သတင်း

နမ့်ခမ်းတစ်မြို့လုံးနီးပါး TNLA ထိန်းချုပ်

စက်တင်ဘာတွင် လက်နက်တပ်ဆင်ပေးထားသည့် နမ့်ခမ်းပြည်သူ့စစ်များသည်လည်း TNLA ၏ထိုးစစ်ကို မကာကွယ်နိုင်ဘဲ စစ်ကောင်စီတပ်တို့နှင့်အတူ နမ့်ခမ်းမှ ဆုတ်ခွာသွားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ခမ်းတစ်မြို့လုံးနီးပါးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ထိုမြို့မှ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ (နိုဝင်ဘာ ၆) တွင် ဆက်လက် တိုက်ခိုက်လျက်ရှိသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကကျသည့် မူဆယ်မြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသည့် နမ်းခမ်းမြို့ထဲမှ ရဲစခန်း၊ စစ်ကောင်စီအုပ်ချုပ်ရေးရုံးအပါအဝင် ဌာနဆိုင်ရာရုံးများကို ယမန်နေ့ (နိုဝင်ဘာ ၅) နံနက်ပိုင်းတွင် TNLA တပ်များက သိမ်းယူနိုင်ခဲ့သည်။

နမ့်ခမ်းနယ်နိမိတ်ထဲမှ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်း စခန်းသစ်ကုန်းမှာ မြို့နှင့် နှစ်မိုင်ခန့် ဝေးသည်၊ နမ့်ဖတ်ကာရွာသို့ သွားသည့် လမ်းမပေါ်တွင် ရှိပြီး နမ့်ခမ်းမြို့အဝင်အထွက်ကို စစ်ဆေးလေ့ရှိသည့် စခန်းကုန်းတစ်ခုဖြစ်သည်။

“အုပ်ချုပ်ရေးမှူးရုံးရယ်၊ ရဲစခန်းရယ် မြို့အဝင်အထွက်ဂိတ်တွေအကုန်ကို TNLA က သိမ်းထားလိုက်ပြီ၊ စခန်းသစ်ကုန်းပဲ ကျန်တော့မယ်၊ အခု နေ့လယ် ၂ နာရီ ၂၀ လောက်မှာတော့ လက်နက်သံတွေ ပြန်ကြားနေရပြီ” ဟု နမ့်ခမ်းဒေသခံ အသက် (၄၀) ကျော် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“(ဒေသခံ) အားလုံး ဆိုင်တွေပိတ်ပြီး အိမ်မှာပေါ့ဗျာ၊ အားလုံး လန့်ဖျပ်နေကြတာပေါ့၊ လေယာဉ်လာမှာကို ကြောက်နေကြတာပေါ့”

နမ့်ခမ်းရဲစခန်းကို နိုဝင်ဘာ ၅ ရက်နေ့က ဝင်စီးပြီးနောက် ရရှိခဲ့သည့် လက်နက်များကို TNLA က ပြသခဲ့သည်။ (ဓာတ်ပုံ – TNLA)

TNLA ပြောခွင့်ရအရာရှိ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကလည်း မြို့တွင်းတွင် ၎င်းတို့တပ်များ တပ်စွဲလိုက်ပြီဟု မဇ္ဈိမသတင်းဌာနကို ယနေ့တွင် ပြောကြားသည်။

 “…(စစ်ကောင်စီတပ်က) နမ့်ခမ်းမြို့အထက်နားမှာ ရှိတယ်။ မြို့ပေါ်မှာတော့ ကျွန်တော်တို့အဖွဲ့ပဲ ရှိတယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က မဇ္ဈိမနှင့် ဖုန်းအင်တာဗျူးတွင် ပြောသည်။

၂၀၀၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁ သိန်းကျော် နေထိုင်သည့် တရုတ်-မြန်မာ နယ်စပ်မျဉ်းအနီး၊ ရွှေလီမြစ်ကမ်းဘေးမှ နမ့်ခမ်းမြို့ကို ကာကွယ်ရန်အတွက်ဟု ဆိုကာ နမ့်ခမ်းပြည်သူ့စစ်များကို လွန်ခဲ့သည့် တစ်လကျော် စက်တင်ဘာ ၂၈ ရက်နေ့ကမှ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားခြင်းဖြစ်သည်။

စက်တင်ဘာ ၉ ရက်နေ့တွင် ရှမ်းမြောက်ပြည်သူ့စစ်ခေါင်းဆောင်များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက် စစ်ခေါင်းဆောင်အမိန့်ဖြင့် နမ့်ခမ်းပြည်သူ့စစ်များ လက်နက်ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့များက TNLA ၏ထိုးစစ်ကို မတားနိုင်ဘဲ မြို့ကို လက်လွှတ်ခဲ့ရသည်။

နမ့်ခမ်းပြည်သူ့စစ်ခေါင်းဆောင်ကို စက်တင်ဘာ ၂၈ ရက်နေ့က စစ်ကောင်စီကလက်နက်များ လွှဲပြောင်းပေးနေစဉ်။ (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

တရုတ်-မြန်မာ နယ်စပ် နောက်ထပ်မြို့တစ်မြို့ဖြစ်သည့် မုံးကိုးမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ဆက်လက် တိုက်ခိုက်နေပြီး နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်နေ့များတွင် စစ်စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု MNDAA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက Myanmar Now ပြောသည်။

“မုံးကိုးမြို့ရဲ့ ဘေးတစ်ဝိုက် ပတ်လည်မှာရှိတဲ့ တပ်စခန်းတွေပါ၊ ဒီနေ့ကတော့ မုံးကိုးမှာ တိုက်ပွဲမရှိပါဘူး၊ မုံးကိုးမှာ စကစရဲ့ တပ်မ(၉၉) ထိုင်ထားတဲ့ တပ်စခန်းတွေ များပါသေးတယ်ဗျ။ ကျွန်တော်တို့ အရင်က သိမ်းတဲ့ တပ်စခန်းတွေက ဖောင်းဆိုင်ဒေသမှာရှိတဲ့ တပ်စခန်းတွေပဲ ဖြစ်တယ်၊ မုံးကိုးဗျူဟာကုန်းတို့ မုံးကိုးရဲ့ဘေးတစ်ဝိုက်မှာရှိတဲ့ တပ်စခန်းတွေကိုတော့ အခုအချိန်မှာ Operation ‌တွေ စတင်ဖော်ဆောင်နေတဲ့ အခြေအနေမှာရှိတယ်ဗျ” ဟု လီကျာဝင်းက ပြောသည်။

အဆိုပါ စခန်းများတွင် မုံးကိုးမြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းအနောက်ဘက်ရှိ စစ်ကောင်စီတပ်၏ အမှတ် (၄) စခန်းကို တိုက်ခိုက်စဉ် ကစဉ့်ကလျား ထွက်ပြေးကြသည့်အတွက် လိုက်လံပစ်ခတ်ရာတွင် ၁၃ ဦး သေဆုံးသည်ဟု MNDAA အဖွဲ့က ဆိုသည်။

နမ့်ခမ်းရဲစခန်းကို ဝင်စီးခဲ့သည့် TNLA တပ်ဖွဲ့ဝင်များကို နိုဝင်ဘာ ၅ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – TNLA)

နိုဝင်ဘာ ၄ ရက် တိုက်ပွဲများတွင် အထိနာသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မုံးကိုးမြို့နယ် နန်တုန်ရွာအုပ်စု ရှင်းကျိုင့်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးသူများခဲ့ရှိရာ အများစုမှာ ကလေးများဖြစ်သည်ဟု MNDAA ပြောခွင့်ရ လီကျားဝေက ပြောသည်။

“စစ်ကောင်စီတပ်တွေ စစ်ရှုံးလို့ ရှုံးမဲမဲပြီး ရွာတွေကို လိုက်လံပစ်ခတ်နေတယ်လို့ မြင်တယ်၊ အဲဒီအထဲမှာ ကလေးသုံးယောက်နဲ့ လူကြီးနှစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်၊ ကလေးတစ်ယောက်ဆိုရင် တော်တော်ငယ်ပါသေးတယ်၊ လေးငါးနှစ်လောက်ပဲရှိဦးမယ်” ဟု လီကျာဝင်းက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး အစပြုသည့် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ MNDAA နှင့် ‌AA တို့ သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၁၁၀ ခန့် ရှိနေပြီဖြစ်ပြီး TNLA တပ်များနှင့် ပေါင်းပါက စစ်ကောင်စီတပ်စခန်းပေါင်း ၁၃၀ ကျော်ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA အဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း(ကြူကုတ်) သိန္နီ စသည့် မြို့နယ်များကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့နံနက်တွင် စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF များနှင့် မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button