သတင်း

ရခိုင်ပြည်နယ်အား ကိုင်တွယ်ရန် ဗိုလ်မှူးကြီးဟောင်းကို စစ်ကောင်စီ ရွေးချယ်

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ၇ နှစ်ကြာ တာဝန်ထမ်းခဲ့ဖူးသူ ဗိုလ်မှူးကြီးဟောင်း ထိန်လင်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်လိုက်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်စွဲဖြင့် ကြေညာသည်။

ဝန်ကြီးအဖြစ်၂၀၁၁ မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ယင်းမတိုင်မီ မောင်တောနယ်စပ်၌လည်း ကာလရှည် တာဝန်ကျခဲ့ဖူးသူ ဖြစ်သည်ဟု သိရသည်။

ဗိုလ်မှူးကြီးဟောင်း ဦးထိန်လင်းသည် ရခိုင်လူမျိုးမဟုတ်သော်လည်း ဒေသတွင်း နှစ်အတန်ကြာ ရခိုင်နိုင်ငံရေးသမားများနှင့် ထိတွေ့ဆက်ဆံဖူးသည့်အပြင် ရခိုင်အရေးအရာကိစ္စများ၊ စိတ်နေသဘောထား၊ ပထဝီအနေအထားတို့ကို နားလည်သဘောပေါက်သူ ဖြစ်သည်ဟု ဒေသခံတချို့က ပြောသည်။

စစ်ရေးငြိမ်သက်နေချိန် စိတ်စေတနာအပေါ် မူတည်၍ ဒေသအတွက် လုပ်နိုင်သော်လည်း စစ်ရေးတင်းမာချိန်တွင် စစ်သားတစ်ယောက်ကဲ့သို့ လုပ်ဆောင်သွားမည့်သူ ဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

“ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်မှာ အကြာကြီးနေခဲ့တယ်။ ရခိုင်တွေနဲ့ ပူးတွဲပြီး အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါက လွန်ခဲ့ပြီ။ အခုအချိန်မှာ ULA /AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်သွားတဲ့နောက်ပိုင်း အရင်အခြေအနေနဲ့ မတူတော့ဘူး။ အားလုံးက စစ်တိုင်းမှူး၊ နယ်လုံဝန်ကြီးအောက်ကို ရောက်သွားပြီ။ သူကတော့ စစ်တပ်ဘက်က လာတဲ့သူဖြစ်လို့ ညှိနှိုင်းဆောင်ရွက်လို့ ရမဲ့ အားသာချက်တော့ ရှိပါတယ်။ အရပ်သားဝန်ကြီးချုပ်ဆိုရင် အထက်က ညွှန်ကြားချက်အတိုင်းလုပ်၊ အထူးသဖြင့် စစ်ရေး၊ လုံခြုံရေး၊ တိုက်ပွဲကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ တင်ပြခွင့် မရဘူး။ အခု ဗိုလ်မှူးကြီးထိန်လင်းကလည်း သာမန်အချိန်မှာ မျှော်လင့်လို့ရပေမဲ့ တိုက်ပွဲကာလမှာဆိုရင် သူကိုယ်တိုင် စစ်ခေါင်းဆောင်အမာခံဖြစ်လို့ စစ်သားလို ကျင့်သွားမှာပဲ” ဟု သူက ပြောသည်။

ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် လူမှုရေးဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာအောင်ကျော်မင်းကို စစ်ကောင်စီ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာမှ နိုင်ငံတော်စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ရာထူး ပြောင်းလဲခန့်ထားခဲ့သည်။

ရခိုင်လူမျိုး အရပ်သားဝန်ကြီးချုပ်နေရာတွင် အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးကို အစားထိုးခန့်အပ်ခြင်းမှာ စစ်အုပ်ချုပ်ရေး ပီပြင်ရန် ဖော်ဆောင်လို၍ ဖြစ်သည်ဟု ဦးဖေသန်းက ယူဆသည်။

“တိုက်ပွဲကာလတွေမှာဆိုရင် စစ်ရေးရော အုပ်ချုပ်ရေးရော စစ်တပ်က ပိုအားကောင်းသွားမဲ့သဘော ရှိပါတယ်။ ရခိုင်မှာက အချိန်မရွေး တိုက်ပွဲဖြစ်လာမယ့်အခြေအနေရှိနေတယ်။ လတ်တလော အပစ်ရပ်ထားတယ်ဆိုတာကလည်း ကတိကဝတ်မရှိဘဲ နားလည်မှုနဲ့ ရပ်ထားတာဖြစ်တယ်။ တိုက်ပွဲဖြစ်လာရင် စစ်တပ်အနေဖြင့်  အရပ်သားဝန်ကြီးချုပ်ထက် သူက ပူးပေါင်းဆောင်ရွက်လို့ရသွားမယ်။ စစ်သားချင်း ပူးပေါင်းသွားမယ်” ဟု သူက ဆိုသည်။

ထို့နောက် ၂၀၁၇ ဇူလိုင်တွင် ဗိုလ်မှူးကြီးဖုန်းတင့်ကို အစားထိုး ခန့်အပ်လိုက်ပြီး ဗိုလ်မှူးကြီးထိန်လင်းကို စစ်ဘက်သို့ ပြန်ခေါ်သွားသည်။

၂၀၁၅ ခုနှစ်က ပြည်နယ်အစိုးရကျင်းပသော ပွဲတစ်ခုတွင် အတူတွေ့ရသော ဒေါက်တာအောင်ကျော်မင်း (ဝဲ) နှင့် ဗိုလ်မှူးကြီးထိန်လင်း။ (ဓာတ်ပုံ -Rakhine IPRD)

ဗိုလ်မှူးကြီးထိန်လင်း (ငြိမ်း) သည် စစ်တပ်မှ အနားယူပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင်  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကြံပြုတင်ပြနိုင်ရန် နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လူမှုရေးတက်ကြွလှုပ်ရှားသူများက အရပ်သားဝန်ကြီးချုပ်နေရာတွင် စစ်တပ်ခေါင်းဆောင်ဟောင်း၊ စစ်တပ်အမာခံတစ်ဦးကို ခန့်အပ်လိုက်ခြင်းသည် စစ်ကောင်စီက ၎င်း၏လုပ်ငန်းစဉ်များ ပီပြင်လာရေးဖြစ်ပြီး ရခိုင်အကြောင်းကို သိရှိသူ၊ ရခိုင်နိုင်ငံရေးသမားများ ၊ တက်ကြွလှုပ်ရှားသူများနှင့် ဆက်ဆံဖူးသူဖြစ်သည့်အတွက်၊ သပ်လျှိုဖြိုခွဲသည့်နည်းလမ်းကို ပိုမိုကျင့်သုံးလာနိုင်သည့်အတွက်  နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများက သတိထားစောင့်ကြည့်ရန် လိုအပ်သည်ဟု ဒေသခံတချို့က ပြောသည်။

ရခိုင်ပြည်နယ်နည်းတူ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့တွင်လည်း ဝန်ကြီးချုပ်နေရာ အပြောင်းအလဲဖြစ်ခဲ့ကာ မွန်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ဥက္ကဋ္ဌ အသက် ၆၀ ကျော်အရွယ် ဦးအောင်ကြည်သိန်းကို ပြောင်းလဲခန့်အပ်ခဲ့သည်။

စစ်ကောင်စီသည် တိုင်းပြည်၏ အခြေအနေမှာ PDF လှုပ်ရှားမှုများကြောင့် သာမန်မဟုတ်သည့် အခြေအနေဟု ဆိုကာ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နောက်ထပ် သက်တမ်း ၆ လ တိုးမြှင့်ကာ အာဏာ ထပ်ယူထားသည်။

ထို့နောက် ရာထူးနေရာအပြောင်းအလဲများ၊ ၃၇ မြို့နယ်ထက်မနည်း ဒေသများကို စစ်အုပ်ချုပ်ရေး မာရှယ်လောဥပဒေများ ထုတ်ခဲ့သည်။

ရခိုင်နိုင်ငံရေးသမား ဒေါ်အေးနုစိန်ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲလိုက်သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဒေါ်နုမြဇံကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပြောင်းလဲခန့်ထားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button