“စစ်ကောင်စီတပ် နှစ် ၅၀ ကျော်ကြာ ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ ကွမ်းလုံမြို့ဗျူဟာကုန်း၊ ပြီးတော့ တပ်စခန်းတွေကို ကျွန်တော်တို့ ညီနောင်မဟာမိတ်အဖွဲ့က ၁၂ ရက်တည်းနဲ့ သိမ်းပိုက်နိုင်ခဲ့တယ်”
ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်ကမ်းအနီး စစ်ရေးအရ မဟာဗျူဟာကျသည့် ကွမ်းလုံမြို့ကို နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းခဲ့ပြီးနောက် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် ကိုးကန့်တပ် (MNDAA) ပြောခွင့်ရအရာရှိ လီကျားဝေက Myanmar Now ကို အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။
ကွမ်းလုံမြို့ကို တော်လှန်ရေးတပ်များ သိမ်းယူနိုင်ခြင်းက စစ်ကောင်စီအတွက် နယ်မြေဆုံးရှုံးမှုတစ်ခုတည်းသာမဟုတ်ဘဲ ဂုဏ်သိက္ခာအရပါ ကြီးမားသည့်ထိုးနှက်ချက်ဖြစ်လာသည်။
မြန်မာစစ်တပ်သည် ၁၉၇၁ နှောင်းပိုင်းက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့နှင့် တိုက်ခဲ့သည့် ကွမ်းလုံတိုက်ပွဲကို အထင်ကရဇာတ်လမ်းတစ်ပုဒ်အဖြစ် အမြဲတစေ ရည်ညွှန်းလေ့ရှိသည်။ ထိုတိုက်ပွဲအကြောင်း ရိုက်ကူးထားသည့် စစ်တပ်ဝါဒဖြန့်ရုပ်ရှင် ‘ကွမ်းလုံ ရက် ၄၀’ ကို ၂၀၁၇ တွင် စစ်တပ်အထောက်အပံ့ဖြင့် ရုံတင်ပြသခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင်လည်း စစ်တပ်ရုပ်သံ မြဝတီတွင် ထုတ်လွှင့်ပြသခဲ့သည်။
မြောက်ပိုင်းတပ်များ၏ ခေတ်သစ်ကွမ်းလုံစစ်ပွဲက နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ခဲ့ပြီး ၁၂ ရက်နေ့တွင် မြို့ကို အပြီးသိမ်းနိုင်ခဲ့သည်ဟု ကိုးကန့် MNDAA ပြောခွင့်ရ လီကျားဝေက ဆိုသည်။
မြို့ကို စွန့်ခွာသွားသည့် စစ်ကောင်စီ၏ ဗျူဟာစခန်းအတွင်းမှ သံချပ်ကာကားနှင့် စစ်သုံးကားများ၊ လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း မဟာမိတ်တပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
ကွမ်းလုံတိုက်ပွဲစပြီး နောက်တစ်ရက်အကြာ နိုဝင်ဘာ ၂ ရက်နေ့တွင် သံလွင်မြစ်အရှေ့ဘက်ခြမ်း ကွမ်းလုံမြို့ပေါ်ကို မြောက်ပိုင်းမဟာမိတ်တပ်များ စတင်ချဉ်းကပ်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြို့ပေါ်အုပ်ချုပ်ရေးယန္တရားကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဟု လီကျားဝေက ပြောသည်။
“စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးရုံးတို့ ရဲစခန်းတို့ ယာဉ်ထိန်းရဲဌာနတို့ကို ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ သံလွင်မြစ်အနောက်ဘက်ခြမ်း စစ်ကောင်စီတပ် ဗျူဟာကုန်းတို့ တပ်စခန်းတွေ တည်ထားတဲ့နေရာတွေကိုတော့ နိုဝင်ဘာ ၆ ရက်နေ့မှာ စစ်ရေး Operation စတင်ဖော်ဆောင်တယ်”
ကွမ်းလုံတွင် စစ်ကောင်စီ၏ ကွမ်းလုံအခြေချစစ်ဗျူဟာအဖွဲ့စခန်းရှိပြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းထွန်းက ဦးစီးသည်။ အထိုင်ချအမြောက်များ၊ သံချပ်ကာယာဉ်များ၊ အတွဲလိုက်ပစ်ဒုံးတင်ယာဉ်များဖြင့် စခန်းချထားသည်။
စစ်ကောင်စီ၏ အဆိုပါစခန်းကို နိုဝင်ဘာ ၆ ရက်နေ့တွင် ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် မဟာမိတ်တပ်များက အပြင်းအထန် ထိုးစစ်ဆင်ခဲ့ကြသည်။
သတင်းတစ်ပတ်နီးပါးကြာ တိုက်ခိုက်ခဲ့ကြပြီးနောက် နိုဝင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် သံလွင်မြစ်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီတပ်၏ ဗျူဟာတပ်စခန်းအပါအဝင် အခြားစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ကွမ်းလုံတစ်မြို့လုံးကို အပြည့်အဝထိန်းချုပ်နိုင်ပြီဟု ဆိုနိုင်ကြောင်း MNDAA ပြောခွင့်ရ လီကျားဝေက ပြောသည်။
မြန်မာစစ်တပ်သည် ကွမ်းလုံကို ၅၂ နှစ်ကြာ ထိန်းချုပ်ထားရာမှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် လက်လွှတ်လိုက်ရသည်။
အချက်အချာကျသည့် ကွမ်းလုံ
ကွမ်းလုံမြို့သည် တရုတ်-မြန်မာ (ချင်းရွှေဟော်) ကုန်သွယ်ရေးလမ်းကြောင်းတွင် အချက်အချာကျသည့်မြို့ဖြစ်သည်။ လားရှိုး-သိန္နီ-လောက်ကိုင်လမ်းမကြီးနှင့် သံလွင်မြစ်ဆုံရာ၊ ‘ဝ’ နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့နှင့် နယ်နိမိတ်ထိစပ်နေသည့်အတွက် စစ်ရေးအရလည်း အရေးပါသည့်မြို့ဖြစ်သည်။
စစ်ကောင်စီက ထုတ်ပြန်သည့် ၂၀၂၂ အစီရင်ခံစာတစ်ခုတွင် ကွမ်းလုံတွင် လူ ၅၇၀၀၀ နီးပါး နေထိုင်ပြီး ကိုးကန့်တို့က လူဦးရေ၏ ၆၂ ရာခိုင်နှုန်းအထိ ရှိသည်။ အခြားလူမျိုးစုများအဖြစ် ‘ဝ’ ၁၁ ရာခိုင်နှုန်း၊ ကချင် ၉ ရာခိုင်နှုန်း၊ ဗမာနှင့် ရှမ်း ၅ ရာခိုင်နှုန်းစီ ရှိကြသည်။
မြောက်ပိုင်းမဟာမိတ်တို့က မြို့ကို အပြီးသတ်သိမ်းယူချိန်တွင် စစ်ကောင်စီတပ်များ ချန်ထားခဲ့သည့် လက်နက်အများအပြားကိုလည်း ရရှိခဲ့သည်။
MNDAA ၏ ထုတ်ပြန်ချက်များအရ အတွဲလိုက်ဒုံးပစ်ယာဉ် (MLRS) သုံးစီး၊ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်တစ်လက်၊ စစ်သည်တင်ယာဉ်များ၊ ဘရာဇီးနိုင်ငံထုတ် EE-9 အမြောက်တပ် သံချပ်ကာတိုက်ယာဉ်တစ်စီး၊ MT-LB သံချပ်ကာယာဉ်တစ်စီးနှင့် ယူကရိန်းနိုင်ငံထုတ် BTR-3U လူတင်သံချပ်ကာယာဉ်တစ်စီးတို့ကို မြောက်ပိုင်းတပ်များ ရရှိသွားသည်။
ကွမ်းလုံကို ထိန်းချုပ်ပြီးနောက် မြို့တွင်း၌ ရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်နေပြီး အရက်ဘက်အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နိုင်ရန် ကြိုးစားနေသည်ဟု MNDAA ပြောခွင့်ရ လီကျားဝေက ပြောသည်။
တိုက်ပွဲပြင်းထန်ချိန်တွင် မြို့ခံအားလုံးနီးပါး ကွမ်းလုံမြို့ကို စွန့်ခွာထွက်ပြေးခဲ့ကြရာ ယနေ့ (နိုဝင်ဘာ ၁၃) တွင် တချို့ ပြန်လည်ဝင်ရောက်လာပြီဟု သိရသည်။
စစ်တပ်သင်ရိုးညွှန်းတမ်းများထဲမှ ကွမ်းလုံ
၁၉၇၁ တွင် ဗကပများနှင့် တိုက်ခဲ့သည့် ရက် ၄၀ ကြာ ကွမ်းလုံတိုက်ပွဲအောင်မြင်မှုကို စစ်တပ်ဘက်က အရာရှိသင်တန်းများတွင် အဓိကထားကာ သင်ကြားရသည်အထိ ကွမ်းလုံမြို့သည် အရေးပါသည်ဟု CDM စစ်သား ဗိုလ်ကြီးဇင်ယော်က ပြောသည်။
‘ကွမ်းလုံ ရက် ၄၀’ သင်ခန်းစာကို စစ်သင်တန်းအများအပြားနှင့် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး စသည့် စစ်တပ်၏ အဆင့်မြင့်သင်တန်းများတွင် ထည့်သွင်းသင်ကြားသည်ဟု ၎င်းက ဆိုသည်။
“စစ်ရေးအရလည်း ကွမ်းလုံဗျူဟာက အရေးကြီးတယ်၊ နယ်စပ်အကျဆုံးအခြေချစစ်ဗျူဟာလို့လည်း ပြောလို့ရတယ်၊ နယ်စပ်စည်းမှာ ရောက်နေတဲ့ အခြေချစစ်ဗျူဟာလို့လည်း ပြောလို့ရတယ်” ဟု CDM အရာရှိက ပြောသည်။
ကွမ်လုံမြို့သိမ်းပိုက်ခံရမှုကို စစ်တပ်အသိုင်းအဝိုင်းက စနစ်တကျဆုတ်ခွာမှုဟု ပြောဆိုနေသော်လည်း ရုပ်သံဖိုင်များအရ စစ်တပ်၏ လက်နက်ခဲယမ်းတချို့ အကောင်းအတိုင်း ကျန်ရစ်ခဲ့သည့်အတွက် ဖရိုဖရဲ ဆုတ်ခွာသွားရခြင်းဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။
“တကယ်လို့ သူတို့သာ စနစ်တကျ ခွာစစ်ဆင်တယ်ဆိုရင် ဒီဟာတွေကို ဖျက်ဆီးသွားနိုင်တယ်၊ တန်ပြန်မိုင်းတွေ ထောင်ထားခဲ့နိုင်တယ်၊ ဒါတွေကြောင့် ဖရိုဖရဲခွာသွားတာ ဖြစ်နိုင်သလို၊ အထက်အမိန့်မရဘဲနဲ့ ကြိုတင်ပြီးတော့ ခွာသွား (တာလည်း ဖြစ်နိုင်) တယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ယခင်က လောင်ချာနှင့် မော်တာ စသည့် လက်နက်များဆုံးရှုံးလျှင်ပင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးအရေးယူလေ့ရှိသည့်အတွက် ယခုလို စစ်လက်နက်အကြီးစား အများအပြားဆုံးရှုံးမှုကြောင့် ဗျူဟာမှူးနှင့် အရှေ့မြောက်တိုင်းတိုင်းမှူးတို့ အရေးယူခံရမည်မှာ သေချာသည်ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ထို့ပြင် ကွမ်းလုံတိုက်ပွဲသည် တော်လှန်ရေး၏ ပထမဆုံးကြီးမားသည့် အောင်မြင်မှုဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ တိုက်စစ်အရှိန်လည်း ပိုမြင့်လာနိုင်သည်၊ ရခိုင်၊ တနင်္သာရီ၊ မွန်ပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလာမှုက တော်လှန်ရေး၏ အားကောင်းသည့် အချက်ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
ကွမ်းလုံမြို့သိမ်းခံရသည့် နိုဝင်ဘာ ၁၂ ရက်နေ့တွင်ပင် စစ်ကောင်စီတပ်က ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်သည်။
ကွမ်းလုံမြို့သိမ်းနိုင်သည့် နိုဝင်ဘာ ၁၂ ရက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သီပေါမြို့ရှိ ကျင်သီတံတားကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထိုနေ့ တစ်နေ့တည်းတွင်ပင် TNLA တပ်များ ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ကို အနီးရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်ဘက်ပစ်မှတ်များ ထိခိုက်ပျက်စီးကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။
စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လေတပ်က ထိုဒေသကို အဆက်မပြတ် သွားရောက်တိုက်ခိုက်နေချိန်တွင် ရက္ခိုင့်တပ်တော် (AA) ကလည်း ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ မင်းပြားနှင့် ကျောက်တော် စသည့် မြို့များတွင် တိုက်ပွဲများ ဖော်ဆောင်လိုက်သည်။
၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်၏ စခန်း ၁၃၀ ကျော်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ ၆ မြို့တွင် ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ချင်းရွှေဟော်နှင့် ကွမ်းလုံမြို့တို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)