သတင်း

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကော့ကရိတ်တွင် လုံခြုံရေးတင်းကျပ်ထား

ကရင်ပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခံထားရသည့် ကော့ကရိတ်မြို့နယ်အတွင်း စစ်သည်အင်အား အများအပြားရှိနေပြီး အစစ်အဆေး တင်းကျပ်နေသည်ဟု ဒေသခံများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။

ဌာနဆိုင်ရာ ရုံးများနှင့် လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီ၏ လက်နက်ကိုင်များ ရှိနေပြီး လမ်းသွားလမ်းလာအချို့ကို စစ်ဆေးနေသည်ဟု ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁) ပြောရေးဆိုခွင့်ရှိသူ စောဝင်းဇော်က ဆိုသည်။

“သူတို့ အရေးကြီးတဲ့နေရာတွေ ရုံးပိုင်းဆိုင်ရာ နေရာတွေမှာ အင်အားတိုးချဲ့ထားတာ ရှိတယ်၊ မသင်္ကာရင် မသင်္ကာသလို ခေါ်ယူစစ်ဆေးတာမျိုး၊ သွားလာနေတာကို ရပ်တန့်စစ်ဆေးတာမျိုး ရှိတယ်” ဟု ၎င်းက ဆိုသည်။

မြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခင်ကထက် ပိုမိုမြင်တွေ့လာရပြီး လုံခြုံရေးတင်းကျပ်ထားသည့် အနေအထားများ ရှိနေကြောင်း၊ ထိုင်းကုန်စည်များသယ်ဆောင်ရာ အဓိကလမ်းကြောင်းဖြစ်သည့် အာရှလမ်းမကြီးတွင်လည်း ယာဉ်အသွားအလာ နည်းပါးနေကြောင်းလည်း ကော့ကရိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ မွန်ပြည်နယ် ရေးမြို့နယ်တို့ကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

ထိုဒေသများသည် ကရင်အမျိုးသားအစည်းအရုံး KNU ၏ တပ်မဟာ ၆ ဒူးပလာခရိုင်အတွင်း တည်ရှိသည်။ တိုက်ပွဲ မကြာခဏဖြစ်တတ်သည့် ထိုဒေသတွင် မြို့ပေါ်ရှိ စစ်တပ် တပ်ရင်းဌာနချုပ်များပါ တိုက်ခိုက်ခံနေရသည်။

စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ကြောင်း ကြေညာပြီးနောက် ဖေဖော်ဝါရီ ၆ ရက်နေ့ ညပိုင်းတွင်လည်း ကော့ကရိတ်မြို့ တောင်ပိုင်းရှိ ကျေးရွာများကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းသို့ လေကြောင်းတိုက်ခိုက်မှုများအပြင် စစ်တပ်ဘက်က ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် ကာကွယ်ရေးအဖွဲ့ဘက်က ဆိုသည်။

ကော့ကရိတ်တွင် နှစ်ဖက်တပ်အင်အား ဖြည့်တင်းထားသောကြောင့် တိုက်ပွဲဖြစ်လာနိုင်သည်ဟု ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁) ပြောရေးဆိုခွင့်ရှိသူ စောဝင်းဇော်က ပြောသည်။

“အချိန်မရွေး တိုက်ပွဲက ဖြစ်နိုင်တယ်။ ကော့ကရိတ်မြို့ ပတ်ပတ်လည်မှာ ကျွန်တော်တို့လူတွေ ဖြန့်ကြက်ထားပြီးသားပါ။ စစ်ရေးအရှိန်က ပိုပြီးတော့ တိုးမြှင့်လာဖို့ပဲ ရှိတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကော့ကရိတ်မြို့တွင်း ဌာနဆိုင်ရာရုံးများကို ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများဘက်ကို စစ်ကြောင်းထိုးရာ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ပေါ်တွင် ပုံမှန်အတိုင်း အသွားအလာမပြတ်ရှိနေကြသော်လည်း ဒေသခံတို့ စိုးရိမ်လျက်ရှိသည်ဟု ဆိုကြသည်။

“ဘယ်အချိန် ဘာထဖြစ်မယ်ဆိုတာ မသိနိုင်တော့ ပိုပြီး စိုးရိမ်မိတယ်။ လေကြောင်းက တိုက်ခိုက်လာမှာ အကြောက်ဆုံးပါပဲ” ဟု ဘုရားသုံးဆူမြို့ခံ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

ဤအတောအတွင်း ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ စစ်ဘေးရှောင် ၁၀၀၀၀ နီးပါးခန့် ရှိနေကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဇန်နဝါရီလမှ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၇၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button