ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ ချင်းရွှေဟော်မြို့ကို ကိုးကန့်တော်လှန်ရေးအဖွဲ့ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ယနေ့ (အောက်တိုဘာလ ၂၇) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။
နံနက် ၄ နာရီဝန်းကျင်တွင် ချင်းရွှေဟော်မြို့ရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲကင်းစခန်းတစ်ခုကို MNDAA က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ပြီးနောက် နံနက် ၉ နာရီခန့်တွင် မြို့ကို ထိန်းချုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
MNDAA နှင့် နီးစပ်သည့် The Kokang အမည်ရ Facebook စာမျက်နှာတွင် စစ်သားနှင့် ရဲ အလောင်းများနှင့် သုံ့ပန်းအဖြစ် ဖမ်းမိသူတို့၏ ဓာတ်ပုံနှင့် ရုပ်သံများကို ဖော်ပြထားသည်။ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟုလည်း The Kokang က ရေးထားသည်။
“တစ်မြို့လုံး ကိုးကန့်စစ်သားတွေ ပြည့်နေပြီ။ ဆိုင်တွေလည်း ပိတ်ထားကြပြီ။ သူတို့ သိမ်းလိုက်ပြီ“ ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ချင်းရွှေဟော်မြို့ခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ယနေ့ နံနက်က ပြောသည်။
လက်ရှိတွင် ချင်းရွှေဟော်မြို့တွင်းရှိ လောင်းကစားရုံနှင့် အွန်လိုင်းမှ ငွေလိမ်သည့်လုပ်ငန်း လုပ်ကိုင်သူများကို MNDAA က လိုက်လံဖမ်းဆီးနေသည်ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။
ပျံ့နှံ့လာသည့် ရုပ်သံဖိုင်များအရ ချင်းရွှေဟော်မြို့အတွင်း ကျားဖြန့်လုပ်ငန်းမှ ဝန်ထမ်းများအနီးတွင် MNDAA တပ်ဖွဲ့ဝင်များကို တွေ့ရသလို မြို့တွင်း ဝင်ရောက်နေသည့် MNDAA တပ်ဖွဲ့ဝင်များကို တွေ့ရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် MNDAA, တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ယနေ့ စတင်သည့် ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း တရုတ်က အလိုရှိနေသည့် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်း လုပ်ကိုင်သူများကို MNDAA က စတင်ဖမ်းဆီးနေခြင်းဖြစ်သည်။
ယနေ့ နံနက်တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့ရာ နယ်စပ်ဒေသများ ထိန်းချုပ်နိုင်ရေး၊ အွန်လိုင်း လောင်းကစားများပပျောက်ရေး၊ ထိုလုပ်ငန်းများကို လုပ်ဆောင်နေသော စစ်ကောင်စီနှင့် ပြည်သူ့စစ်များကို နှိမ်နင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။
တစ်ပြိုင်တည်းမှာပင် MNDAA ကလည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ထားပြီး ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရှင်းလင်းရာတွင် လားရှိုးမြို့မှတစ်ဆင့် စစ်တပ်က စစ်အင်အားတိုးချဲ့လာမည်ကို ဟန့်တားရန်အတွက် ချင်းရွှေဟော်နှင့် လားရှိုးပြည်ထောင်စုလမ်းမကြီးကို အရေးပေါ်ပိတ်ထားလိုက်ကြောင်း ဖော်ပြထားသည်။
ယနေ့ နံနက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ပြည်သူ့စစ်တပ်စခန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေရာ လားရှိုးမြို့အရှေ့ဘက် ရင်ကျားကျိုင်ကျေးရွာအနီး တပ်စွဲထားသည့် ဌာနေပြည်သူ့စစ်စခန်းကို တိုက်ခိုက် စီးနင်းခဲ့သလို နမ့်ခမ်းမြို့၊ ပန်းဆေးပြည်သူ့စစ်တပ်စခန်းကိုလည်း စီးနင်းခဲ့သည်ဟု ဒေသခံများက ဆိုသည်။
အလားတူ မူဆယ်၊ ကွတ်ခိုင်၊ ကျောက်မဲနှင့် သိန်းနီမြို့တို့ရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းများကို TNLA က တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေသောကြောင့် အရပ်သား၊ စစ်ရှောင်များ ထိခိုက်သေဆုံးမှု ရှိနေသည်ဟု သိရသည်။
အွန်လိုင်းရာဇဝတ်မှုလုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသားအများအပြား မြန်မာနိုင်ငံအတွင်း ရှိနေရာ ၎င်းတို့ကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် တရုတ်က ကြိုးစားနေသည်။ ထိုလုပ်ငန်းများ လုပ်ကိုင်သည့် ဂိုဏ်းများက နိုင်ငံတကာမှ အလုပ်အကိုင်ရှာဖွေသူတို့ကို လိမ်ညာ ခေါ်ဆောင်ပြီး ကျွန်ပြုခိုင်းစေ နှိပ်စက်လျက်ရှိသည်။
ပြီးခဲ့သည့်လများအတွင်း အဆိုပါ ရာဇဝတ်မှုကြီးများတွင် ပါဝင်ကျူးလွန်သည်ဟု ယူဆရသူ ၄၀၀၀ ကျော်ကို တရုတ်က လွှဲပြောင်းရယူခဲ့ရာ အများစုမှာ မြန်မာနိုင်ငံမြောက်ပိုင်းဘက်တွင် ဖမ်းဆီးခံရသူများ ဖြစ်သည်။
နိုင်ငံတောင်ပိုင်း ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အလားတူ ရာဇဝတ်မှုကြီးများ ကျူးလွန်သူများနှင့် ပတ်သက်ပြီး အရေးယူခြင်း မတွေ့ရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)