သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကို ဖုံးကွယ်ခဲ့ကြောင်း ဒေါ်စန္ဒာမင်း ဝန်ခံ

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စစ်ကောင်စီ စီစဉ်မှုဖြင့် နေပြည်တော် အချုပ်ထောင်တွင် ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခဲ့သည်ကို တမင်ဖုံးကွယ်ခဲ့ကြောင်း ဒေါ်စန္ဒာမင်းက ဝန်ခံလိုက်သည်။

၂၀၂၂ နိုဝင်ဘာ ၂၃ ရက်က NLD ပါတီဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းနှင့် ဧရာဝတီတိုင်း NLD တာဝန်ရှိသူ ဦးတိုးလွင်တို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကာ ပါတီရုံးဖွင့်ခွင့်၊ ပါတီပြန်လည်မှတ်ပုံတင်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့် တောင်းဆိုသည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ခဲ့စဉ် ဒေါ်စန္ဒာမင်းက ငြင်းဆိုခဲ့သည်။

ဘီဘီစီမြန်မာပိုင်းက ယမန်နေ့ (ဧပြီ ၃) တွင် ထုတ်လွှင့်သည့် မေးမြန်းခန်းတစ်ခုတွင်မူ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမှန်တကယ် တွေ့ဆုံခဲ့ရသည်၊ ကျန်းကျန်းမာမာရှိနေသည်ဟု ဒေါ်စန္ဒာမင်းက ထုတ်ဖော်ပြောဆိုသည်။

“မတွေ့ခဲ့ဘူးလား။ ဟုတ်တယ်။ ကျွန်မတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ရတယ်။ ပြုံးပြုံးရွှင်ရွှင်ပဲ တွေ့ခဲ့ရပြီးတော့၊ အဆင်ပြေပြေ ချောချောမွေ့မွေ့ပဲ တွေ့ခဲ့ရတယ်”။

“(ဒေါ်အောင်ဆန်းစုကြည်က) ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဆက်ပြီး ဆောင်ရွက်နိုင်ကြပါစေလို့ ကျွန်မတို့ကို ဆုတွေပေးတဲ့ အခြေအနေပေါ့နော်။ အဲဒီတော့ ဒီလိုမျိုးအခြေအနေတွေမှာ တွေ့ခဲ့ရတာ သုံးယောက်တည်းပါ” ဟု ဒေါ်စန္ဒာမင်းက ဘီဘီစီ မြန်မာပိုင်းကို ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ဒေါ်အောင်ဆန်းစုကြည်ထံသို့ သူနှင့်အတူ သွားတွေ့သူများအနက် အခြားနှစ်ဦးမှာ မည်သူတို့ဖြစ်သည်ကိုမူ ဒေါ်စန္ဒာမင်းက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

“ဒေါ်အောင်ဆန်းစုကြည်က သေသေချာချာ မှာလိုက်ပါတယ်။ ဒီလိုမျိုးတွေ့ဆုံခြင်းကို ပြင်ပကို လုံးဝ သတင်းပြန်လည်မပေါက်ကြားပါစေနဲ့ ပြောကြားတာဖြစ်တဲ့အတွက် ကျွန်မတို့ အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်မှာလိုက်တဲ့အတိုင်း ကျွန်မတို့ လုံးဝမပြောခဲ့တာ ဖြစ်တယ်” ဟု ဒေါ်စန္ဒာမင်းက ဆက်ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြီးခဲ့သည့်နှစ်က တွေ့ဆုံမှုအတွင်း ပါတီမှတ်ပုံတင်ရန်၊ ရုံးဖွင့်ရန်၊ ရွေးကောက်ပွဲဝင်ရန် ကိစ္စများကို ပြောဆိုခဲ့ခြင်းမရှိဟု ၎င်းက ဆိုသည်။

“လက်ရှိပါတီအခြေအနေတွေ အန်တီမသိသေးတဲ့ အခြေအနေတွေအားလုံးကိုပဲ ပြောခဲ့တယ်။ သူက စိတ်ဝင်တစားပဲ နားထောင်တယ်။ ဒါပေမဲ့ ဘာကိုမှတော့ ကျွန်မတို့ကို ပြန်ပြီး မှတ်ချက်မပေးဘူး။ နိုင်ငံရေးစကားလုံးတွေလည်း ဘာမှမပြောပါဘူး”။

ထိုတွေ့ဆုံမှုအပြီး လေးလဝန်းကျင်အကြာ မတ် ၂၅ ရက်တွင် NLD ဗဟိုကော်မတီဝင်နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံတွေ့ခွင့်ရရန် စစ်ကောင်စီနှင့် ညှိနှိုင်း၍ သူကြိုးပမ်းပေးနိုင်ခဲ့သည်ဟုလည်း ဘီဘီစီမြန်မာပိုင်းနှင့် အထက်ပါ အင်တာဗျူးတွင် ဒေါ်စန္ဒာမင်းက ပြောဆိုသည်။

သို့သော် ဒုတိယအကြိမ်တွင် ဒေါ်အောင်ဆန်းစုကြည်က ထွက်မတွေ့ခဲ့၍ ပါတီမှတ်ပုံတင်ရန်ကိစ္စ ပြောခွင့်မသာခဲ့ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

“(ဒေါ်အောင်ဆန်းစုကြည်က) ထောင်မှူးကြီးကို ပြောလိုက်တယ်။ သူ့အနေနဲ့ မတွေ့တော့ပါဘူး။ မတွေ့ချင်ပါဘူး၊ မဟုတ်ဘူး။ မတွေ့တော့ပါဘူး ဆိုတဲ့ စကားလုံးကို ပြန်ပြောလိုက်တယ်။ သူတို့ကိုလည်း လက်ဖက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်ပါလို့ ရယ်ရယ်မောမောနဲ့ ပြန်ပြောလိုက်တယ်လို့ ကျွန်မတို့ကို ဧည့်တွေ့ခန်းမှာ စောင့်နေတဲ့ အချိန်မှာ ထောင်ပိုင်က လာပြီးတော့ ပြန်ပြောပါတယ်”

“ဒေါ်အောင်ဆန်းစုကြည်က မတွေ့တော့ပါဘူးဆိုတဲ့ စကားကြောင့် ကျွန်မတို့ တွေ့ခွင့်မရခဲ့ပါဘူး။ တွေ့ခွင့်မရတဲ့အတွက် အဖြေတစ်ခုလည်း မရခဲ့ဘူးပေါ့နော်” ဟု ဒေါ်စန္ဒာမင်းက ဆက်ပြောသည်။

ထို့ကြောင့် ပါတီမှတ်ပုံတင်နိုင်ခြင်းမရှိသဖြင့် မတ် ၂၈ ရက်တွင် စစ်ကောင်စီက NLD ကို ဖျက်သိမ်းသည့် စာရင်းထဲ ထည့်ခံလိုက်ရသည်ဟု ၎င်းက ဆက်ပြောသည်။

“အမှန်တကယ်ဆိုရင်တော့ ဥပဒေအရ ထောင်ကျထားတဲ့ ပါတီဝင်တွေကို ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ ပါတီထဲကနေ ထုတ်လို့ရပါတယ်။ သို့သော်လည်း ကျွန်မတို့က ဒါမျိုးလုပ်ဖို့အစီအစဉ် ကျွန်မတို့မှာ မရှိဘူး” ဟုလည်း ဒေါ်စန္ဒာမင်းက ဆိုထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူမဲပေးရွေးချယ်ထားသည့် NLD အစိုးရအဖွဲ့ခေါင်းဆောင်များလည်းဖြစ်၊ ပါတီဦးဆောင်သူများလည်းဖြစ်သည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ထိပ်သီးအားလုံးနီးပါးကို ဖမ်းဆီးကာ စစ်တပ်က အာဏာသိမ်းသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဒေါ်စန္ဒာမင်းကဲ့သို့ စစ်ကောင်စီရန်မှ လွတ်ကင်းနေသည့် NLD တာဝန်ရှိသူအချို့ရှိသလို၊ ဖမ်းဆီးခံရသူ၊ သေဆုံးသွားသူ၊ ရှာဖွေဖမ်းဆီးမှုမှ လွတ်မြောက်ကာ ပြည်ပနိုင်ငံများသို့ ရောက်နေသူများလည်း ရှိသည်။

ပြည်ပရောက်နေသူများထဲမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အချို့က ဗဟိုအလုပ်ကော်မတီ (CWC) ဖွဲ့ကာ NLD နှင့် သက်ဆိုင်သည့် ကြေညာချက်များ၊ ပါတီလုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲနေသည်။

တရားမဝင် အာဏာသိမ်းထားသည့် စစ်ကောင်စီ လေသံပစ်ထားသည့် ရွေးကောက်ပွဲကို အသိအမှတ်မပြု၊ စစ်ကောင်စီ ဥပဒေအောက်တွင် ပါတီမှတ်ပုံမတင်သည့် ပါတီများကို အသိအမှတ်ပြုလေးစားကြောင်း CWC က မတ် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မမျိုးစုံဖြင့် ထောင်နှစ် ၃၀ နီးပါး ချကာ နေပြည်တော်အချုပ်ထောင်သို့ ပို့ထားသည်။ နေပြည်တော်အချုပ်ထောင်အတွင်း နေရေး၊ စားရေး၊ ကျန်းမာရေး အခက်အခဲများစွာ ရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေရာတစ်ခုသို့ ရွှေ့လိုက်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။

“မနေ့က (ဧပြီ ၃) ထောင်ဝင်စာစ္စည်းသွားပို့တာ လက်ခံတယ်။ လူချင်းတော့ တွေ့ခွင့်မရခဲ့ဘူး။ ကျွန်တော်တို့လည်း နေရာပြောင်းတယ် သတင်းကြားတော့ မေးကြည့်တော့ ရဲတွေက ဘာမှ ပြန်မပြောကြဘူး။ ခု ပါတီဝင်တွေနဲ့ ၂၅ ရက်နေ့က တွေ့ခွင့်ရတယ်ဆိုတော့ နေပြည်တော်အချုပ်ထောင်မှာပဲ ရှိသေးတယ်လို့ သတ်မှတ်လို့ ရပါတယ်” ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“(၂၀၂၂ နှစ်ကုန်) အပြီးသတ်အမိန့်ချပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်သူမှ တွေ့ခွင့်မရတော့ဘူး။ စစ်ကောင်စီက ခွင့်ပြုပေးတဲ့သူအချို့ကလွဲရင်ပေါ့။ ထောင်ပြောင်းတယ်၊ ကျန်းမာရေး၊ ဘာတစ်ခုမှ သိခွင့်မရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပက်သက်ရင် ကောလာဟလသတင်းပဲ ကြားရတယ်” ဟု ၎င်းက ဆက်ပြောသည်။

အသက် ၅၅ နှစ်အရွယ် ဒေါ်စန္ဒာမင်းသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှတစ်ဆင့် နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဏာအမွေပေးခဲ့သည့် တပ်ချုပ်ဟောင်း ဦးသန်းရွှေလက်ထက်တွင် နိုင်ငံရေးအကျဉ်းသူ ဖြစ်ခဲ့ဖူးသည်။

ထောင်မှ ပြန်လွတ်လာပြီးနောက် ၂၀၁၂ ခုနှစ် NLD မှတစ်ဆင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရာတွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်။ NLD အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရသည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းလွှတ်တော် ဆိပ်ကြီးခနောင်တိုမြို့နယ်အမတ်ဖြစ်သည်။

NLD ထပ်မံ အနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမတ်အဖြစ် ထပ်ပြိုင်ရန် ဒေါ်စန္ဒာမင်းက ဆန္ဒရှိသော်လည်း ပါတီက ဝင်ပြိုင်ခွင့်မပြု၍ အဆိုပြုလွှာ ပြန်လည်ရုပ်သိမ်းခဲ့ရသည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဗိုလ်ကြီးကတော်ဖြစ်သည့် ဒေါ်စန္ဒာမင်းနှင့် စစ်ကောင်စီတို့အကြားတွင် NLD နှင့် ပတ်သက်၍ အထက်ပါအတိုင်း ဆက်သွယ်မှုအချို့ ရှိနေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button