမိုင်က စိုက်ပျိုးရေးလုပ်တဲ့ကျေးရွာတွေကလည်း ဒီဘက်ကို လာလို့မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

“ဘာလို့လဲဆိုတော့ သုံးမိုင်စစ်ဆေးရေးဂိတ်မှာ နယ်ခြားစောင့်တွေ မရှိတော့ဘူး။ စစ်တပ်က ပြန်ဝင်လာပြီး နေရာယူထားတာတွေရှိတယ်။ မြို့သူကြီး နခခ ၅ ကလည်း ဖြတ်ခွင့်မပေး၊ မြို့အဝင်ကလည်း ပိတ်ထားတော့ ဟင်းသီးဟင်းရွက်တွေ မြို့ကို မရောက်နိုင်ဘူး။ နောက်ဆုံးအဆင့် ဘုရားပန်းတောင် မရောက်နိုင်”

လက်ရှိတွင် မောင်တောမြို့ရှိဒေသခံ ၃၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်ရန် ထွက်ပြေးသွားကြပြီး တချို့သူများမှာ ကျေးလက်ဒေသများသို့ထွက် ပြေးသွားကြသည်။ ထွက်မပြေးနိုင်ဘဲ မြို့တွင်းပိတ်မိနေသူများ ရိက္ခာခက်ခဲနေသည်ဟု ၎င်းက ထပ်ပြောသည်။

“ဒေသခံတွေပိတ်မိနေတဲ့အခြေအနေကတော့ အများကြီးရှိတယ်။ ဒီဘက်မှာ တံတားလေးစင်းကို စစ်ကောင်စီက ချိုးပစ်ပြီးနောက်ပိုင်း မောင်တောမြို့အဝင်ထွက်ကို လမ်းကြားလမ်းကြိုကမကျန် အားလုံးပိတ်ပစ်တော့ မောင်တောမြို့ထဲကလူတွေဟာ အပြင်ကို ထွက်မရ” ဟု ထိုအမျိုးသားက ဆိုသည်။

“သူတို့ပိတ်လိုက်တဲ့အားဖြင့် ကုန်စည်စီးဆင်းမှု ဟင်းသီးဟင်းရွက်ကအစ၊ ဆန်ကအစ မလာနိုင်တော့ ကျန်လိုက်တဲ့သူတွေဟာ ထမင်းငတ်တဲ့အဆင့်။ ကုန်စည်နှုန်းတွေ ထိုးတက်ပြီး ထမင်းငတ်တဲ့အဆင့် ဖြစ်သွားမယ်။ အဲဒီလို ပိတ်ဆို့လိုက်တာက အများကြီးအန္တရာယ်ရှိတယ်။ တကယ့်တကယ် တိုက်ပွဲ မြို့ထဲမှာ ဖြစ်လာရင်လည်း မြို့သူမြို့သားက ထွက်ပြေးလို့မရတဲ့ အခြေအနေပေါ့”

မေ ၁၉ ရက် နံနက်ပိုင်းကလည်း သရေကုန်းဘောင်ရွာကို စစ်လေယာဉ်က နှစ်ကြိမ် ဗုံးကြဲခဲ့သည်၊ ထိုစဉ်က စစ်ရှောင် အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့ကာ ကျေးရွာဆေးခန်းနှင့် လူနေအိမ် ၄ လုံး ပျက်စီးခဲ့သည်။ အလားတူ မေ ၁၄ ရက်က ကင်းချောင်းရွာကို လေတပ်က ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်စဉ် ဒေသခံ ၄ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးခဲ့သည်ဟု သိရသည်။

တိုက်ပွဲအခြေအနေ၊ အရပ်သားများ ထိခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

ရသေ့တောင်မြို့သိမ်းယူအပြီး တွေ့ရသော AA တပ်ဖွဲ့ဝင်များကို ယခုနှစ် မတ် ၂၄ ရက်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-AA infodesk)

ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ 

မေ ၁၄ ရက်နေ့တွင် AA က ဘူးသီးတောင်ရှိ အမှတ် (၃၅၃)၊ (၅၃၅) ၊ (၂၆၃)၊ (၂၃၃) ခြေမြန်တပ်ရင်းများကို သိမ်းလိုက်သည်။

မေ ၁၃ တွင် နခခ (၃) ၊ မေ ၁၆ တွင် နခခ (၈) စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့သည်။

ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားသော မေယုမြစ်နှင့် စိုင်းဒင်မြစ်အကြားရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) တပ်မဌာနချုပ်ကို ဧပြီနောက်ဆုံးအပတ်တွင် ထိုးစစ်အားအရှိန်မြှင့်လိုက်ရာ မေ ၂ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်၊ ခမရ (၅၅၁) တပ်ရင်းကို မေ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။

အလားတူ မတ် ၂၅ တွင် ခမရ (၅၅၂) တပ်ရင်း၊ ဧပြီ ၅ ရက်တွင် ခမရ (၅၆၄) တပ်ရင်း၊ ဧပြီ ၂၄ ရက်တွင် ခမရ (၅၆၅) တပ်ရင်းတို့ကို ရရှိခဲ့သည်။

ဘူးသီးတောင်မြို့ရှိ  စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းတချို့ အပါအဝင် စခန်းအားလုံးကို မေ ၁၈ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီဟု AA က ယင်းနေ့တွင် ထုတ်ပြန်သည်။

ဘူးသီးတောင်ရှိ နောက်ဆုံးလက်ကျန်စခန်းများဖြစ်သည့် ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခလရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် GE တပ်ရင်း (အင်ဂျင်နီယာတပ်) တို့ကို မေ ၁၈ က သိမ်းလိုက်ပြီးနောက် ထိုမြို့ကို AA က ထိန်းချုပ်လိုက်နိုင်သည့်အခြေအနေဖြစ်သည်။

လက်ရှိတွင် ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က လိုက်လံတိုက်ခိုက်နေကြောင်း သိရသည်။

ဘူးသီးတောင်မြို့ရှိ ရိုဟင်ဂျာနေအိမ်အားလုံးကို မေ ၁၇ ရက်တွင် AA က မီးရှို့လိုက်ကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က စွပ်စွဲထားသည်။

သို့သော်လည်း AA က ယမန်နေ့တွင် ငြင်းဆိုလိုက်ကာ ထိုနေ့က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူပိုင်အဆောက်အအုံများပျက်သွားရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘူးသီးတောင်နှင့်ပတ်သက်၍ အခြေအနေအသေးစိတ်များကို မသိရှိရသေးဘဲ Myanmar Now က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်တွင် ဖြစ်ပွားနေသောအခြေအနေများနှင့် ပတ်သက်၍  များစွာစိုးရိမ်ပူပန်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (မေ ၂၁) တွင် ထုတ်ပြန်သည်။

ဘူးသီးတောင်၊ မောင်တော၊ သံတွဲတို့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သောကြောင့် ဒေသခံများ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လုံခြုံရေးအရ ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းရန်၊ အကယ်၍ စစ်ပွဲအန္တရာယ်ဇုန်တွင်း ပိတ်မိခဲ့ပါက ၎င်းတို့ထံ ဆက်သွယ်အကူအညီတောင်းကြရန် AA က ပြောထားသည်။

ဘူးသီးတောင်မြို့အထွက်တစ်နေရာကို ၂၀၂၀ ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

Show More

Related Articles

Back to top button