
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေစဉ် နမ့်ခမ်းအခြေစိုက် ပြည်သူ့စစ်များကို စက်တင်ဘာ ၂၈ ရက်တွင် လက်နက်တပ်ဆင်ပေးလိုက်သည်။
လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ကျင်းပသည့် အဆိုပါ လက်နက်တပ်ဆင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်၊ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသော ဓာတ်ပုံအရ ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာအမျိုးအစား ပါဝင်သည်ကို တွေ့ရသည်။ ကျန်သည့် လက်နက်အမျိုးအစားနှင့် အရေအတွက် မည်မျှထောက်ပံ့သည်ကို ဖော်ပြထားခြင်းမရှိပါ။
မူဆယ်မြို့အနီး စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေချိန် ထိုကဲ့သို့ လက်နက်တပ်ဆင်ပေးခြင်းဖြစ်သည်။
အဆိုပါအဖွဲ့သည် မူဆယ်မြို့အနီးတစ်ဝိုက်တွင် လှုပ်ရှားသည်ဟု နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“နမ့်ခမ်းပြည်သူ့စစ်လို့ ပြောနေတာ ဒါပေမဲ့ အဲဒီနမ့်ခမ်းပြည်သူ့စစ်ဆိုတဲ့ အဖွဲ့တွေဟာ မူဆယ်မှာပဲ အနေများပါတယ်” ဟု သူက ပြောသည်။
ပြီးခဲ့သည့်လမှ စတင်ကာ မူဆယ်မြို့နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က TNLA ကို ထိုးစစ်ဆင်သည့်အတွက် တိုက်ပွဲများပြင်းထန်ခဲ့သည်။
စက်တင်ဘာ ၂၅ နှင့် ၂၆ တို့တွင် မူဆယ်နှင့် ကွတ်ခိုင်တို့ရှိ TNLA တပ်စခန်းနှင့် ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချခဲ့သည်။ စက်တင်ဘာ ၂၅ ည ၁၀ နာရီကျော်တွင် မူဆယ်မြို့နယ်၊ မန်ကန်ရွာနှင့် နမ့်ငူးရွာအနီးသို့ လေယာဉ်ဖြင့် ဗုံး ၄ လုံး ကြဲခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၂၆ တွင် မန်ကန်ကျေးရာမှ မိုင် ၂၀ ကျော်အကွာ လွယ်မောက်တောင်ပေါ်ရှိ TNLA စခန်းကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ TNLA စခန်းအဆောက်အအုံတချို့ ပျက်စီးခဲ့သည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများအပြင် လိုအပ်နေသည့် စစ်သည်အင်အားအတွက် ပြည်သူ့စစ်များကို ခေါ်ယူသုံးစွဲလာသည်ဟု ဒေသခံများက ယူဆသည်။
“မြေပြင်သတင်းတွေကတော့ ပြောတယ်၊ စစ်ရှောင်တွေလည်း ပြောတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ပေါင်းပြီးတော့ အတူလှုပ်ရှားနေတယ်လို့ ပြောတယ်၊ အဓိကတိုက်ပွဲဖြစ်နေတဲ့ မူဆယ်တစ်ဝိုက်မှာပဲ” ဟု အသက် ၄၀ ကျော်အရွယ် နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စက်တင်ဘာ ၁၀ ရက်နေ့တွင် စစ်ခေါင်းဆောင်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ခရီးစဉ်အတွင်း ပြည်သူ့စစ်အဖွဲ့များကို ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထိုတွေ့ဆုံပွဲသို့ တက်ရောက်သူများထဲတွင် နမ့်ခမ်းပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်တို့လည်း ပါဝင်သည်။
ထိုအဖွဲ့များနှင့် တွေ့စဉ် စစ်ခေါင်းဆောင်က ပြည်သူ့စစ်များသည် နိုင်ငံလုံခြုံရေးအတွက် အင်အားဖြည့်ပေးနေသည့် အင်အားစုတစ်ရပ်ဖြစ်သည်၊ နိုင်ငံချစ်စိတ်ဖြင့် နယ်မြေတည်ငြိမ်အေးချမ်းစေရန် တာဝန်သိစိတ်ဖြင့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်သည်ဟု ပြောခဲ့သည်။
ရှမ်းပြည်နယ်တွင် ပြည်သူ့စစ်အဖွဲ့ပေါင်း ရာဂဏန်းအထိ ရှိပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံသော အဖွဲ့များမှာ အင်အားကြီးအဖွဲ့များထဲတွင် ပါဝင်သည်။
ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီတပ်လက်အောက်ခံမဟုတ်သည့် ပြည်သူ့စစ်အဖွဲ့များသည် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်လျက်ရှိသည်။
မောင်းပြန်ရိုင်ဖယ်များ တပ်ဆင်ထားနိုင်သည့် ပြည်သူ့စစ်အဖွဲ့များထဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အသွင်ပြောင်းထားသည့် အဖွဲ့များလည်း ပါဝင်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံများ ပေါ်ပေါက်လာရာ ယခင်က လက်နက်ကိုင်အဖွဲ့များ မရှိခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ခုခံနေသည်။ ထို့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် အပါအဝင် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်က စစ်သည်အင်အား မလုံလောက်မှုကို ရင်ဆိုင်နေရသဖြင့် ပြည်သူ့စစ်အဖွဲ့များမှာ အရေးပါလာသည်။
စစ်တပ်ထောက်ခံသူများကို စုစည်းပြီး အသစ်ထပ်မံဖွဲ့စည်းသည့် ပျူစောထီးဟု ခေါ်သည့် ပြည်သူ့စစ်များအပြင် ဌာနေ၊ အသွင်ပြောင်း စသည့် ပြည်သူ့အဖွဲ့မျိုးစုံကို လက်နက်တပ်ဆင်ကာ နိုင်ငံအနှံ့က တိုက်ပွဲများတွင် ကူတိုက်ခိုင်းနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။