မေးမြန်းခန်း

“အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု မရှိစေရ”- ဦးထွန်းမြင့်/ NLD

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထပ်မံအနိုင်ရသည့် ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ရန် ရက်ပိုင်းအလိုတွင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲမည်ဟု ဆိုလာသည်။

NLD ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံထားရသည့် နိုင်ငံ့ခေါင်းဆောင်များကို ထောင်ဒဏ်လျှော့ပေးပြီး နိုင်ငံရေးအပေးအယူလုပ်လာနိုင်သည်ဟု သုံးသပ်မှုများ ပေါ်ထွက်နေ သည်။

ထိုအခြေအနေတွင် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့် မည်သည့်ပါတီနှင့်မဆို လက်တွဲလုပ်ဆောင်သွားမည်ဟု NLD ဗဟိုအလုပ်ကော်မတီ အဖွဲ့ဝင်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အတွင်းရေးမှူး အဖွဲ့ဝင် ဦးထွန်းမြင့်က ဆိုလိုက်သည်။

ယနေ့ မြန်မာပြည်သူလူထု၏ စိတ်ပိုင်းဖြတ်မှုမှာ အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ပါဝင်ပတ်သက်မှု မရှိစေရေးသာ ဖြစ်သည်၊ ပါတီမူဝါဒများကို​ ကျောခိုင်းပြီး စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ပါတီသစ္စာဖောက်များ သူ့စရိတ်နှင့်သူ သွားလိမ့်မည်ဆိုသည့်သဘော သူက ဆက်ပြောသည်။

ဦးထွန်းမြင့်နှင့် ဆက်သွယ်မေးမြန်းထားသည်များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး။     ။ အာဏာသိမ်း စစ်တပ်က နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးနေတာ တွေ့ရတယ်။ ဒါဟာ နိုင်ငံရေးအခြေအနေ တိုးတက်လာတာလို့ ယူဆနိုင်ပါသလား။

ဖြေ။      ။ စစ်တပ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတိုင်း လုပ်ရိုးလုပ်စဉ်လုပ်နေတဲ့ ခေါက်ရိုးကျိုးနေတဲ့ အလုပ်တစ်ခုကိုပဲ သူအမြဲလုပ်တတ်တဲ့ အဖြစ်ပဲရှိပါတယ်ဗျ။ နိုင်ငံတကာနဲ့ ကုလသမဂ္ဂက ဖိအားပေးလာပြီဆိုရင် ဟန်ပြပေါ့ဗျာ။ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို လွှတ်ပေးပြီးမှ နိုင်ငံတကာ Pressure (ဖိအား) တွေ လျော့နည်းသွားအောင် ကုလသမဂ္ဂရဲ့ တောင်းဆိုချက်တွေအတိုင်း လိုက်လျောပြီးတော့ ဆောင်ရွက်နေသယောင်ပေါ့။ လုပ်လေ့လုပ်ထရှိပါတယ်။ သူတို့က ဒါပဲ လုပ်တတ်တယ်ဗျ။

ရှင်းရှင်းပြောရမယ်ဆိုရင်။ သူတို့ရဲ့ လုပ်ပုံလုပ်နည်းက ခေါက်ရိုးကျိုးနေတဲ့ လုပ်ပုံလုပ်နည်းပဲ လုပ်နေတာဖြစ်ပါတယ်။ စောစောက ပြောသလိုပေါ့။ သူတို့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပခါနီးပြီဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လွှတ်ပေးမယ်။ တစ်ဖက်မှာလည်း အပြစ်မရှိတဲ့ ပြည်သူလူထုတွေကို ဖမ်းဆီးချုပ်နှောင် မတရားသတ်ဖြတ်နေတာတွေလည်း အများကြီးရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ဆီမှာ လူ့အခွင့်အရေးမှတ်တမ်းတွေလည်း စုဆောင်းရရှိထားပြီးဖြစ်ပါတယ်။ စစ်တပ်က အရင်လုပ်နေကြ ပုံစံခွက်အဟောင်းကြီးအတိုင်းပဲ သွားနေတာဖြစ်တယ်။

….နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ အကျယ်ချုပ်ပြန်ထားတဲ့ ပုံစံမျိုးတွေနဲ့ လိုက်လျောနေသယောင်နဲ့ ပုံစံခွက်အဟောင်းကြီးအတိုင်းပဲ ဆောင်ရွက်လေ့၊ ဆောင်ရွက်ထ ရှိနေတယ်ဆိုတာ နိုင်ငံတကာက ခေါင်းဆောင်တွေရော ပြည်တွင်းမှာရှိနေတဲ့ ပြည်သူတွေရော အားလုံးက သိရှိထားပြီးသားဖြစ်ပါတယ်။

နေပြည်တော်သို့ ဩဂုတ်လအတွင်းတွင် ရောက်ရှိလာပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံနေသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ။ (ဓာတ်ပုံ – EPA)

မေး။    ။ စစ်တပ်က ကျင်းပမဲ့ ရွေးကောက်ပွဲအပေါ် ပါတီရဲ့ သဘောထားကို သိပါရစေ။ 

ဖြေ။   ။ အဓိကကတော့ အကြမ်းဖက်အာဏာလုစစ်ကောင်စီက နိုင်ငံတကာအသိအမှတ်ပြုမှု၊ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှု ရရှိဖို့အတွက်ပေါ့၊ တရားမဝင်ပေါ့ဗျာ၊ ကျွန်တော်တို့က ရွေးကောက်ပွဲလို့တောင် မသုံးချင်ပါဘူး၊ သူ့မှာ လုပ်ပိုင်ခွင့်မရှိတဲ့ အတုအယောင် တရားမဝင်ရွေးကောက်ပွဲကို လုပ်ကြံဖန်တီးပြီးတော့ ဆောင်ရွက်ဖို့အတွက် ကြိုးပမ်းနေတယ်ဆိုတာ ပြည်သူတွေရော နိုင်ငံတကာကရော သိရှိပြီး ဖြစ်ပါတယ်။ 

ခုနေအခါမှာတော့ အတုအယောင်ရွေးကောက်ပွဲအတွက်ကို Data (အချက်အလက်) တွေပေါ့။ လိုက်ကောက်နေတယ်။ တော်လှန်ရေးအင်အားစုတွေကိုလည်း ရှာဖွေဖမ်းဆီးဖို့အတွက် Data တွေ ကောက်ပြီး လုပ်နေတဲ့ အခြေအနေတစ်ခုလည်းဖြစ်သလို နောက်တစ်ခုကလည်း အတုအယောင်ရွေးကောက်ပွဲအတွက် Data တွေကို လိုက်လံကောက်နေတယ်ဆိုတဲ့ အခြေအနေတစ်ခုကိုလည်း ဖန်တီးနေတာဖြစ်ပါတယ်။ 

….စစ်ကောင်စီ မင်းအောင်လှိုင်အနေနဲ့ ဘယ်လိုပဲ လူရာဝင်ဖို့ ကြိုစားနေပါစေ နိုင်ငံတကာနဲ့ ပြည်သူတွေက လုံးဝလက်မခံဘူးဆိုတာ မြင်သာပါတယ်။ နိုင်ငံတစ်ဝန်းမှာ တည်ငြိမ်မှုမရှိဘဲနဲ့ အဓမ္မဇွတ်အတင်း အတုအယောင်ရွေးကောက်ပွဲကျင်းပနေခြင်းက ကျွန်တော်တို့ ပြည်သူပြည်သားတွေကို ဒုက္ခပိုရောက်အောင်လုပ်နေတဲ့ လုပ်ဆောင်ချက်ပဲ။ 

မေး။   ။  ၁၉၉၀ နဲ့ ၂၀၁၀ ကာလတွေမှာ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး NLD ထဲမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ဖူးတယ်။ ၂၀၂၃ ရွေးကောက်ပွဲမှာရော ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာနိုင်သလား။

ဖြေ။    ။ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာက အဆင့်အတန်းအမျိုးမျိုး၊ ပါတီဝင်အမျိုးမျိုးရှိကြပါတယ်။ ၂၀၁၀ တုန်းကလည်း ဒီလိုပဲ (လက်ရှိ စစ်ကောင်စီအဖွဲ့ဝင်) ဦးသိန်းညွန့်တို့၊ ဦးခင်မောင်ဆွေတို့ ခွဲထွက်သွားခဲ့တယ်။ ပါတီရဲ့   ခမောက်သင်္ကေတကို လုယူသွားခဲ့တယ်။ ပါတီရဲ့ မူဝါဒတွေကို ကျောခိုင်းပြီး စစ်အာဏာရှင်တွေရဲ့ အလိုကျ ပါတီပေါ် သစ္စာဖောက်ပြီးတော့ သွားတဲ့ လမ်းကြောင်းကတော့ ရှေ့မှာလည်း နမူနာတွေရှိခဲ့ပြီးပြီဖြစ်ပါတယ်။

အခုလည်း ကျွန်တော်တို့ ပါတီအတွင်းထဲမှာ အသံသဲ့သဲ့တော့ ကြားပါတယ်။ တချို့သော ပုဂ္ဂိုလ်တွေက စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဖြတ်သန်းချင်နေကြတယ်ဆိုတာ ကျွန်တော်တို့ ကြားသိပါတယ်။ ဟိုးတုန်းကလည်း ညောင်နှစ်ပင်ညီလာခံကို ပါတီက မတက်ဖို့ ဆုံးဖြတ်ပေမဲ့လို့ အတင်းတက်ရောက်သွားခဲ့ G7 အုပ်စု (ပါတီဆုံးဖြတ်ချက်ကို ဆန့်ကျင်ကာ ဗိုလ်ချုပ်ကြီးများ စီစဉ်သည့် အမျိုးသားညီလာခံကို ဆက်လက်တက်ရောက်သည့် အမတ် ၇ ဦးအဖွဲ့)။ အခုအချိန်မှာ နိုင်ငံရေးအရ အဲဒီပုဂ္ဂိုလ်တွေ ဘာဖြစ်နေပြီလဲ။

ထိုနည်းတူပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီက ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်တယ်။ ပါတီရဲ့ မူဝါဒတွေကို သစ္စာဖောက်ဖျက်ပြီးတော့ သွားတဲ့သူတွေ အခုအခြေအနေမှာ ဘာဖြစ်နေပြီလဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က မပူပါဘူး။ စစ်ကောင်စီလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒတွေကို ကျောခိုင်းသစ္စာဖောက်ပြီးတော့ သွားမယ့်သူတွေကလည်း အရင်လူတွေရဲ့ သွားရာလမ်းကြောင်းအတိုင်းပဲ သွားရမှာပဲဖြစ်ပါတယ်။

မေး။     ။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းထားတာမျိုး လုပ်လာရင် လူထုရဲ့ လက်နက်ကိုင်တော်လှန်ရေးကို သက်ရောက်မှု ရှိလာနိုင်သလား။

ဖြေ။     ။ စစ်ကောင်စီကတော့ လူထုခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပေးဆွဲထားပြီးတော့ သူဖြစ်ချင်တဲ့ အလုပ်တစ်ခုကို အပေးအယူတစ်ခုအနေနဲ့ လုပ်ကောင်းလုပ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခု နွေဦးတော်လှန်ရေးမှာ ပြည်သူတွေရဲ့ စိတ်ပိုင်းဖြတ်မှုကတော့ အနာဂတ်မြန်မာနိုင်ငံတော်မှာ စစ်တပ်မပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုးပဲ သွားမယ်။ ပြည်သူလူထုကလည်း တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကလည်း စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်လို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ကောင်စီအနေနဲ့ ဘယ်လိုပဲ နိုင်ငံရေးအရ အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီးတော့ လူရာဝင်လိုမှုနဲ့ပဲ ဘယ်လိုအစားထိုးထိုး၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပေးဆွဲထားပြီးတော့ တကယ့် နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်ပေးဆွဲထားပြီးတော့ အပေးအယူလုပ်တဲ့ ပုံစံနဲ့ ဘယ်လိုပဲ လုပ်နေစေကာမူ ပြည်သူလူထုရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ တိုင်းရင်းသားတွေရဲ့ စိတ်ပိုင်းဖြတ်မှုက ကျွန်တော် ခုနက ပြောခဲ့သလိုပဲ အနာဂတ်နိုင်ငံရေးမှာ ဘယ်တော့မှ စစ်တပ်ပါဝင်ပတ်သက်မှု မရှိစေရဘူး။ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်မယ်ဆိုတာကိုတော့ ပိုင်းဖြတ်ထားပြီးတော့ လုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေက ဘယ်လိုနည်းနဲ့မှ အရှိန်အဟုန် ကျဆင်းသွားစရာ အကြောင်းမရှိပါဘူးလို့ မြင်ပါတယ်။

၂၀၂၀ အောက်တိုဘာ ၂၁ ရက်တွင် နေပြည်တော်၌ မဲဆွယ်လှည့်လည်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားပေးထောက်ခံသူများ။ (ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/Myanmar Now)

မေး။     ။ NLD က လူထုရဲ့ စိတ်ပိုင်းဖြတ်မှုအတိုင်း တစ်သားတည်း လိုက်ပါနိုင်ပါသလား။

ဖြေ။     ။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒမှာလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရမယ်။ ဘယ်သောအခါမှ စစ်အာဏာရှင်စနစ်မပေါ်ပေါက်ရေးတို့က ကျွန်တော်တို့ ပါတီရဲ့ ၁၉၈၈ ခုနှစ်ကတည်းက ပေါ်ပေါက်လာကတည်းကိုက မူဝါဒအဖြစ် ချမှတ်ပြီးသားလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ခေါင်းဆောင်တွေ မရှိခင်ကလည်း ဒီမူဝါဒနဲ့ အညီပဲ မမှိတ်မသုန်လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးကတော့ ပါတီအနေနဲ့ ပါတီရဲ့ မူဝါဒတွေ၊  ယခင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ မူဝါဒလမ်းစဉ်အတိုင်းပဲ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ဘာမှ လုပ်ဆောင်ခြင်း မရှိပါဘူး။

အဓိကကတော့ ကျွန်တော်တို့ ပါတီအနေနဲ့ ကိုင်ဆွဲထားရတဲ့ အခုအခြေအနေအရပေါ့၊ တော်လှန်ရေးကာလမှာ အသွင်ကူးပြောင်းရေးကာလတစ်ခုမှာတော့ ပြည်သူက ပေးလိုက်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ကိုင်စွဲပြီးတော့ ရပ်တည်နေရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့အတူ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဆိုတဲ့ CRPH ကလည်း ပေါ်ပေါက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က များမကြာမီမှာ တွေ့ရှိရတော့မဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ပဉ္ဇမအကြိမ်အစည်းအဝေးကလည်း ခေါ်ယူတော့မယ်ဆိုတာလည်း သိရှိရပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ ပြောမယ်ဆိုရင် ၂၀၂၃ မှာ စစ်ကောင်စီက လုပ်မဲ့ ရွေးကောက်ပွဲကို လုံးဝ သဘောမတူတဲ့၊ ဆန့်ကျင်မဲ့ မည်သည့်ပါတီနဲ့မဆို လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်။ တတ်နိုင်ရင် တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီးတော့လည်း Joint Statement တွေ (ပူးတွဲကြေညာချက်တွေ) ထုတ်သွားဖို့ အစီအစဉ်ရှိတယ်လို့လည်း ပြောချင်ပါတယ်။ 

မေး။     ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်းရင်းသားမိတ်ဖက်ပါတီတွေနဲ့ ဒီချုပ်နဲ့ ကြားမှာရော ဆွေးနွေးနေကြပြီလား။ 

ဖြေ။     ။ ၂၀၂၃ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ စက်တင်ဘာလ ၂၇ ရက်နေ့မှာကတည်းက ကျွန်တော်တို့ပါတီရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားပြီးဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပေါ့၊ ပြည်သူလူထုက တကယ့်ကို သူတို့ရဲ့ အသဲကြားက မဲတစ်ပြားကို ကိုဗစ်ရောဂါကြီးနဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အချိန်မှာတောင်မှ လွတ်လပ်ပြီးတော့ တရားမျှတဲ့ရွေးကောက်ပွဲရလဒ်ဆိုတာ ရှိပြီးသားလို့ ကျွန်တော်ပြောချင်ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးကရော ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကရော အသိအမှတ်ပြု လက်ခံပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည်သာလျှင် တရားဝင်မှု တည်ရှိနေတာ ဖြစ်တယ်။ တကယ့်ကို လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်မယ့် ရွေးကောက်ပွဲ မကျင်းပမီအထိ ပြည်သူက ပေးအပ်လိုက်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ပေါ့၊ people’s mandate ပေါ့ဗျာ၊ ဒါကတော့ တည်ရှိနေမှာပဲ လို့ ကျန်တော်ပြောချင်ပါတယ်။

မေး။     ။ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေအသစ်ပြဋ္ဌာန်းပြီး ပါတီရပ်တည်မှုကို ထိခိုက်လာမှာကိုရော စိုးရိမ်ပါသလား။ 

ဖြေ။     ။  ပါတီဆိုတာက ပြည်သူရဲ့ ထောက်ခံမှုနဲ့ ရပ်တည်နေတာဖြစ်တယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူကို မျက်နှာမူပြီးတော့ ၁၉၈၈ ခုနှစ်ကနေပြီးတော့ အခုတိုင် လုပ်ဆောင်နေတာဖြစ်တယ်။ ပြည်သူနဲ့ တစ်သားတည်း ရပ်တည်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘယ်စစ်အာဏာရှင်အဆက်ဆက်ကပဲ ဖြိုဖျက်ချင်၊ ဖြိုဖျက်ချင်၊ ဖြိုဖျက်ခဲ့၊ ဖြိုဖျက်ခဲ့ ဘယ်တော့မှ ကျွန်တော်တို့ ပျက်သွားမှာ မဟုတ်ဘူး။ ပြည်သူထောက်ခံနေသရွေ့ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တည်ရှိနေမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်ဗျ။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ နေပြည်တော်၌ ပြုလုပ်သည့် ပါတီတွေ့ဆုံပွဲတစ်ခုတွင် တွေ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ-ပေးပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button