သတင်း

သမ္မတ ဦးဝင်းမြင့် ထောင်ဝင်စာတွေ့ခွင့်ရ

အသက် ၇၀ ကျော်အရွယ် သမ္မတကို မိသားစုဝင်တစ်ဦးသာ တောင်ငူထောင်တွင် တွေ့ခွင့်ရခဲ့သည်။ ဇနီးသည် ဒေါ်ချိုချို သွားတွေ့ခဲ့ပြီး ဦးဝင်းမြင့် ကျန်းမာရေးကောင်းကြောင်း သိရသည်။

ပဲခူးတိုင်း၊ တောင်ငူထောင်တွင် ချုပ်နှောင်ခံထားရသည့် အသက် ၇၀ ကျော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အောက်တိုဘာလ နောက်ဆုံးရက်သတ္တပတ်အတွင်း ထောင်ဝင်စာတွေ့ခွင့်ပြုခဲ့ကြောင်း၊ ကျန်းမာရေးကောင်းမွန်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။

သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက နေပြည်တော်လျှို့ဝှက်နေရာ၌ ထားရှိရာမှ ဇန်နဝါရီ ၁၄ ရက်နေ့တွင် တောင်ငူထောင်သို့ ပို့လိုက်ပြီးနောက် ၁၀ လ ဝန်းကျင်ကြာချိန်မှ မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့်ရရှိခြင်းဖြစ်သည်။

“တစ်ယောက်ပဲ တွေ့ခွင့်ရမယ်ဆိုတော့ အန်တီ (သမ္မတ၏ ဇနီးဒေါ်ချိုချို) ပဲ သွားတွေ့တယ်။ ကျန်းမာရေး ကောင်းတယ်။ စကားတော့ လွတ်လွတ်လပ်လပ် ပြောခွင့်မရဘူး။ (စစ်ကောင်စီက) အနားမှာ စာအုပ်နဲ့ လိုက်မှတ်နေတယ်လို့ သိရတယ်” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

အသေးစိတ်အခြေအနေများကိုမူ ၎င်းက ထုတ်မပြောပေ။ ဦးဝင်းမြင့်နှင့် ထောင်ဝင်စာတွေ့ခွင့်ရရန် စစ်ကောင်စီ သတ်မှတ်ထားသည့် ထောက်ခံချက်အားလုံးကို ပေးခဲ့ရကြောင်း ထိုသတင်းရင်းမြစ်ထံမှ သိရသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးတွင် ကာလရှည်ပိတ်ပင်ထားသည့် ထောင်ဝင်စာ (ချုပ်နှောင်ခံထားရသူများနှင့် မိသားစုတွေ့ခွင့်) တွေ့ခွင့်ကို ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ အကန့်အသတ်များစွာဖြင့် ပြန်လည်ခွင့်ပြုထားခြင်းဖြစ်သည်။

NLD ဒုဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးဝင်းမြင့်ကို အာဏာသိမ်းသည့်နေ့တွင် ကျန်းမာရေးအကြောင်းပြကာ ရာထူးမှ နုတ်ထွက်ရန် စစ်တပ်က ဖိအားပေးခဲ့သည်။ ဦးဝင်းမြင့်က ငြင်းဆန်ပြီးနောက်တွင် ဖမ်းဆီးကာ ပုဒ်မ ၈ ခုဖြင့် စွပ်စွဲကာ ထောင် ၁၄ နှစ်ချထားသည်။ ထိုထဲမှ ထောင်ဒဏ်အချို့ကို စစ်ကောင်စီက ပြန်လျှော့ပေးထားသည်။

NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်များကိုမူ စစ်ကောင်စီက ထောင်ဝင်စာတွေ့ခွင့်မပြုသေးဟု စုံစမ်းသိရှိရသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button