လေ့လာသုံးသပ်ချက်

စစ်အုပ်ချုပ်ရေး ကြေညာချက်တွင် ပေါ်လွင်နေသည့် စစ်ကောင်စီ ရုန်းကန်နေရမှု

အာသာသိမ်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာချက်သည် အာဏာသိမ်းမှုမအောင်မြင်ဘဲ စစ်ရေးရှုံးနိမ့်မှုကို ပေါ်လွင်နေသည်ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ လေ့လာသူများက သုံးသပ်သည်။ 

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်၏ ထိန်းချုပ်နယ်မြေများ လက်လွှတ်လိုက်ရသည့် စစ်ကိုင်း၊ ကယား၊ ချင်း၊ မကွေး၊ တနင်္သာရီ၊ မွန်၊ ကရင်နှင့် ပဲခူးတိုင်းတို့တွင် စစ်အုပ်ချုပ်ရေးကျင့်သုံးကြောင်း စစ်ကောင်စီ၏ ဖေဖော်ဝါရီ ၂ ထုတ်ပြန်ချက်အပေါ် သုံးသပ်လိုက်ခြင်းဖြစ်သည်။

ကြေညာချက်တွင် ပြည်နယ်နှင့်တိုင်း ၈ ခုမှ မြို့နယ်  ၃၇ မြို့နယ် ပါဝင်​ပြီး အများစုမှာ စစ်ရေးပြင်းထန်သော၊ တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသော မြို့နယ်များဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များတွင် တိုက်ပွဲပြင်းထန်နေသည့် အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆား လင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦးတို့ ပါဝင်သည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် စစ်ကိုင်းတိုင်းအတွင်းမြို့နယ်အချို့တွင် စစ်တပ်၏ စစ်ရေးရှုံးနိမ့်မှုကို ပေါ်လွင်စေသည်၊ စစ်အုပ်ချုပ်ရေးတွင် ပါဝင်သည့် မြို့များကို စစ်အင်အားတိုးမြှင့်ကာ လေကြောင်းမှ တိုက်ခိုက်မည်ကို စိုးရိမ်ရသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောသည်။

“သူတို့ အာဏာသိမ်းတာ မအောင်မြင်ဘူးလို့လည်း ဝန်ခံရာရောက်သလို ကျွန်တော်တို့ တော်လှန်ရေးကလည်း တော်တော် ခရီးပေါက်ပြီလို့ ရန်သူဘက်က အသိအမှတ်ပြုလိုက်တဲ့ သဘောပါပဲ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းသည်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေး ကြေညာသည်ဖြစ်​စေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အာဏာသိမ်း စစ်တပ်ကို အဆုံးစွန်ထိ ဆက်လက် ရင်ဆိုင်သွားရန် ဆုံးဖြတ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

“ဖိနှိပ်မှုကတော့ ဒီထက်ဆိုးလာစရာ အကြောင်းမရှိတော့ဘူး။ သူတို့ အစွမ်းကုန် ယုတ်မာပြီးသွားပြီ။ လူသတ်တယ်။ ပြည်သူပိုင်ပစ္စည်းတွေကို အစွမ်းကုန် ဖျက်ဆီးခဲ့ပြီးပြီ။ မီးရှို့ခဲ့ပြီးပြီ။ တရားဝင်ယုတ်မာခွင့်လိုင်စင်ယူလိုက်တဲ့သဘောပါ” ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ၁၀ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များအားကောင်းသည့် ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက် မြို့နယ်များကို ချန်လှပ်ထားသည်။

အာဏာသိမ်းစစ်တပ်က အွန်လိုင်းလူမှုကွန်ရက်တွင် ဖော်ပြခံရမှု များပြားသည့် ဒေသများကိုသာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီး စစ်တိုင်းမှုးများကို ဖိအားပေးလိုက်ခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံက သုံးသပ်သည်။

“အပေါ်ကညွှန်ကြားချက်မရလို့ မလုပ်လိုက်ရတာပါဆိုတဲ့ သူတို့အောက်ခြေကပြောမှာ စိုးရိမ်တဲ့အတွက် မင်းတို့တိုင်းတွေ၊ မင်းတို့မြို့နယ်တွေကို ပြတ်အောင် ဖြတ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ကျပ်လိုက်တဲ့ သဘောပဲ။ ပိုပြီး ရက်စက်ယုတ်မာမယ့် သဘောပဲ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ကြေညာချက်တွင် ချင်းပြည်နယ်ရှိ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နှင့် ဟားခါးမြို့နယ်တို့ ပါဝင်သလို မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နှင့် မြိုင် မြို့နယ်များ ပါဝင်သည်။

စစ်အုပ်ချုပ်ရေးကျင့်သုံးလိုက်သည့် တိုင်းနှင့် ပြည်နယ်များပြမြေပုံ

လေကြောင်းတိုက်ခိုက်မှု ပိုသုံးလာ

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မကွေးတိုင်း ယောဒေသနှင့် ချင်းပြည်နယ်ရှိ နယ်မြေအများအပြားကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေရသည်။

စစ်တပ်က မတူပီမြို့အနီး ၂ မိုင်ဝန်းကျင်အထိသာ ထိန်းချုပ်ထားနိုင်ပြီး ဒေသအများစုမှာ ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်၊ စစ်အုပ်ချုပ်ရေးကြေညာချက်မှာ ဒေသခံပြည်သူများကို ခြိမ်းခြောက်ခြင်းသာ ဖြစ်သည်ဟု မတူပီမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့ လက်လှမ်းမမီတဲ့ နယ်မြေတွေကို အနီရောင်အဆင့်ဆိုပြီး သတ်မှတ်ခဲ့ဖူးတာမျိုးရှိတယ်။ ဒီလိုကြေညာတော့ ပြည်သူတွေက အရမ်းကြောက်လာတယ်။ နယ်မြေက အရမ်းဆိုးရွားနေပြီး ရွာလုံးကျွတ်မီးရှို့သတ်ဖြတ်တာတွေ ဖြစ်လာနိုင်ပြီး၊ တော်လှန်ရေးသမားတွေဘက်ကို စိတ်မပါအောင် လုပ်လိုက်တာပေါ့” ဟု ၎င်းက ပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာချက်တွင် ကရင်နီပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်တို့အပြင် ပဲခူးရိုးမနှင့် ချိတ်ဆက်နေသည့် ပဲခူးတိုင်းအတွင်းရှိ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်၊ ပေါက်ခေါင်းမြို့များလည်း ပါဝင်သည်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရာတွင် မြန်မာပြည်အလယ်ပိုင်းနှင့် ချင်းတောင်တန်းပေါ်တွင်သာမကဘဲ မြန်မာပြည်တောင်ပိုင်းရှိ မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့အပြင် တနင်္သာရီတိုင်း ပုလောမြို့နယ်လည်း ပါဝင်သည်။

စစ်တပ်က ထားဝယ်-ပုလောနှင့် တနင်္သာရီမြို့များကို ချိတ်ဆက်ထားသည့်  ပြည်ထောင်စုလမ်းမတစ်လျှောက်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး စစ်တပ်ထိန်းချုပ်မြို့များရှိ ဒေသခံလူထု၏ လုံခြုံရေးကို စိုးရိမ်ရသည်ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သတင်းပြန်ကြားရေးနှင့် ပြည်သူလုံခြုံရေးတာဝန်ခံ ရဲဘော်ကိုးက ပြောသည်။

“စစ်အုပ်ချုပ်ရေးထုတ်ပြန်တာကြောင့် ပုံမှန်ထက် သတိပိုထားပြီး နေနေရတယ်။ စစ်အင်အားတော့ ထူထူးခြားခြား တိုးမြှင့်လာတာမျိုး မရှိသေးပေမဲ့ ကင်းထောက်လေယာဉ်တွေကတော့ မကြာခဏ လာဝဲနေတာမျိုးတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။

တင်းကျပ်ထားသည့် စစ်အုပ်ချုပ်ရေး

နိုင်ငံ၏ထက်ဝက်ကျော်ကိုသာ ထိန်းချုပ်ထားနိုင်သည့် အာဏာသိမ်းစစ်ကောင်စီသည် ပုန်ကန်သူများကို ကိုင်တွယ်ရန် မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအာဏာ ထပ်မံပြဋ္ဌာန်းသည်။ ထိုစစ်အုပ်ချုပ်ရေးတွင် သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့် ထောင်ဒဏ်၊ အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ရန် သက်ဆိုင်ရာ စစ်တိုင်းမှူးများကို အာဏာအပ်ထားသည်။

စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းထားသည့် မြို့နယ်များတွင် စစ်ခုံရုံးက ချမှတ်သည့် ပြစ်ဒဏ်များကို အယူခံခွင့်မရှိဟုလည်း ကန့်သတ်ထားသည်။ စစ်ခုံရုံးက  စစ်ဆေးမည့်အမှုများတွင် နိုင်ငံပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှု စသည့် ရာဇသတ်ကြီး ပုဒ်မများ ပါဝင်သည်။

ထို့အပြင် သွေးထိုးလှုံ့ဆော်မှု၊ မတရားအသင်းဆက်သွယ်မှု၊ လက်နက်ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတို့ဖြင့် စစ်ခုံရုံးတင်နိုင်သည့်အပြင် အဂတိလိုက်စားမှု၊ သတင်းမီဒီယာဥပဒေ၊ ပုံနှိပ်ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတို့နှင့်လည်း ခုံရုံးတင်နိုင်သည်ဟု ဆိုထားသည်။

စစ်ခေါင်းဆောင်၏ ၂ နှစ်ပြည့် ဝန်ခံချက်

စစ်ခေါင်းဆောင်သည် ယင်းအာဏာသိမ်းပြီး ၂ နှစ်ကြာသည့်တိုင် မအောင်မြင်သည့် အာဏာသိမ်းမှုဖြစ်နေကြောင်းကို ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့သော ကာလုံအစည်းအဝေးတွင် ဝန်ခံသွားခဲ့သည်။

နိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် အပြည့်အဝထိန်းချုပ်ထားနိုင်သည့် မြို့နယ် ၁၉၈ မြို့နယ်သာ ရှိသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။ လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ရမည့် မြို့နယ်ပေါင်း ၁၃၂ မြို့နယ် ရှိနေသည်ဟု စစ်ခေါင်းဆောင်က ဆိုခြင်းကြောင့် နိုင်ငံဧရိယာ၏ ၆၆ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်သည့်သဘော သက်ရောက်သည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ့ဝန်ထမ်းများ အာဏာဖီဆန်ခဲ့ကြရာ ကျန်းမာရေးဝန်ကြီးဌာမှ ဝန်ထမ်း ၁၀၀,၀၀၀ ​ကျော်ရှိသည့်အနက် ၅၀,၀၀၀ နီးပါးမှာ CDM ပြုလုပ်သွားခဲ့ကြသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။ ထို့ကြောင့် တစ်နိုင်ငံလုံးရှိ ဆေးရုံနှင့် ဆေးပေးခန်း ၁၂,၅၀၀ ကျော်ရှိသည့်အနက် ကိုဗစ်ကာလအတွင်း ၆၅ ရာခိုင်နှုန်းသာ ဆေးကုသပေးနိုင်ခဲ့သည်ဟုလည်း စစ်ခေါင်းဆောင်က ဝန်ခံသွားခဲ့သည်။

နိုင်ငံအတွင်း စစ်ရေးတင်းမာနေချိန်တွင် စစ်ခေါင်းဆောင်သည် ကာကွယ်ရေးအသုံးစရိတ် အဆမတန်တိုးမြှင့်ထားသည်ကို တွေ့ရသည်။ ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ထပ်တိုးဘဏ္ဍာငွေသုံးစွဲရေး ဥပဒေပြဋ္ဌာန်းရာတွင် ကာကွယ်ရေးအတွက် ငွေကျပ် သန်းပေါင်း ၄၅၀,၀၀၀ နီးပါး အသုံးပြုမည်ကို ထိုဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းသည်။ အဆိုပါ ကာကွယ်ရေးအသုံးစရိတ်သည် ကျန်းမာရေးအသုံးစရိတ်နှင့် နှိုင်းယှဉ်ပါက အဆပေါင်း ၃၆၆ ဆ များပြားသည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button