မေးမြန်းခန်းရွေးကောက်ပွဲ

စစ်ကောင်စီ၏ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေသစ်ပါ ထူးခြားချက်များ

အာဏာသိမ်းပြီး နှစ်နှစ်ကြာချိန်တွင် စစ်ကောင်စီက နိုင်ငံရေးပါတီများဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်သည်။ ဇန်နဝါရီ ၂၇ ရက်ထုတ် စစ်ကောင်စီ ထိန်းချုပ် သတင်းစာများတွင် ထိုဥပဒေကို ဖော်ပြထားပြီး ယင်းတွင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က လုပ်ဆောင်ခဲ့သည့် နည်းလမ်းများ၊ ထို့ထက်ပိုသော တင်းကျပ်မှုများ ပါဝင်လာသည်။

ထိုအခြေအနေနှင့် ပတ်သက်၍ Myanmar Now ၏ ပင်တိုင်ဆောင်းပါးရှင် နိုင်ငံရေးသုတေသီ ဦးသုတဇော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။  ။ အခု စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေမှာ အဓိက ဘာထူးခြားချက်တွေပါသလဲ။

ဖြေ။  ။ ဒီဥပဒေအရဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်သလို အခြေအနေဆိုက်ရောက်သွားမှာပဲ။ ဘာကြောင့်လဲဆိုတော့ ပုဒ်မ ၁၉ (က) မှာ ဒီဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ တစ်နည်းအားဖြင့် မတ်လအကုန်မှာ မှတ်ပုံပြန်မတင်ရင် ပါတီဖျက်သိမ်းခံရမယ်ဆိုတာပဲ။ ပါတီကို ဖျက်သိမ်းရုံတင်မကဘူး။ ပါတီပိုင်အဆောက်အုံတွေ ပစ္စည်းတွေအားလုံးကို သိမ်းခံရမှာ။ မှတ်ပုံမတင်တဲ့ ပါတီတွေရော၊ မှတ်ပုံပြန်တင်မယ့် စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ဥပဒေနဲ့ မကိုက်ညီလို့ဆိုပြီး မှတ်ပုံတင်ပယ်ဖျက်ခံရတဲ့ပါတီတွေအားလုံးပိုင် ပစ္စည်းတွေကို စစ်ကောင်စီက နိုင်ငံတော်ပိုင်အဖြစ် သိမ်းခွင့်ရှိတယ်လို့ ဥပဒေထဲမှာ ပြဋ္ဌာန်းထားတယ်။

အဲဒီပုဒ်မက အသစ်မဟုတ်ပါဘူး။ ယခင် ၂၀၁၀ က နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေမှာလည်း ပါတယ်။ ဒါပေမဲ့ ယခင်တုန်းက NLD ပါတီ ပြန်ပြီး မှတ်ပုံမတင်ပေမဲ့ အဲဒီအချိန်က ပါတီပိုင်ပစ္စည်းတွေကို ချက်ချင်းမသိမ်းခဲ့ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာချိန်မှာ NLD ပါတီရုံးချုပ်က ရှိနေဆဲပဲ။ နောက်ပြီး အဲဒီအချိန်က NLD ပါတီမှာ ဦးအောင်ရွှေလို လူကြီးတွေ ကျန်နေသေးတယ်။ အခုအချိန်က ၂၀၁၀ နဲ့ အစစအရာရာ ကွာခြားသွားပြီ ဖြစ်တယ်။ ဒါကြောင့် ပါတီပြန်လည်မှတ်ပုံတင်တာ မလုပ်ရင် မင်းအောင်လှိုင်က NLD ပါတီရုံးချုပ်ကို လက်မြန်ခြေမြန် ချိပ်ပိတ်သိမ်းဆည်းနိုင်တယ်။

အခု ဥပဒေထွက်လာပြီဖြစ်လို့ NLD ပါတီအတွင်း ပါတီရှင်သန်ရေးကို အကြောင်းပြုပြီး ပြည်တွင်းမှာ ရှိနေတဲ့ ပါတီခေါင်းဆောင်တချို့ စပြီးလှုပ်ရှားလာနိုင်တယ်။ ဥပမာ စစ်ကောင်စီအစီအစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာ သွားတွေ့တဲ့ ဒေါ်စန္ဒာမင်းနဲ့ ကိုတိုးလွင်တို့ စည်းရုံးထားတဲ့ NLD တစ်အုပ်စုက ပါတီရပ်တည်ရေးကို အကြောင်းပြုပြီး ပေါ်ပေါ်တင်တင် လှုပ်ရှားလာနိုင်တယ်။

စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁တွင် သမ္မတအိမ်တော်၌ တွေ့ဆုံကြစဉ်။ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကို ဦးသိန်းစိန်က ပြင်ဆင်ပေး၍ NLD က ရွေးကောက်ပွဲဝင်သည်။ မင်းအောင်လှိုင်က ဦးသိန်းစိန်ပြင်ပေးခဲ့သည့် အချက်များကို ပြန်ထည့်သည်။

မေး။ ။ အကယ်၍ NLD လက်ကျန်အုပ်စုတစ်စုက ပါတီကို မှတ်ပုံတင်ဖို့လုပ်ရင် ယခု ပါတီမှတ်ပုံတင်ဥပဒေအသစ်အရ NLD ပါတီ ရင်ဆိုင်ရမယ့် အခြားအခက်အခဲတွေက ဘာတွေရှိဦးမလဲ။

ဖြေ။   ။ NLD ဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အခြေအနေကို ပြန်ပြီး ကြုံရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက အခု စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးပဲ ဦးဆောင်တဲ့ ကော်မရှင်က ပါတီမှတ်ပုံတင်ဥပဒေပြဋ္ဌာန်းခဲ့စဉ် ဥပဒေရဲ့ ပုဒ်မ ၄ ပုဒ်မခွဲ (င) မှာ “ပါတီတည်ထောင်လိုသူများသည် “ထောင်ဒဏ်ကျခံနေရသူမဟုတ်ခြင်း” လို့ ပြဋ္ဌာန်းထားတော့ ဒီသတ်မှတ်ချက်ကြောင့် NLD ပါတီက ၂၀၁၀ မှာ ပါတီကို မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။

ဘာကြောင့်လဲဆိုတော မှတ်ပုံတင်ချင်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားပါတီဝင်တွေကို ပါတီက ထုတ်ရမယ်ဆိုပြီး ဥပဒေမှာ ပြဋ္ဌာန်းထားတာကိုး။ ဒါကို လက်မခံလို့ ဦးဝင်းတင်အပါအဝင် ပါတီခေါင်းဆောင်တွေက မှတ်ပုံမတင်တဲ့လမ်းကို ရွေးခဲ့တာ။ အဲဒါကို မကျေနပ်လို့ ကျန် NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့် (လက်ရှိစစ်ကောင်စီအဖွဲ့ဝင်များ) နဲ့ ဒေါက်တာသန်းငြိမ်းတို့က အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ဆိုပြီး ခွဲထောင်ခဲ့တာပေါ့။ နောက် ဒေါ်စုလွတ်လာပြီးနောက် ဒီပုဒ်မကို သမ္မတဦးသိန်းစိန်တို့က ဖျက်ပေးခဲ့လို့ NLD ပါတီပြန်မှတ်ပုံတင် ပြီး ၂၀၁၂ ကြားဖြတ်လွှတ်တော်ရွေးကောက်ပွဲကို ဝင်ခဲ့တာပေါ့။ ဒီ ပယ်ဖျက်ပြီးသား ပုဒ်မခွဲ (င) ကို မင်းအောင်လှိုင်က ပြန်ထည့်ထားတယ်။ ဒါကိုကြည့်ရင် NLD ပါတီဖျက်သိမ်းရေးကို ဦးတည်ချက်ထား လုပ်ဆောင်နေတာ ထင်ရှားတယ်။

မေး။ ။ တိုင်းရင်းသားပါတီကြီးတွေအတွက်ရော ဒီဥပဒေက ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ အကယ်၍ မှတ်ပုံတင်မယ်ဆိုရင်တောင်မှပေါ့။

ဖြေ။   ။ အခု ဥပဒေသစ်မှာ နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီကြီးတွေအဖြစ် မှတ်ပုံတင်ဖို့ ခက်ခဲအောင် လုပ်ထားတာ တွေ့ရတယ်။ အဓိကရည်ရွယ်ချက်က အစိုးရဖွဲ့နိုင်၊ နိုင်ငံအာဏာ ရယူနိုင်မယ့် ပါတီကြီးတွေ လွယ်လွယ်ကူကူ ပေါ်ပေါက်မလာဖို့နဲ့ ကြံ့ခိုင်ရေးပါတီကို ပခုံးချင်းယှဉ် ပြိုင်ဆိုင်မယ့် ပါတီမျိုး နောင်မပေါ်ပေါက်စေဖို့ စနစ်တကျ ဦးတည်ပြဋ္ဌာန်းထားတာ တွေ့ရတယ်။ ဒါပေမဲ့ ပြည်နယ်/တိုင်းဒေသကြီး တစ်ခုမှာပဲ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီတွေကိုတော့ နိုင်ငံ့အာဏာရယူနိုင်ဖို့ ၎င်းတို့ကို စိန်ခေါ်နိုင်တဲ့အင်အားစု ဖြစ်မလာနိုင်တဲ့အတွက် ပါတီရပ်တည်ခွင့်စည်းကမ်းချက်တွေ တင်းကျပ်မထားတာ တွေ့ရတယ်။ တစ်နည်းပြောရရင် နေပြည်တော်က အာဏာကို ဘယ်သူမှ မပေးဘူး။ သူတို့ပဲ ချုပ်ကိုင်ထားမယ်၊ ဒေသန္တရအာဏာကိုတော့ ကိုယ့်ဒေသမှာ ရွေးကောက်ပွဲဝင်ပြိုင်လို့ နိုင်ရင် အာဏာတစ်စိတ်တစ်ပိုင်း ရနိုင်မယ်။

ကြံ့ခိုင်ရေးပါတီနဲ့ ယှဉ်ပြိုင်နိုင်မယ့် နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲဝင်မယ့်ပါတီအဖြစ် မှတ်ပုံတင်မယ်ဆိုရင် (၁) ပုဒ်မ ၅-စ အရ မှတ်ပုံတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁ သိန်းရှိကြောင်း တင်ပြနိုင်ရမယ်။ (၂) ပုဒ်မ ၅-ဆ အရ ပါတီရန်ပုံငွေ ကျပ် သိန်း ၁,၀၀၀ ကို မြန်မာစီးပွားရေးဘဏ်မှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမယ်။ (၃) မှတ်ပုံတင်ပြီး ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံတစ်ဝန်း မြို့နယ်အားလုံးရဲ့ တစ်ဝက် (၁၆၅ မြို့နယ်) မှာ ပါတီရုံးခန်းဖွင့်ပြီးဖြစ်ရမယ်။ (၄) ပုဒ်မ ၁၂-က (၁) အရ ရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အားလုံးရဲ့ တစ်ဝက် (ပြည်သူ့လွှတ်တော်ဆိုရင် ၁၆၅ နေရာ၊ အမျိုးသားလွှတ်တော်ဆိုရင် ၈၄ နေရာ) မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရမယ်။

အထက်က ကန့်သတ်ချက်တွေကို ပြည်နယ်/တိုင်းဒေသကြီးတစ်ခုမှာပဲ။ မှတ်ပုံတင်မယ့် ပါတီတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် (၁) ပုဒ်မ ၅-စ အရ မှတ်ပုံတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ တစ်ထောင်ရှိကြောင်း တင်ပြရမယ်။ (၂) ပုဒ်မ ၅-ဆ အရ ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာစီးပွားရေးဘဏ်မှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမယ်။ (၃) မှတ်ပုံတင်ပြီး ရက်ပေါင်း ၁၈၀ အတွင်း  သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအတွင်း အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်း ဖွင့်ပြီးဖြစ်ရမယ်။၊ (၄) ပုဒ်မ ၁၂-က (၂) အရ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအတွင်း အနည်းဆုံး မဲဆန္ဒနယ် တစ်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရမယ်။

အဲဒီကွဲပြားတဲ့ ကန့်သတ်ချက်တွေကို လေ့လာကြည့်ရင် နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီကြီးတစ်ခုကို အခုမှ စတင်တည်ထောင်မယ်ဆိုပါက ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ၁ ထောင်ရရှိဖို့ ခက်ခဲသလို၊ ရက်ပေါင်း ၁၈၀ အတွင်း မြို့နယ် ၁၆၅ မြို့နယ်မှာ ပါတီရုံးတွေဖွင့်လှစ်ဖို့ ခက်ခဲပါလိမ့်မယ်။

ဒီနေရာမှာ နိုင်ငံတစ်ဝန်း ပါတီကြီးအဖြစ် မှတ်ပုံတင်ထားတဲ့ SNLD ပါတီကဲ့သို့ တိုင်းရင်းသားပါတီတွေအတွက် ယခင်ရွေးကောက်ပွဲတွေတုန်းက ရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးထဲက ရှမ်းလူမျိုးများ ရှိတဲ့နေရာတွေမှာ ယှဉ်ပြိုင်လို့ရပေမဲ့၊ အခုဥပဒေသစ်ရဲ့ ကန့်သတ်ချက်တွေအရ ပြည်နယ်အဆင့်ပါတီအဖြစ်ပဲ မှတ်ပုံတင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ ထို့အတူ ကရင်ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ ကရင်ပါတီကလည်း ဧရာဝတီတိုင်းအတွင်းမှာ ရွေးကောက်ပွဲဝင်ပြိုင်လို့ မရတော့ပါဘူး။ ရခိုင်ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ ရခိုင်ပါတီတွေကလည်း ရခိုင်ပြည်နယ်အတွင်းမှာပဲ ရွေးကောက်ပွဲယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမျိုးသမီး မဲပေးနေသည်ကို ၂၀၂၀ နိုဝင်ဘာ ၈ က တွေ့ရစဉ်။ (ဓာတ်ပုံ- EPA)

မေး။   ။ နောက်ဆုံးအချက်ကတော့ ဒီဥပဒေကြောင့် ပါတီအများစုက ဖျက်သိမ်းခံရမယ်၊ သို့တည်းမဟုတ် ဝင်ပြိုင်နိုင်တဲ့ မဲဆန္ဒနယ်အရေအတွက်နည်းပြီး လွှတ်တော်တွင်းမှာ စစ်တပ်က ဘယ်လောက်ထိ ပိုပြီးအင်အားကြီးထွားသွားမလဲ။ 

ဖြေ။ ။ စစ်ခေါင်းဆောင်တွေက ဒီတစ်ကြိမ်မှာ အနည်းဆုံး နည်းလမ်း ၃ ခုနဲ့ တိုင်းပြည်အာဏာကို ရေရှည်ချုပ်ကိုင်သွားဖို့ ပြင်ဆင်လာတာ တွေ့ရတယ်။ ဒါကလည်း ပြီးခဲ့တဲ့ ၁၀ နှစ်ကာလ စမ်းသပ်ခဲ့တဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်းက အာဏာလက်လွှတ်ဆုံးရှုံးခဲ့ရမှုတွေကနေ သင်ခန်းစာယူပြီး ပြင်ဆင်ထားတာ ဖြစ်တယ်။ 

ပထမသင်ခန်းစာက ပါတီမှတ်ပုံတင်ဥပဒေကို ပြင်ဆင်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပါတီမှတ်ပုံပြန်တင်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့် ပေးလိုက်မိလို့ နောက်ဆုံး အာဏာလက်လွှတ်ခဲ့ရတဲ့ သင်ခန်းစာပဲ။ ဒီသင်ခန်းစာက စစ်ဗိုလ်ချုပ်ကြီးတွေအတွက် အလွန်ခါးသီးတဲ့ အတွေ့အကြုံ အိပ်မက်ဆိုးကြီး ဖြစ်ခဲ့တယ်။ သူတို့အတွက် ဘယ်လိုမှ မေ့ပျောက်နိုင်မှာမဟုတ်တဲ့ အမှားသင်ခန်းစာကြီးပဲ။

ဒုတိယသင်ခန်းစာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားလိုက်ရင် အာဏာကို ရေရှည်ချုပ်ကိုင်ဖို့ လုံလောက်ပြီလို့ စစ်ဗိုလ်ချုပ်ကြီးတွေ ထင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ မတွက်ခဲ့တဲ့ မဲများသူ အကုန်နိုင် (FPTP) ရွေးကောက်ပွဲစနစ်ကြောင့် အာဏာလက်လွှတ်ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် အခု ရွေးကောက်ပွဲစနစ်ကို PR စနစ်ပြောင်းဖို့ ဆုံးဖြတ်တာပဲ။ PR စနစ်မှာ ပါတီငယ်တွေကိုလည်း သူတို့ရတဲ့ မဲအရေအတွက်က လွှတ်တော်နေရာ တစ်နေရာအတွက် သတ်မှတ်ထားတဲ့ မဲအရေအတွက်ထက် ကျော်လွန်ရင် နေရာတစ်နေရာ ရမှာဖြစ်လို့ ပါတီငယ်တွေကို နေရာပေးပြီး အာဏာပေးစရာမလိုတဲ့ ချွေးသိပ်နိုင်တဲ့စနစ်၊ ပြီးတော့ လွှတ်တော်ထဲ နေရာနည်းနည်းစီနဲ့ ဒေသန္တရပါတီငယ်တွေ အများကြီးကြားထဲမှာ ကြံ့ခိုင်ရေးက ပါတီကြီးအဖြစ် လွှမ်းမိုးထားဖို့ ပိုမိုလွယ်ကူစေသလို စစ်တပ်ရဲ့ ၂၅ ရာခိုင်နှုန်းက အဲဒီအခါ ပိုပြီးဩဇာကြီးလာလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ဥပဒေတစ်ခု ပြုဖို့အတွက် ကြံ့ခိုင်ရေးက ၅၁ ရာခိုင်နှုန်းမရှိဘူးဆိုရင် စစ်တပ်ရဲ့ ၂၅ ရာခိုင်နှုန်းကို အားထားရမှာမို့လို့ ၂၅ ရာခိုင်နှုန်းက ဥပဒေပြုရေးကိုပါ ထိန်းချုပ်လာနိုင်မယ့် အနေအထားဖြစ်လာမယ်။ ဒါဆိုရင် ပြီးခဲ့တဲ့ လွှတ်တော်နှစ်ရပ် သက်တမ်းအတွင်း လွှတ်တော်အတွင်း ထိုင်လိုက်ထလိုက် လုပ်တာကလွဲရင် ဘာမှမလုပ်တတ်တဲ့ တစ်မတ်သားတွေလို့ လှောင်ပြောင်ခံခဲ့ရလို့ နာကြည်းနေတဲ့ စစ်တပ်က ဒီတစ်ကြိမ်မှာ ဥပဒေပြုရေးအာဏာက သူတို့ထိန်းချုပ်မှုအောက်မှာ သေချာရှိစေဖို့ လုပ်မှာ သေချာပါတယ်။

ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၆ မတ် ၃၀က ပြုလုပ်သည့် သမ္မတရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားအပြီး နိုင်ငံတော်အတိုင်ပင်ခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင်ကို ယှဉ်တွဲတွေ့ရစဉ်။ ဓာတ်ပုံ- AFP via Getty Images

တတိယသင်ခန်းစာက ဖွဲ့စည်းပုံ (အခြေခံဥပဒေ) ကို ပြင်ဆင်ရမယ်ဆိုတဲ့ အချက်ကို ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း စစ်တပ်က တွေ့ခဲ့တယ်။ ဒါပေမဲ့ စစ်တပ်ပြင်ဆင်မယ့် ဖွဲ့စည်းပုံဟာ သူတို့ရဲ့ နေပြည်တော်အာဏာကို ချုပ်ကိုင်မှု ပိုမိုကောင်းမွန်ဖို့နဲ့ တိုင်းရင်းသားတွေကို အာဏာတစ်စိတ်တစ်ပိုင်းပေးပြီး နှစ်သိမ့်ဖို့ စဉ်းစားလာတဲ့အချက်ပါပဲ။ ဥပမာ NLD အစိုးရသက်တမ်းကာလအတွင်း ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ခန့်အပ်ရေးကို မင်းအောင်လှိုင်နဲ့ စစ်တပ်ဘက်က NLD နဲ့ တိုင်းရင်းသားပါတီတွေအကြား သွေးကွဲဖို့ ထိုးနှက်ခဲ့တယ်။ အဲဒီထိုးနှက်ချက် အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့တာ အမှန်ပဲ။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာပေါ့။ အဲဒီအချက်အပြင် လတ်တလော တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ မင်းအောင်လှိုင်ပေးထားတဲ့ ကတိတွေကို ရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် လွှတ်တော်ကနေ စပြီးလုပ်လာနိုင်တယ်။ ဒီနေရာမှာ တိုင်းရင်းသားပြည်နယ်တွေက အာဏာနဲ့ ဗဟိုအစိုးရအာဏာကို ခွဲထုတ်ပြီး ကန့်သတ်မှုတွေ လုပ်လာနိုင်ပါတယ်။ 

ဥပမာ မင်းအောင်လှိုင်က အစည်းအဝေးတစ်ခုမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အကြား ဥပဒေပြုအာဏာကို ခွဲထုတ်ဖို့ ပြောလာတာ ရှိတယ်။ ဒါက နောက်ထပ်လှည့်ကွက်တစ်ခုဖြစ်လာနိုင်ပြီး၊ အခုအချိန်မှာ မှန်းဆရခက်တဲ့ ဝှက်ဖဲတစ်ချပ်ဖြစ်နေတယ်။ ပါတီထောင် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်မှ လွှတ်တော်လုပ်ထုံးလုပ်နည်းတွေကို ထပ်ပြီး ပြင်ဆင်ကန့်သတ်ချက်တွေ လုပ်လိုက်ရင် အဲဒီအချိန်လည်းကျရော လွှတ်တော်နေရာသာ ရတယ်၊ ဘာအာဏာမှမရှိပါလားဆိုတာ တိုင်းရင်းသားတွေ သိလာရလိမ့်မယ်။ နောက်ဆုံးပြောချင်တာက စစ်ခေါင်းဆောင်အဆက်ဆက် မပြောင်းမလဲရှိနေတဲ့ စိတ်ဓာတ်ပဲ။ အဲဒါက ဘာလဲဆိုတော့ လက်ထဲ အာဏာကို တစ်နည်းနည်းနဲ့ ထိန်းချုပ်ထားရေးဆိုတာပါပဲ။ ၂၀၁၅ ခုနှစ်မှာ NLD ကြောင့် အာဏာလက်လွှတ်လိုက်ရတာနဲ့ ၂၀၂၁ မှာ အကြောင်းရှာပြီး အာဏာပြန်သိမ်းခဲ့တာ အဲဒီစိတ်ဓာတ်ပါပဲ။ ဘယ်လိုတရားနည်းလမ်းကျပါစေ စစ်ဗိုလ်ချုပ်တွေဟာ အာဏာကိုတော့ မပေးနိုင်ဘူးဆိုတဲ့ လူစားမျိုးတွေဆိုတာ သဘောပေါက်သင့်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button