သတင်း

မောင်တောတွင် လူသားဒိုင်းလုပ်ခံနေရသူတို့ကိုကယ်ထုတ်ခဲ့ကြောင်း AA ပြော

မောင်တောရှိ ရိုဟင်ဂျာများကို သတ်ဖြတ်သည်ဟု စွပ်စွဲခံနေရသည့် AA တပ်ဖွဲ့က ထိုမြို့မှ လူသားဒိုင်းကာလုပ်ခံထားရသူများနှင့် ပိတ်မိနေသူများကို ကယ်ထုတ်ထားသည်ဟု ဆိုသည်။

တိုက်ပွဲ ပြင်းထန်နေသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ရိုဟင်ဂျာအများအပြား သေဆုံးခဲ့မှုနှင့်ပတ်သက်၍ စွပ်စွဲခံထားရသော အာရက္ခတပ်တော် (AA) က လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံ ထားရသည့် မွတ်ဆလင်ဒေသခံတချို့ကို ၎င်းတို့ ကယ်ထုတ်ပေးခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည်။ 

AA ထိန်းချုပ်ထားသော နယ်မြေများသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ 

အလားတူ မောင်တောမြို့အတွင်း စစ်ကောင်စီတပ်က လူသားဒိုင်းကာလုပ်ထားသူများနှင့် ပိတ်မိနေသော မွတ်ဆလင် ၄၀၀၀ ကျော်ကို သြဂုတ် ၇ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့သည်ဟု ရခိုင်ဒေသသတင်းများဖော်ပြသော  Arakan Bay News တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

AA အမျိုးသမီးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ထိုပုံများထဲတွင်  အထုပ်အပိုးသယ်ဆောင်လာသည့် ဒေသခံအများအပြား၊ ကလေးငယ်များကို တွေ့ရသည်။ 

  AA က ထိုသူများကို ကယ်ထုတ်ခဲ့သည်ဟု မောင်တောဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“မြို့စွန်ကလူတွေ၊မြို့ထဲကလူတွေပါ အားလုံးကယ်ထုတ်နေတယ်” ဟု သူက ပြောသည်။

မကြာသေးခင်ရက်များက တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့နယ်မှ ထွက်ပြေးလာသည့် ရိုဟင်ဂျာများ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကာ အဆိုပါတိုက်ခိုက်မှုတွင် အသက်မသေဘဲ လွတ်မြောက်ခဲ့သူများနှင့် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများက AA လက်ချက်ကြောင့် သေဆုံးသည်ဟု ပြောဆိုခဲ့ကြသည်။

AA က ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ထိုသေဆုံးမှုအပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ အသေးစိတ်စုံစမ်းနေကြောင်း ဩဂုတ် ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

ထောင်နှင့်ချီသည် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်ရန် နတ်မြစ်ကို ဖြတ်ကူးနေကြသည့် ရုပ်သံ မှတ်တမ်း ပြီးခဲ့သည့်ရက်ပိုင်းက အွန်လိုင်းလူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့ပြီး ထိုရုပ်သံတွင် ကလေးငယ်များ၊ မြစ်ကမ်းဘေး ရုပ်အလောင်းများကိုလည်း တွေ့ရသည်။

အစုလိုက်အပြုံလိုက်သေဆုံးမှုမှာ AA ၏ လက်ချက်ဖြစ်သည်ဟု စစ်ကောင်စီက သြဂုတ် ၆ ရက်တွင် စွပ်စွဲထုတ်ပြန်ထားသည်။

“ထွက်ပြေးတဲ့လူအုပ်ကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ စစ်ကောင်စီဘက်ကနေ ဒရုန်းနဲ့ လာပြီးတော့ ပစ်တာရှိတယ်။ လက်နက်ကြီးတွေနဲ့ပစ်တဲ့အတွက်ကြောင့်မလို့ သေကျေ၊ ဒဏ်ရာရတာတွေ ဖြစ်တာ ” ဟု AA ပြောခွင့်ရ ဦးခိုင်သုခက  ဩဂုတ် ၇ ရက်က Myanmar Now ကို ပြောထားသည်။

Myanmar Now အနေဖြင့်လည်း ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို စုံစမ်းနိုင်ခြင်းမရှိသေးပေ။

နတ်မြစ်အနီး ရေနစ်သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် အနည်းဆုံး ၁၀ ဦးခန့်ရှိသည့်အနက် ရုပ် အလောင်းတချို့ကို သြဂုတ်  ၆ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- AFP)

မောင်တောမြို့ကို သိမ်းပိုက်နိုင်ရန်ကြိုးပမ်းနေသည့်  AAသည် စစ်ကောင်စီ၏ လက်ကျန် တပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေသလို စစ်ကောင်စီလေတပ်ကလည်း ပစ်ခတ်နေကြောင်း သိရသည်။ 

စစ်ကောင်စီလက်ကျန်တပ်စခန်းများဖြစ်သည့် မြို့သူကြီးရပ်ကွက်ရှိ  အမှတ် -၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲနှင့် မြို့စောင့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူပေးနေသည်ဟု အထက်ပါ မောင်တောဒေသခံက ပြောသည်။

“မြို့သူကြီးဘက်တွေ၊ မောင်နီရွာဘက်တွေကပစ်ခတ်သံကြားနေရတယ်။ ဂျက်လေယာဥ်ကတော့ ဒီနေ့ မနက် ၂ နာရီကျော်မှာ တစ်ကြိမ်ရောက်တယ်။ပတ်ပတ်လည်ဗုံးကြဲခဲ့တယ်။၇ လုံး၊၈လုံးလောက်။ လသာရွာဘက်တွေ၊ မောင်နီရွာဘက်တွေ၊မြို့သူကြီးဘက်တွေကိုချခဲ့တယ်။ မနက် ၇ နာရီလောက်မှာလည်း လာကြဲသေးတယ် “ဟု ၎င်းက ဆိုသည်။

မြို့နှင့်တစ်မိုင်ခန့်အကွာမောင်နီရွာရှိ စစ်ကောင်စီတပ်စခန်းကို AA က သြဂုတ် ၄ ရက်တွင်သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ မြို့ထဲသို့ဝင်ရောက်နိုင်ခဲ့သည်ဟု ဒေသခံများ၊ AAနှင့်နီးစပ်သူများအဆိုအရ သိရသည်။

AA ကိုတိုက်ခိုက်ရာတွင် စစ်ကောင်စီနှင့်အတူ စစ်သင်တန်းဆင်းရိုဟင်ဂျာများနှင့်အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသည့်  ARSA နှင့်RSO တပ်ဖွဲ့ဝင်များပါဝင်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

“ARSA နဲ့ RSO ထိပ်ပိုင်း ခေါင်းဆောင်တချို့ သြဂုတ် ၅ ရက်နေ့ကပင် မြို့ကထွက်ပြေးသွားပြီလို့သိရတယ်”ဟု ၎င်းကဆိုသည်။

မြို့တွင်းတွင် စစ်ကောင်စီနှင့်အတူ စစ်ကောင်စီခွင့်ပြုချက်ဖြင့် လှုပ်ရှားနေသည့် မွတ်စလင်လက်နက်ကိုင်များ လည်း ရှိနေကြောင်း ၎င်း ကဆိုလိုခြင်း ဖြစ်သည်။

 AA ဘက်ကမူ မောင်တောဒေသတွင် စစ်ကောင်စီနှင့်အတူ ARSA, RSO နှင့် စစ်သင်တန်းဆင်းရိုဟင်ဂျာ လက်နက်ကိုင်တို့က ၎င်းတို့ကို ပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း ယခုနှစ် အစောပိုင်းတည်းက ထုတ်ပြန်ထားသည်။

လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင်  အတင်းအကျပ် ဖမ်းဆီးကာ လူသစ်စုဆောင်းထားသည်ဟု သိရသည်။ 

ထို့နောက် အဆိုပါဖမ်းဆီးခံရသူများကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီး မြန်မာစစ်ကောင်စီထံ အတင်းအကျပ် ဝင် ရောက်စေခဲ့ကြောင်း တွေ့ရှိရသည်၊ ဤလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုဖြစ်ပြီး လူကုန်ကူးမှု မြောက်သည် ဟု Fortify Rights အဖွဲ့က ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ထားသည်။

၁၆၈ မိုင် ရှည်လျားသော မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်နိုင်ရေးတွင် အရေးပါသည့်  မောင်တောမြို့ သိမ်းနိုင်ရေးအတွက် ယခုနှစ် ဖေဖော်ဝါရီလဆန်းက ထိုးစစ်ဆင်နေရာ မောင်တောမြို့နယ်အတွင်း ဒေသအခြေ အနေများ ရှုပ်ထွေးနေသည်။ 

ရခိုင်တောင်ပိုင်း AA ထိုးစစ်

သံတွဲမြို့ရှိ  စစ်ကောင်စီ၏ တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာ အများစုတို့အား AA သည် ဇူလိုင် ၁၆ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် သံတွဲမြို့အကျဉ်းထောင်တွင် ပိတ်မိနေသော  အကျဉ်းသားများအားလုံး (၃၇၂) ဦးကို ဘေးကင်းလုံခြုံ ရာသို့ ကယ်ထုတ်နိုင်ခဲ့သည်ဟု AA က ယမန်နေ့က ထုတ်ပြန်သည်။

သံတွဲအကျဉ်းထောင်မှ အကျဉ်းသား စုစုပေါင်း ၃၇၂ ဦးအနက် ၇ ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း  စစ်ကောင်စီ ၏ လက်နက်ကြီးစထိမှန်ပြီး (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂) ဦးသည်လည်း ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေး ကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့သည်ဟုဆိုသည်။

ကယ်ထုတ်လာခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးပါဝင်ပြီး ထိုအထဲမှ ၂ ဦးမှာ ကယ် ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရသည်။ ကျန်နိုင်ငံရေးအကျဉ်းသား ၄၁ ဦးကို၎င်းတို့၏ နေအိမ်များနှင့် မိသားစုများထံသို့   ဩဂုတ် ၆ ရက်နေ့မှစတင်ပြီး ပြန်လည်ပို့ဆောင်ပေးနေပြီဟု AA ဘက်က ဆိုသည်။

ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများအား မိမိတို့အနေဖြင့် ဆက်လက် ထိန်းသိမ်းထားလျက်ရှိကာ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေးလျက်ရှိပြီး တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင် ရွက်သွားမည်ဟု AA က ထုတ်ပြန်ထားသည်။

AA သည် သံတွဲမြို့နယ်တစ်ခုလုံးအားသိမ်းပိုက်နိုင်ရန်လည်းအပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု AA ပြောခွင့်ရ အရာရှိ ဦးခိုင်သုခကပြောသည်။

“သံတွဲဘက်မှာတော့ မောင်ရွှေလေးနဲ့ကွင်းဝိုင်းရေတပ်စခန်းတွေဘက်မှာ တိုက်ပွဲကဆက်ပြီး ပြင်းထန်နေတာ ရှိတယ်။ အမ်းမြို့ကိုလည်း ကျွန်တော်တို့ဘက်က ပိတ်ဆို့ထားတာရှိပါတယ်။ အမ်းမှာလည်း တိုက်ပွဲကတော့ ဆက်ပြီးတော့ ကြိုကြားကြိုကြား ဖြစ်နေတာရှိတာပေါ့။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခွင်လုံးတော့ ကျွန်တော် တို့ဘက်က ဖြတ်တောက် ပိတ်ဆို့ထားတာရှိပါတယ် “ဟု ၎င်းက ဆိုသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် ၊ ရမ်းဗြဲနှင့်  ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button