အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် သားဖြစ်သူ တောင်းဆိုထား

စစ်ကောင်စီ၊ ဗြိတိသျှနိုင်ငံခြားရေးရုံး၊ နိုင်ငံတကာကြက်ခြနီအသင်းတို့ထံ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းက စာပေးပို့ အရေးဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် အသက် ၇၈ နှစ်အရွယ် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် တောင်းဆိုထားကြောင်း သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) Dannian Kim Arundel Aris က ပြောသည်။

ထောင် ၃၃ နှစ် ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ အမှု ၁၉ မှုအနက် နောက်ဆုံးလက်ကျန် ၅ မှုကို အမိန့်ချသည့် ၂၀၂၂ ဒီဇင်ဘာလကုန်ကတည်းက ရှေ့နေအဖွဲ့နှင့်ပင် တွေ့ဆုံခွင့် မရရှိပေ။

နေပြည်တော်အချုပ်ထောင်၌ အကျဉ်းချထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ထားသည်မှာ ၁၀ လကျော်ကြာ ရှိပြီဖြစ်သည်။

နေရာဒေသအနှံ့တွင် လက်နက်ကိုင်တိုက်ပွဲများ အရှိန်ကောင်းသည်ထက်ကောင်းလာကာ ဘက်ပေါင်းစုံမှ ဖိအားများရင်ဆိုင်နေရချိန် စစ်ကောင်စီက ၎င်းတို့ အလိုရှိသူ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားတချို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် လျှို့ဝှက်တွေ့ဆုံခွင့်ပြုကာ ဝါဒဖြန့်သတင်းမျိုးစုံ လွှင့်ထုတ်လွှင့်လျက်ရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်တွင် မထားတော့ဘဲ သီးသန့်နေရာတစ်ခုတွင် ချုပ်နှောင်ထားသည်၊ ကျန်းမာရေးချို့တဲ့နေသည် စသဖြင့် သတင်းမျိုးစုံ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

ထိုအခြေအနေတွင် နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးတွင် ကာလရှည်ပိတ်ပင်ထားသည့် ထောင်ဝင်စာ (ချုပ်နှောင်ခံထားရသူများနှင့် မိသားစုတွေ့ခွင့်) တွေ့ခွင့်ကို ပြီးခဲ့သည့် လကုန်ပိုင်းက စစ်ကောင်စီက အကန့်အသတ်များစွာဖြင့် ပြန်လည်ခွင့်ပြုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် ဗြိတိန်နိုင်ငံသားဖြစ်သူ သားငယ် ကိုထိန်လင်းက ယခုရက်ပိုင်းအတွင်း အရေးဆိုထားခြင်းဖြစ်သည်။

ယင်းနှင့် စပ်လျဉ်း၍ Myanmar Now ၏ မေးမြန်းမှုကို ယမန်နေ့ (နိုဝင်ဘာ ၁) တွင် ကိုထိန်လင်းက စာဖြင့် ပြန်လည်ဖြေကြားရာတွင် “မြန်မာသံရုံး (အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက်)၊ ယူကေ (ဗြိတိသျှ) နိုင်ငံခြားရေးရုံးနှင့် နိုင်ငံတကာ ကြက်ခြေနီအသင်းကို စာပို့ပြီး တွေ့ဆုံခွင့်ရနိုင်ဖို့အတွက် တောင်းဆိုထားတာ ရှိပါတယ်” ဟု ပါဝင်သည်။ အသေးစိတ်ကိုမူ မသိရပေ။ 

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူက တွေ့ခွင့်တောင်းလျှင် စဉ်းစားမည်ဟု အောက်တိုဘာလကုန်တွင် VOA သတင်းဌာနကို ပြောထားသည်။ သို့သော် ယမန်နေ့အထိ စစ်ကောင်စီထံမှ မည်သည့်အကြောင်းပြန်ကြားမှုမျှ ရောက်မလာသေးဟု ကိုထိန်လင်းက ပြောသည်။

“သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကျန်းမာရေးအခြေအနေနဲ့ ဘယ်နေရာမှာ ထားထားလဲဆိုတာ ကျွန်တော့်ကို အသိပေးတာမျိုးလည်း မရှိပါဘူး။ နောက်ပြီး သူမရဲ့ ဥပဒေအကြံပေး၊ ရှေ့နေတွေနဲ့ရော တခြားသူတွေနဲ့ပါ လုံးဝ တွေ့ဆုံခွင့် မပေးထားတဲ့အတွက် ကျွန်တော် သူ့ကျန်းမာရေးအခြေအနေ ကောင်းမွန်စွာ ရှိမရှိနဲ့ ဘယ်ကို ပို့ထားလဲဆိုတာ အတိအကျပြောလို့ မရဘူးဖြစ်နေပါတယ်”။

၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ထပ်မံအနိုင်ရပြီးနောက်တွင် စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို ပယ်ချ၍ အာဏာသိမ်းကာ NLD အစိုးရအဖွဲ့ဝင်များ၊ ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များ၊ ထောက်ခံသူများကို ဖမ်းဆီးလျက်ရှိနေသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် NLD ဦးဆောင်သော အရပ်သားအစိုးရအဖွဲ့အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး တာဝန်များ ထမ်းဆောင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button