သတင်း

ရန်ကုန် NLD ပါတီ ရုံးချုပ်အနီး စစ်တပ်အင်အားပြ

ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ရှေ့သို့ ယမန်နေ့ (မတ် ၂၉) ညပိုင်းက စစ်ကား ၁၀ စီးဝန်းကျင် ရောက်ရှိလာပြီး အင်အားပြ ခြိမ်းခြောက်ခဲ့သည်ဟု ဒေသခံများနှင့် ပါတီဝင်များက ပြောသည်။

“ရုံးချုပ်ရှေ့ကို စစ်ကားတွေက ၁၀ စင်း ဝန်းကျင်လောက်တော့ ရှိတယ်။ ၁၀ နာရီကျော်လောက်မှာ ရောက်လာတယ်၊ အင်အားပြတဲ့ သဘောနဲ့ပေါ့။ နောက်ပိုင်းကျတော့ ကျောက်ဆည်ဓမ္မာရုံလမ်းဘက်မှာ သွားပြီးတော့ ကားတွေ သွားထိုးထားတာတွေ့ရတယ်” ဟု တိမ်းရှောင်နေသည့် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းမြင့်က ဒေသခံများကို ကိုးကားပြီး ပြောသည်။

စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်က NLD အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး နောက်တစ်နေ့တွင် ပါတီရုံးချုပ်ရှိရာသို့ စစ်တပ်အင်အား အများအပြား ရောက်ရှိလာခြင်းဖြစ်သည်။

သို့သော် ပါတီရုံးချုပ်ကို ချိပ်ပိတ်ခြင်း၊ ဖျက်ဆီးခြင်းများ မရှိဘဲ ရုံးအနီးရှိ ကျောက်ဆည်ဓမ္မာရုံတွင် စခန်းချ ရပ်နားခဲ့သည်၊ ပါတီရုံးချုပ် အပေါ်ဆုံးထပ်တွင် လွှင့်ထူထားသည့် ပါတီအလံလည်း ပျောက်ဆုံးနေသည်ဟု ဦးထွန်းမြင့်က ဆိုသည်။

“လေတိုက်လို့လဲ ပြဲချင်ပြဲသွားနိုင်တယ်။ ရာသီဥတုဒဏ်ကြောင့်လဲ ဖြစ်နိုင်တယ်။ ရုံးသော့တွေ ဘာတွေ ဖြုတ်ပြီး ချိပ်ပိတ်သွားတာမျိုးတော့ မရှိသေးပါဘူး” ဟု ပြောသည်။ 

ပါတီပိုင်ပစ္စည်းသိမ်းယူပါက အကျိုးဆက်ကို အာဏာသိမ်းစစ်တပ်က တာဝန်ခံရမည်ဟုလည်း ပြောသည်။

စစ်တပ်က NLD ကို ဆက်လက် ပစ်မှတ်ထားနေချိန်တွင် ရန်ပြု၊ ဖမ်းဆီးခံရမည်ကို စိုးရိမ်ရသဖြင့် ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ ဘေးလွတ်ရာတွင် တိမ်းရှောင်နေကြရာ ဌာနချုပ်အပါအဝင် NLD ရုံးများ ပိတ်ထားရသည်။

၂၀၂၀ ရွေးကောက်ပွဲအပြီး ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်ရှေ့တွင် အောင်ပွဲခံနေသည့် ပါတီထောက်ခံသူများကို တွေ့ရစဉ် (ဓာတ်ပုံ − EPA)

စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်တွင် ဖျက်သိမ်းခံရသည့် ပါတီများမှာ အသစ်ပြဋ္ဌာန်းထားသော ပါတီမှတ်ပုံတင်ဥပဒေကို လိုက်နာခြင်းမရှိဟု ဖော်ပြထားသည်။

ဖျက်သိမ်းသည်ဟု ကြေညာခံရသည့် ပါတီများထဲမှ တချို့က အာဏာသိမ်းစစ်တပ်၏ နိုင်ငံရေးပါတီဥပဒေအသစ်ကို လိုက်နာရန်မလိုဟု တုံ့ပြန်ထားသည်။

ထိုဥပဒေအသစ်၏ ပုဒ်မ (၁၉) အရ ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီများသည် ပါတီပိုင်ပစ္စည်းများကို သတ်မှတ်ထားသည့် ဌာနအဖွဲ့အစည်းများတွင် အပ်နှံရမည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်၏ ထုတ်ပြန်ချက်များမှာ တရားဝင်မှု မရှိ၍ တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများကို ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့် မရှိကြောင်း NLD ပါတီက မတ် ၂၉ တွင် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီးနောက် အာဏာရပါတီဖြစ်သည့် NLD ကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်ဆေးမေးမြန်းသည့် စစ်ကြောရေးစခန်းများတွင် သေဆုံးရသူ အများအပြားရှိနေရာ ထိုအထဲတွင် NLD ပါတီဝင် ၂၆ ဦး ပါဝင်သည်ဟု ဆိုသည်။

အကြောင်းမဲ့ သတ်ဖြတ်ခံရသည့် ပါတီဝင် ၆၃ ဦးအထိ ရှိနေပြီ ဖြစ်ပြီး ပါတီဝင် ၁၂၃၅ အထိ ဖမ်းဆီးခံထားရသည်ဟု သိရသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများလည်း ချိပ်ပိတ် သိမ်းဆည်းခံထားရပြီး ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ် ရုံးများ အကြိမ်ပေါင်း ၁၂၀ ကျူးကျော် ဖျက်ဆီးခံခဲ့ရသည်ဟု မတ် ၂၉ NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

NLD ပါတီအပါအဝင် နိုင်ငံရေးပါတီများကို ဖျက်သိမ်းလိုက်ခြင်းမှာ မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာက ဝေဖန်ထားပြီး စစ်တပ်ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း လွတ်လပ်မျှတမည်မဟုတ်ကြောင်း ထောက်ပြပြောဆိုထားကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button